ပခုက္ကူ ဦးအုံးဖေစာပေဆုရ စာရေးဆရာကြီး သုံးဦး၏ ဝမ်းသာကြည်နူးမှု ပုံရိပ်များ

သစ္စာ

နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုနှင့်စာပေသည်ထိုနိုင်ငံ ဩဇာကြီးမားမှုကို ပြသလေ့ရှိသည်။ စာပေမြင့်လျှင် ယဉ်ကျေးမှုအဆင့်အတန်းလည်း မြင့်မားတတ်သောကြောင့် စာပေသည် နိုင်ငံတိုင်းအတွက် အလေးထားတန်ဖိုးထားသောကဏ္ဍတွင် ယနေ့တိုင် ရပ်တည်လျက်ရှိသည်။ စာပေမြင့်လျှင် လူမျိုးတင့်သည်ဟူသော စကားနှင့်အညီ နိုင်ငံတော်မှ စာပေတွင်ထူးချွန်သူများ၊ နိုင်ငံနှင့်လူမျိုးအတွက် အကျိုးရှိစေမည့် စာပေများကို ရေးသားသော စာရေးဆရာကြီးများကို နှစ်စဉ်ဆုများ ချီးမြှင့်လျက်ရှိသည့်နည်းတူ စာကြည့်တိုက်များကလည်း တိုင်းပြည်နှင့်လူမျိုးအတွက် အကျိုးပြုစေမည့် စာပေများကို ထိုက်တန်သည့်ဆုများဖြင့် ချီးမြှင့်လျက်ရှိရာ မကြာမီတွင် ပခုက္ကူဦးအုံးဖေစာပေဆုကို ချီးမြှင့်မည်ဖြစ်၍ ဆုရရှိသော စာရေးဆရာကြီး ၁၄ ဦးမှ ဆရာသုံးဦး၏ ရင်ဖွင့်စကား ပီတိသံတို့ကို ဤသို့ကြားသိခဲ့ရပါသည်။

ဒေါက်တာသန်းဦး

ဆရာသည် ယခုအခါ အသက် ၉၁ နှစ်ရှိပြီဖြစ်သည်။ အနှစ် ၆၀ ကျော်စာပေခရီးတွင်စုန်၊ ဆန် ခရီးနှင်ခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။ ၁၉၅၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှဘီအေ (အီးဒီ) ဘွဲ့ကို ဂုဏ်ထူးနှစ်ဘာသာဖြင့် ပထမရရှိ အောင်မြင်ခဲ့သူဖြစ်သည်။ ၁၉၆၀တွင် ဘီအီးဒီဘွဲ့ကို ပထမရရှိပြီး ရွှေတံဆိပ်ဆုရခဲ့၍ ၁၉၆၃ ခုနှစ်တွင် အမ်အီးဒီဘွဲ့ကို အမေရိကန်ပြည်ထောင်စု ဟာဝေယီ တက္ကသိုလ်မှ ဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သူဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့နှင့် ဟာဝေယီ တက္ကသိုလ်မှ ဂုဏ်ထူးဆောင်လူထုအကျိုးပြု စာပေပါရဂူဘွဲ့တို့ကို ရရှိခဲ့ပါသည်။ အခြေခံ ပညာဦးစီးဌာနတွင် ညွှန်ကြားရေးမှူးချုပ်အဖြစ် ၁၉၇၇ ခုနှစ်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၅ ခုနှစ်တွင် အငြိမ်းစားယူခဲ့သည်။

ဆရာသည် မြန်မာနိုင်ငံစာတတ်မြောက်ရေး ဗဟိုကော်မတီတွင် အတွင်းရေးမှူးအဖြစ် ၁၉၆၄ ခုနှစ်တွင် စတင်ထမ်းဆောင်ခဲ့ရာ ၁၉၇၁ ခုနှစ်တွင် စာတတ်မြောက်ရေး ကြိုးပမ်းဆောင်ရွက်မှုအတွက် ယူနက်စကို အဖွဲ့ချုပ်က ဂုဏ်ပြုချီးမြှင့်သော ယူနက်စကိုဆု (မိုဟာမက်ရီဇာဖာလာဗီ) ဆုကို ပြင်သစ်နိုင်ငံ ပါရီမြို့တွင် မြန်မာနိုင်ငံကိုယ်စား တက်ရောက်လက်ခံယူခဲ့သူဖြစ်သည်။ ၁၉၉၉ ခုနှစ်တွင် ဆရာသည် မြန်မာနိုင်ငံ ပညာရေးသမိုင်းစာအုပ်ဖြင့် အမျိုးသားစာပေဆုကို ရရှိခဲ့ပြီး ယခုအခါ ဆရာကြီးပခုက္ကူ ဦးအုံးဖေ၏ တစ်သက်တာစာပေဆုကို ရရှိခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံစာတတ်မြောက်ရေး အထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ၊ ပညာတန်ဆောင်အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေဆဲ ဖြစ်သည်။

ဆရာက “ ကျွန်တော်စာရေးတာ ၁၉၅၀ ခုနှစ်က စတင်ခဲ့တာပါ။ အခုဆိုရင် စာရေးသက် ၆၈ နှစ်ရှိပါပြီ။ ရန်ကုန်တက္ကသိုလ်ကို ၁၉၅၂ ခုနှစ်မှာ ရောက်တယ်။ အဲ့ဒီမတိုင်မီက ဗကသ ကျောင်းသား ခေါင်းဆောင်အနေနဲ့ လက်ဝဲစာတွေရေးတာပေါ့။ ၁၉၄၇ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်း ပြည်ကိုတရားလာဟောတော့ ကျွန်တော်တို့က စီစဉ်ပေးရတယ်။ လက်ဝဲစာတွေကို လူထုဂျာနယ်မှာ ရေးတယ်။ လူထုဦးလှ၊ ဒေါ်အမာတို့နဲ့ပေါ့။ လင်းယုန်ဂျာနယ်၊ ရန်ကျော်ဂျာနယ်မှာလည်းရေးတယ်။ ၁၉၅၂ ခုနှစ်နောက်ပိုင်းမှာ သွေးသောက်တို့၊ ပညာတံခွန်၊ ပညာတန်ဆောင်၊ ပညာလောကတို့မှာ အာရုံပိုပြီးရောက်သွားတယ်။ အခုချိန်ထိ ပညာရေးနဲ့ပတ်သက်ပြီး ရေးပါတယ်။ ကျွန်တော်ပညာအမွေ ပေးချင်ခဲ့တယ်။ ရန်ကုန်တက္ကသိုလ်မှာ ဂုဏ်ထူးတန်းနဲ့ မဟာတန်းကို အချိန်ပိုင်းပါမောက္ခအဖြစ်နဲ့ ကျွန်တော်စာသင်ကြားပေးနေတာ လေးနှစ်ကျော်ပါပြီ။ ပညာတန်ဆောင်မှာ ပထမဆုံးဥက္ကဋ္ဌက ဦးသန့်ပါ။ ၁၀ ဦးမြောက်ဥက္ကဋ္ဌအဖြစ် ကျွန်တော်က တာဝန်ယူဆောင်ရွက်နေပါတယ်။ မြန်မာနိုင်ငံရဲ့ ပညာရေးအကျိုးကို အခုထိသယ်ပိုးဆောင်ရွက်လျက်ပါ။ စာတတ်မြောက်ရေးအတွက် ၁၉၆၄ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်ထိ ဆောင်ရွက်ခဲ့တာဟာ ပြည်သူနှစ်သန်းကျော် စာတတ်မြောက်ခဲ့တယ်။ ၆၈ နှစ်ကြာ စာပေခရီးမှာ ပခုက္ကူဦးအုံးဖေ တစ်သက်တာစာပေဆုဆိုတာတော့ မှတ်တိုင်တစ်ခုစိုက်ထူနိုင်ခဲ့တယ်လို့ မြင်တယ်” ဟု ပြောကြားပါသည်။

ဆရာသည် ကျောင်းသားဘဝကပင် နိုင်ငံရေး၊ စီးပွားရေးဆောင်းပါးများ၊ ပညာရေးဆောင်းပါးများ ရေးသားခဲ့ပြီး ယနေ့ကာလအထိ ပညာတန်ဆောင်မဂ္ဂဇင်း၊ မြတ်ပညာမဂ္ဂဇင်းတို့တွင် ပညာရေးဆောင်းပါးများ၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ဆောင်းပါးများ၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်ဆောင်းပါးများ ရေးသားလျက်ရှိသည်။ စာပေရေးရာဆောင်ရွက်ချက်၊ မြန်မာနိုင်ငံစာတတ် မြောက်ရေးလှုပ်ရှားမှု၊ ပညာရေးဆိုင်ရာ စွမ်းဆောင်ချက်၊ လူမှုရေးအကျိုးပြုဆောင်ရွက်ချက်တို့ကြောင့် ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၈ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသော အထူးဘွဲ့နှင်း သဘင်အခမ်းအနားတွင် ဆရာကြီးအား ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ (Doctor of Letters-Honoris Causa)  ကို ရန်ကုန် တက္ကသိုလ်ပါမောက္ခချုပ်က ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံစာတတ်မြောက်ရေး လှုပ်ရှားမှုတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့မှုအပေါ် အမေရိကန်ပြည်ထောင်စု ဟာဝိုင်ယီ တက္ကသိုလ်က ၂၀၁၅ ခုနှစ် မေလ ၁၆ ရက်နေ့ တွင် (၁၀၄) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား၌ အမြင့်ဆုံး စာပေပါရဂူဘွဲ့ဖြစ်သော လူထုအကျိုးပြု ဂုဏ်ထူးဆောင်စာပေပါရဂူဘွဲ့ (Honorary Doctorate of Human Letters) ကိုလည်း ချီးမြှင့်ခြင်းခံရသောကြောင့် ဆရာကြီးဦးသန်းဦးသည် ပါရဂူဒေါက်တာဘွဲ့ နှစ်ထပ်ကွမ်းဟု ညွှန်းဆိုရမည်ဖြစ်သည်။

ဒေါက်တာဦးဖြေ (ဒေဝယက္ခ)

ပခုက္ကူဦးအုံးဖေစာပေတိုက်မှ စာအုပ်ဆုရရှိသူ ဒေါက်တာဦးဖြေ (ဒေဝယက္ခ) သည် သုတ၊ ရသစာပေများကို ဝိဿဇ္ဇက(ပဲခူး) ကလောင်ဖြင့် ရေးသားသူလည်းဖြစ်သည်။ ဒေါက်တာဦးဖြေသည် စာပေဗိမာန်စာမူဆုသုံးဆုနှင့် အမျိုးသားစာပေဆုရရှိခဲ့ပြီး လုံးချင်းစာအုပ် (၁၀) အုပ်ထုတ်ဝေခဲ့သည်။ ဆရာရေးသားခဲ့သမျှစာအုပ်များမှာ ဟင်းလေးအိုးကြီးသဖွယ် အနှစ်သာရများကိုစုစည်း၍ ကျမ်းစာအုပ်အဖြစ် အဘိဓမ္မာဒေသနာတော်လာ ဓာတ်ပညာအဖွင့်ကျမ်းကို ရေးသားခဲ့ရာ ပခုက္ကူစာပေတိုက်မှ စာအုပ်ဆုကို ဒေါက်တာ ဦးဖြေမှ ရရှိခဲ့ခြင်းဖြစ်သည်။ မြန်မာ့ဆေးပညာရပ်များနှင့်ပတ်သက်၍လည်း စာအုပ်၊ စာစောင်၊ စာတမ်းနှင့် ကျမ်းစာများကို ရေးသားပုံနှိပ် ထုတ်ဝေခဲ့သည်။ မြန်မာ့ဆေးပညာရပ်ကို ကမ္ဘာ့နိုင်ငံတို့က သိပ္ပံနည်းကျလက်ခံအသုံး ပြုလာလျက်ရှိရာ ယခုအခါတိုင်းရင်းဆေး ပညာသည် ရေမြင့်၍ ကြာတင်ခဲ့ပြီဖြစ်သည်။

“၂၀၁၇ ခုနှစ် စာကြည့်တိုက်စာအုပ်ဆုကို ရခဲ့တာပါ။ ဆရာကြီးရဲ့စာကြည့်တိုက်မှာ ဒီစာအုပ်ကို ရှိစေလိုတဲ့အတွက် ပို့ပေးတာပါ။ ဆုအဖြစ် ရွေးချယ်ပြီး ကြေညာပေးတယ်။ စာကြည့်တိုက်မှာ တည်တံ့ခိုင်မြဲပြီးတော့ ကျမ်းစာအုပ်အနေနဲ့ စာကြည့်တိုက်မှာရှိသင့်တဲ့ စာအုပ်တစ်အုပ်အဖြစ် ရည်ရွယ်ပြီး ရေးဖြစ်တာပါ။ မြန်မာ့တိုင်းရင်းဆေး ပညာရပ်အကြောင်းတွေပါ။ ဆုရရှိတဲ့အတွက် ဝမ်းသာကြည်နူးရပါတယ်။ နောက်ထပ်စာအုပ်တွေ ပေးပို့ဖို့လည်း ရည်ရွယ်ချက်ရှိပါတယ်။ စာမျက်နှာပေါင်း ၂၆၅ ရွက်၊ အခန်းပေါင်း ၁၁ ခန်းနဲ့ နောက်ဆက်တွဲအခန်းတွေလည်းပါတယ်။ ဆေးဖက်ဝင်အပင်တွေနဲ့ ကျောက်မျက်ရတနာကအစ ကုထုံးတွေရေးသားထားတာပါ။ ကျန်းမာရေးအတွက် တိုင်းရင်းဆေးကုထုံးတွေ ပါဝင်တဲ့စာအုပ်ပါ။”

ဆရာသည် စာပေဗိမာန်စာမူဆု သုံးဆုနှင့် အမျိုးသားစာပေဆုကိုလည်း ရရှိထားပြီး လုံးချင်းစာအုပ် ၁၀ အုပ် ထုတ်ဝေပြီးဖြစ်သည်။ ဆရာ၏ အဘိဓမ္မာဒေသနာတော်လာ ဓာတ်ပညာအဖွင့်ကျမ်းသည် မြန်မာ့တိုင်းရင်းဆေးပညာလောကအတွက် လိုအပ်နေသော ဆေးကျမ်းတစ်စောင်အဖြစ် ဂုဏ်ယူဝမ်းမြောက်ဖွယ် တွေ့မြင်ရမည်ဖြစ်သည်။

မြတ်ဝေတိုး(ပညာရေးတက္ကသိုလ်)

ဆရာမြတ်ဝေတိုးသည် ပညာရေးဝန်ထမ်း တစ်ဦးဖြစ်ပြီး စာပေများကို အစဉ်တစိုက်ရေးသားခဲ့၍ စာပေဆုပေါင်း ၂၂ ဆုရရှိထားသူဖြစ်သည်။ ၂၀ဝ၆ ခုနှစ်တွင် စာပေဗိမာန်စာမူဆုကို စတင်ရရှိခဲ့ပြီး ၂၀ဝ၈ ခုနှစ်တွင် လီဆူတိုင်းရင်းသားတို့၏ ဘဝဓလေ့စာအုပ်ဖြင့် အမျိုးသားစာပေဆုကို စတင်ရရှိခဲ့သည်။ စာပေဆုများ ၂၁ ဆုထိရရှိခဲ့ကာ ၂၀၁၇ ခုနှစ်မြတ်ဝေတိုး(ပညာရေးတက္ကသိုလ်)တွင်ရရှိခဲ့သော သုတေသနာစာပေဆုမှာလည်း ကယားပြည်နယ်သို့ အကြိမ်ကြိမ်သွားရောက်၍ ကယားတိုင်းရင်းသားတို့၏ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို သုတေသနပြုစုထားသော စာအုပ်တစ်အုပ်ဖြစ်သည်။ ကယားမျိုးနွယ်စု ကိုးမျိုးတွင် ကယားတိုင်းရင်းသားတို့အကြောင်းကို သုတေသနပြုစု၍ ရေးသားထားခြင်းဖြစ်ပြီး ကယားတိုင်းရင်းသားတို့၏ ရိုးရာ ယဉ်ကျေးမှုကို ကျမ်းတစ်စောင်သဖွယ် သုတေသနပြုစု ရေးသားခဲ့၍သုတေသနစာပေဆုကိုရရှိခဲ့ခြင်းဖြစ်သည်။

“ပခုက္ကူဦးအုံးဖေတည်ထောင်တဲ့ ပခုက္ကူ စာပေဆုကို ၂၀၁၇ ခုနှစ် သုတေသနစာပေဆုမှာ ကယားတို့၏ ဘဝဓလေ့ဆိုတဲ့စာအုပ်နဲ့ သုတေသနစာပေ ပထမဆုရရှိခဲ့တာပါ။ ကယားပြည်နယ်စာပေနှင့် ယဉ်ကျေးမှုဥက္ကဋ္ဌနဲ့ ကော်မတီလူကြီးများနဲ့တွေ့ဆုံပြီး ကယားတိုင်းရင်းသားတွေ့ရဲ့ ရိုးရာယဉ်ကျေးမှုဓလေ့ ထုံးတမ်းစဉ်လာတွေ၊ စိတ်ဝင်စားဖို့ကောင်းတဲ့ သူတို့ရဲ့ လူမှုဘဝအကြောင်းအရာတွေကို မှတ်တမ်းပြုစုပြီး ရေးခဲ့တယ်။ ကျွန်တော်ရေးသားတဲ့ စာအုပ်အတော်များများက တိုင်းရင်းသားအကြောင်း စာအုပ်တွေဖြစ်တဲ့အတွက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အဓိက ဦးတည်ပါတယ်။ မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်း သားမျိုးနွယ်စုဝင်တွေထဲမှာ မှတ်တမ်းအဖြစ် ကျန်ရှိစေလိုတဲ့ ရည်ရွယ်ချက်နဲ့ တိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှုတွေကို ကျွန်တော် ဖော်ထုတ်ရေးသားခဲ့တာဖြစ်ပါတယ်။ တိုင်းရင်းသား လူမျိုးတစ်ဦးနဲ့တစ်ဦး၊ ရိုးရာယဉ်ကျေးမှု ဓလေ့တွေကို အခြားသောတိုင်းရင်းသားများ သိရှိပြီး ပေါင်းသင်းဆက်ဆံမှု၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ တိုင်းရင်းသားသွေးစည်းရေး၊ ပြည်ထောင်စုစိတ်ဓာတ် ရင့်သန်ခိုင်မာရေးအတွက် များစွာအထောက်အကူပြုလိမ့်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။ ကျွန်တော့်ဝါသနာပါ၊ တန်ဖိုးထားတဲ့စာပေကို ဘဝ တစ်သက်တာ ရေးသားသွားမှာပါ။ စာပေနဲ့ နိုင်ငံတော်ကိုအကျိုးပြုဖို့ ရည်ရွယ်ပြီးရေးသားနေပါတယ်။ အခုလို ဆုရရှိတာ ဝမ်းသာပီတိလည်းဖြစ်ရပါတယ” ဟု ပြောကြားသည်။

ဆရာမြတ်ဝေတိုး(ပညာရေးတက္ကသိုလ်)သည် စာပေဆု ၂၂ ဆု ရရှိထားသူဖြစ်သည်။ ဆုရရှိထားသော စာပေများမှာ စာပေဗိမာန်စာမူဆုကိုးဆု၊ အမျိုးသားစာပေဆုနှစ်ဆု၊ ပညာတန်ဆောင် စာပေဆုသုံးဆု၊ တရုတ်မြန်မာချစ်ကြည်ရေးကဗျာဆု တစ်ဆု၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ဆု နှစ်ဆုနှင့် ယခုရရှိသောဆုနှင့် အခြားစာပေဆုလေးဆုတို့ဖြင့် စာပေဆု ၂၂ ဆုရရှိထားသူဖြစ်သည်။ ဆရာမြတ်ဝေတိုး(ပညာရေးတက္ကသိုလ်) သည် ပခုက္ကူဦးအုံးဖေတည်ထောင်သော  ပခုက္ကူဦးအုံးဖေ စာပေဆုဖြစ်သည့် သုတေသနစာပေ ပထမဆုကို ရရှိခြင်းဖြစ်ရာ ဆရာအပါအဝင် တစ်သက်တာ စာပေဆုအပါအဝင် စာရေးဆရာကြီး ၁၄ ဦးတို့ ဆုရရှိခဲ့ခြင်းဖြစ်သည်။ ကျမ်းစာပေတွင် ပထမဆု၊ ဝထ္ထုရှည်၊ ဝထ္ထုတိုနှင့် ကဗျာဆုများကိုလည်း ချီးမြှင့်ခြင်းဖြစ်ရာ ပခုက္ကူဦးအုံးဖေ တစ်သက်တာဆုကို အင်းစိန်မြို့နယ်တွင် နေထိုင်သော ဒေါက်တာ ဦးသန်းဦးက ရရှိခဲ့ခြင်းဖြစ်သည်။ မကြာမီအချိန်တွင် တိုင်းပြည်နှင့်လူမျိုးအတွက် စာပေဖြင့် အကျိုးပြုခဲ့ကြသည့် စာရေး ဆရာကြီး ၁၄ ဦးအား ဆရာကြီး ပခုက္ကူ ဦးအုံးဖေ၏ စာပေဆုဖြင့် ချီးမြှင့်တော့မည်ဖြစ်ပါကြောင်း။

ကြေးမုံ