ပလက်ဝမြို့နယ်အတွက် ကျောင်း ၂၆ ကျောင်းကို ဆောင်ရွက်ပေးရန် ထည့်သွင်းလျာထားပြီး ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းပြောကြား

နေပြည်တော် ၁၉ ဖေဖော်ဝါရီ

 

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် ငွေလုံးငွေရင်း (တည်ဆောက်ရေး) လျာထားချက်များ ဆောင်ရွက်ရာတွင် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွက် အခြေခံပညာကျောင်းပေါင်း ၂၆ ကျောင်းကို ဆောင်ရွက်ပေးရန် ထည့်သွင်းလျာထားပြီး ဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောသည်။

 

ချင်းပြည်နယ် ပလက်ဝမြို့ ရိက္ခာရပ်ကွက် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ပေ (၁၂၀x၃၀) RC နှစ်ထပ် ကျောင်းဆောင်သစ် တစ်ဆောင်ကို  ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ မရှိ ကို ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးဝှေ့တင်းက ယနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ မေးမြန်းခဲ့ပါတယ်။

 

အဆိုပါ မေးမြန်းမှုကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြားရာတွင် “၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် ငွေလုံးငွေရင်း (တည်ဆောက်ရေး) လျာထားချက်များ ဆောင်ရွက်ရာတွင်  အသစ်တည်ဆောက်ရန် လိုအပ်သော အခြေခံပညာကျောင်းများကို အန္တရာယ်ရှိ ကျောင်းဆောင်များ၊ ကျောင်းသားဦးရေအရ တိုးချဲ့ရန်လိုအပ်သော ကျောင်းများ၊ သဘာဝဘေးဒဏ်ကြောင့်  နေရာပြောင်းရွှေ့ ဆောက်လုပ်ရန် ကျောင်းများ စသည်ဖြင့် လုပ်ငန်းများ ဦးစားပေးခွဲခြား၍ မြို့နယ်အလိုက် ဦးစားပေးအဆင့်များ သတ်မှတ်ပြီး စနစ်တကျ ပြုစုဆောင်ရွက်ခဲ့ရာ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွက် အခြေခံကျောင်းပေါင်း ၂၆ ကျောင်းကို ဆောင်ရွက်ပေးရန် ထည့်သွင်းလျာထားပြီး ဖြစ်တယ်”လို့  ဆိုပါတယ်။

 

“ချင်းပြည်နယ် ပလက်ဝမြို့နယ် ရိက္ခာရပ်ကွက် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် ပေ(၁၀ဝx၂၆) သွပ်မိုး၊ ပျဉ်ကာ၊ အုတ်ညှပ် ၂ ထပ်ဆောင် တစ်ဆောင်၊ ပေ (၁၂၀x၃၀) သွပ်မိုး၊ အုတ်ညှပ် ၁ ထပ်ဆောင် တစ်ဆောင်၊  ပေ(၉၀x၃၀) သွပ်မိုးအုတ်ညှပ် ၁ ထပ်ဆောင်၊ ပေ(၅၀x၂၀) သွပ်မိုး ယာယီဆောင် ၁ ဆောင် စုစုပေါင်း စာသင်ဆောင် ၄ ဆောင် ရှိပါကြောင်း၊ စာသင်ခန်း ဧရိယာ စုစုပေါင်း ၁၀၂၄၀ စတုန်းရန်းပေ ဖြစ်ပါကြောင်း၊ လက်ရှိစာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူဦးရေ အနေဖြင့် မူလတန်းအဆင့်တွင် ၁၈၄ ဦး၊ အလယ်တန်း အဆင့်တွင် ၂၆၇ ဦး၊ အထက်တန်း အဆင့်တွင် ၃၆၂ ဦး စုစုပေါင်း ၈၁၃ ဦးရှိပါကြောင်း၊ ထို့ကြောင့် စာသင်ခန်း ဧရိယာအားဖြင့် အနည်းငယ်လိုအပ်မှုရှိနေသည်ကို  စိစစ်တွေ့ရှိပါကြောင်း၊ ၂၀၁၈-၂၀၁၉ ဘတ်ဂျတ်တွင်  အခြေခံပညာကျောင်းပေါင်း ၂၆ ကျောင်းကို လျာထား ဆောင်ရွက်ခဲ့ရာတွင် ချင်းပြည်နယ် ပလက်ဝမြို့နယ် ရိက္ခာရပ်ကွက် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းအတွက် ကျောင်းဆောင်သစ် မပါဝင်သည့်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆက်လက်လျာထား ဆောင်ရွက်ပေးမှာ ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ရှင်းလင်းဖြေကြားခဲ့ပါတယ်။

 

MDN