၃ ဖေဖော်ဝါရီ
ပါကစ္စတန်နိုင်ငံတွင် ယမန်နေ့က အာဖဂန်နစ္စတန် နယ်စပ်ဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ခုနစ်ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ဘာဂျားမျိုးနွယ်စုခရိုင်ရှိ တာဝန်ရှိသူများက ဆိုသည်။
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ဘက် ကူနာပြည်နယ် နယ်စပ်ဘာဂျားခရိုင်တွင် ထိုပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ဘာဂျားရဲတပ်ဖွဲ့ ၏ ဒုတိယကြီးကြပ်ရေးမှူး ဂူလ်ဇာခန် က သတင်းထောက်များကို အတည်ပြုပြောကြားခဲ့သည်။
အဆိုပါ လက်နက်ကြီးကျည်သည် ယင်းနယ်စပ်အနီးရှိ နေအိမ်တစ်လုံးကို ထိမှတ်ကာ ကလေး လေးဦး သေဆုံးသွားခဲ့သည်ဟု ခန်က ပြောကြားခဲ့သည်။
၎င်း လက်နက်ကြီးကျည်သည် ညနေ ၅ နာရီခန့်တွင် ပါကစ္စတန်နိုင်ငံဘက်သို့ ကျရောက်ခဲ့ကြောင်း ယင်းဒေသရှိ ရဲတပ်ဖွဲ့မှတာဝန်ရှိသူ တစ်ဦးက သတင်းထောက်များကို ပြောကြားခဲ့သည်။
ပါကစ္စတန် မျိုးနွယ်စုခရိုင် ခုနစ်ခုအနက် တစ်ခုဖြစ်သော ဘာဂျားခရိုင်သည် စစ်သွေးကြွများ၏ အမာခံနယ်မြေတစ်ခု ဖြစ်သည်။
အာဖဂန်နယ်မြေဘက်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်သည် ပါကစ္စတန်ဘက်သို့ နှစ်ကြိမ်ကျရောက်ခဲ့ပြီးနောက် ပါကစ္စတန်တို့က အာဖဂန်နစ္စတန်နိုင်ငံနှင့်နယ်နိမိတ် ထိစပ်နေသည့်မြို့များအနက် တစ်မြို့ဖြစ်သော တာခမ်မြို့ကို ဗုဒ္ဓဟူးနေ့က ယာယီပိတ်ထားခဲ့သည်။ ထိုပစ်ခတ်မှုတွင် ထိခိုက်သေဆုံးသူမရှိကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


