ပခုက္ကူ အောက်တိုဘာ ၅
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့၌ သီတင်းကျွတ်မီးထွန်းပွဲတော် အထိမ်းအမှတ်အဖြစ် ကျင်းပသော ခြင်းအလှခတ်ပွဲတွင် မြန်မာ့ဂုဏ်ဆောင် ခြင်းလိပ်ပြာနန္ဒာဝင်း တစ်ပင်တိုင်ခြင်း အလှခတ်စွမ်းရည်ဖြင့် နှစ်ရက်တာ လာရောက်အလှပြ ဖျော်ဖြေခဲ့သည်။
မြန်မာ့ရိုးရာခြင်းခတ်အားကစားယဉ်ကျေးမှု တိမ်ကောပပျောက်မှုမရှိစေရေးနှင့် မျိုးဆက်သစ်လူငယ် များ လက်ဆင့်ကမ်းထိန်းသိမ်းနိုင်ကြစေရေး ရည်ရွယ်ပြီး ပခုက္ကူမြို့ ရှေးဟောင်းသမိုင်းဝင် သီဟိုဠ်ရှင် မြတ်စွာဘုရားကြီး၌ သီတင်းကျွတ် မီးထွန်းပွဲတော် အထိမ်းအမှတ်အဖြစ် ကျင်းပသည့် ခြင်းလုံးအလှခတ်ပွဲတွင် ခြင်းဝါသနာရှင် ပြည်သူများကို ခြင်းအလှခတ် စွမ်းရည်ဖြင့် ဖျော်ဖြေပေးရန် ခြင်းလိပ်ပြာနန္ဒာဝင်းကို ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း၊ ခြင်းအလှခတ်ပွဲတွင် ခြင်းမင်းသား၊ မင်းသမီးများ ဖြစ်ကြသည့် ရန်ကုန်တိုင်းဒေသကြီးမှ အောင်မင်းထွေး၊ မန္တလေးတိုင်းဒေသကြီးမှ မိုးထက်မြင့်၊ မျိုးဆက်သာနှင့် စိုးဝေနှင်း၊ မကွေးတိုင်းဒေသကြီးမှ ကိုရှိုင်း၊ တင်တင်လင်း၊ အောင်သူဘိုတို့ ပါဝင်သည့်အပြင် ပခုက္ကူမြို့နယ်မှ ခြောက်ဦးစီပါဝင်သည့် ခြင်းအလှခတ်အဖွဲ့ ၁၂ ဖွဲ့လည်း ပါဝင်ကြောင်း၊ ပွဲတော်ကို သီတင်းကျွတ်လဆန်း ၁၃ ရက်မှ ၁၄ ရက်အထိ နှစ်ရက်ကြာ ကျင်းပခြင်းဖြစ်ကြောင်း ပခုက္ကူမြို့ သီဟိုဠ်ရှင် မြတ်စွာဘုရားကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပက ဥက္ကဋ္ဌ ဦးလှဖုန်းထံမှ သိရသည်။
“သမီးအသက် ခြောက်နှစ်ကတည်းက ခြင်းခတ်ဝါသနာပါပြီး လေ့ကျင့်ခဲ့တာပါ၊ ဖေဖေခြင်းခတ်တဲ့နောက်ကို လိုက်သွားရင်း စိတ်ဝင်စားလာလို့ သင်ယူလေ့ကျင့်ခဲ့တာပါ။ လက်ရှိ သမီးအသက် ၁၂ နှစ်ရှိပါပြီ။ ဘုရားပွဲ၊ အလှူပွဲ၊ ကထိန်ပွဲနဲ့ အခြားပွဲတွေမှာ ခြင်းအလှခတ်ပါတယ်။ ခြင်းအလှခတ်က အရင်ဦးဆုံး ခြေဖျားတော့ပြီး သီချင်းလေးတွေနဲ့ကတယ်။ ကွင်းတွေ၊ အာဆီယံကွင်း၊ မီးကွင်းတွေနဲ့ အလှပြကစားတယ်။ ပါးစပ်ကိုက်ပြီး ဓားပြား၊ ဓားသွားတွေပေါ်တင်တယ်၊ ခုံပေါ်၊ ပုလင်းပေါ်တွေတက်ကစားတယ်။ ပုသိမ်ထီးတစ်ချောင်း၊ နှစ်ချောင်းတွေနဲ့ အလှပြခတ်တယ်။ နောက်ပိုင်း ပြိုင်ပွဲတွေမှာဝင်ပြိုင်ပြီး နိုင်ငံကျော်ခြင်းမင်းသမီးတစ်ယောက်ဖြစ်တဲ့အထိ ဆက်လက်ကြိုးစားသွားချင်ပါတယ်”ဟု မြန်မာ့ဂုဏ်ဆောင် ခြင်းလိပ်ပြာနန္ဒာဝင်းက ပြောသည်။
မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုခြင်းအလှခတ်ကစားနည်းသည် ကမ္ဘာက အားကျဂုဏ်ယူလောက်သည့် ကစားနည်းဖြစ်ပြီး ခြင်းလုံးတစ်လုံးကို လူ ၄၊ ၅၊ ၆ ဦးတို့က မြေပေါ်သို့မကျအောင် ဝိုင်းဖွဲ့ခတ်ကစားရသောကြောင့် အဖွဲ့တွင် ပါဝင်သူတစ်ဦးချင်း၏ စိတ်ကို ညီညွတ်စေသည့်အပြင် ကိုယ်လက်လှုပ်ရှားမှု ရိုးရာအားကစားတစ်ရပ်အဖြစ် ဘိုးဘေးဘီဘင်များ လက်ထက်မှစတင်ပြီး ယနေ့အထိ မြတ်နိုးခုံမင်စွာ ကစားလာခဲ့သော အားကစားနည်းဖြစ်ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)


