တီဟီရန် ၁၀ ဇန်နဝါရီ 

ခရီးသည် ၁၇၆ ဦး လိုက်ပါလာသည့် ယူကရိန်းလေယာဉ်ပျက်ကျမှု ဖြစ်ပွားကာ လိုက်ပါသူအားလုံး သေဆုံးခဲ့ရပြီး နောက်တွင် ပျက်ကျလေယာဉ်မှ ရရှိခဲ့သည့်ဘလက်ဘောက်စ်နှစ်လုံးကို စုံစမ်းစစ်ဆေးမှုအတွက် လွှဲပြောင်းပေးမည်မဟုတ်ကြောင်း အီရန်ပြည်တွင်း လေကြောင်းအာဏာပိုင်အဖွဲ့က ပြောကြားခဲ့သည်။

သို့ရာတွင် လေယာဉ်ပျက်ကျသည့်ကိစ္စအပေါ် စုံစမ်းစစ်ဆေးရာတွင် အီရန်က ယူကရိန်းနှင့်အတူ ပူးပေါင်းဆောင်ရွက်မည်ဟု ဆိုသည်။ ပျက်ကျလေယာဉ်၏ ဘလက်ဘောက်စ်မှ အသံဖမ်း ကိရိယာနှင့် အချက်အလက်မှတ်တမ်းတင်ကိရိယာ နှစ်ခုလုံးကို ရှာတွေ့ခဲ့ကြောင်း အီရန်နိုင်ငံပိုင်ရုပ်မြင်သံကြားက ဇန်နဝါရီ ၉ ရက်တွင် ဖော်ပြခဲ့သည်။

ယူကရိန်းနိုင်ငံ၏ ဘိုးရင်း ၇၃၇ ခရီးသည်တင်လေယာဉ်သည် ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းက အီရန်နိုင်ငံ တီဟီရန်အီမန်ခိုမီနီ နိုင်ငံတကာလေဆိပ်အနီးတွင် မတော်တဆပျက်ကျခဲ့ရာ ခရီးသည်များနှင့် လေယာဉ်အမှုထမ်းများအားလုံး သေဆုံးခဲ့သည်။ 

ရရှိထားသည့် ဘလက်ဘောက်စ်များကို အသေးစိတ် စုံစမ်းစစ်ဆေးမှုပြုလုပ်ရန်အတွက် အီရန်က မည်သည့်နိုင်ငံသို့ ပေးပို့မည်ဖြစ်ကြောင်းကို ရှင်းရှင်းလင်းလင်း မသိရှိရသေးကြောင်း အီရန်နိုင်ငံပိုင် မာ့သတင်းအေဂျင်စီက အီရန်လေကြောင်း အာဏာပိုင်အဖွဲ့ အကြီးအကဲ အလီအဘတ်ဇာဒက်၏ ပြောကြားချက်ကို ကိုးကားဖော်ပြခဲ့သည်။
လေယာဉ်ပျက်ကျမှုအတွင်း လေယာဉ်အမှုထမ်းများ၏ အမှားအယွင်းကြောင့်မဟုတ်ကြောင်း ယူကရိန်းနိုင်ငံတကာ လေကြောင်းလိုင်းအာဏာပိုင်များက ငြင်းဆန်ထားသည်။

အဆိုပါလေယာဉ်ကို ၂၀၁၆ ခုနှစ်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး စက်ရုံမှ လေကြောင်းလိုင်းသို့ တိုက်ရိုက်ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ဆင်ဟွာ