ဝမ်းအိုဝမ်းကျော်ဝင်းမောင်
ဒီပါဠိတက္ကသိုလ်ကြီး တည်ဆောက်ရေးဟာလည်း ဆရာကြီး ကျဆုံးသွားတာနဲ့အတူ တိမ်မြုပ်ပျောက်ကွယ် သွားပါသတဲ့။
ပါဠိမတတ်ရင် မြန်မာစာမတတ်ဘူးဆိုတဲ့ သဘောပဲလို့ အဆိုရှိတယ်။ ဗုဒ္ဓဘာသာဘက်က ကြည့်မယ်ဆိုရင်လည်း ပါဠိတတ်မြောက်ဖို့ အရေးကြီးတယ်။ အဲဒီအမြင် ဆရာကြီးမှာရှိတယ်။
ဆရာကြီးဟာ စွယ်စုံတော်သူပါ။ မြန်မာစာနဲ့ ပါဠိတော်တဲ့ ကျောင်းသားဟာ အင်္ဂလိပ်စာညံ့တတ်ပါတယ်။ အင်္ဂလိပ်စာတော်တဲ့ ကျောင်းသားဟာ မြန်မာစာညံ့တတ်ပါတယ်။ ဆရာကြီးကျတော့ မြန်မာစာနဲ့ ပါဠိ၊ ပြီးတော့ အင်္ဂလိပ်စာကိုပါ တော်သူဖြစ်ပါသတဲ့။
၁၉၁၇ ခုနှစ်၊ အိုင်-အေ၊ အထက်တန်းမှာ ပညာသင်ကြားနေချိန် မစ္စတာဘိုင်မီယားရဲ့ အင်္ဂလိပ်စာ-စာစီစာကုံး ပြိုင်ပွဲ ဝင်ရောက်ပြိုင်ပါတယ်။ အစ္စလာမ်ဘာသာရေးအကြောင်း ရေးသားပြိုင်ပွဲဝင်ခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီပြိုင်ပွဲမှာ ဆရာကြီး ပထမဆုရခဲ့ပါတယ်။
ဆရာကြီးဟာ ကျောင်းမှာတုန်းက အင်္ဂလိပ်စာအရေးအသား တော်လွန်းလို့ ပါမောက္ခတွေရဲ့ ချီးကျူးခြင်း မကြာခဏ ခံရတတ်ပါတယ်။
ဆရာကြီးနဲ့ အလွန်ရင်းနှီးတဲ့ ငယ်ပေါင်းသူငယ်ချင်းက ရေနံချောင်းတွင်းစားသူဌေးသား၊ ကုန်စည်ဖြန့်ဖြူးရေး မင်းကြီး ဦးခင်မောင်လတ်က သူ့လက်ထပ်မင်္ဂလာ အခမ်းအနားတက်ရောက်ဖို့ ဆရာကြီးကို ဖိတ်ကြားလိုက်တယ်။ ဒါပေမယ့် သူက မန္တလေးကနေ လက်ထပ်မင်္ဂလာအခမ်းအနားကို သွားရောက်တက်ရောက်နိုင်ခြင်း မရှိတဲ့အတွက် မင်္ဂလာရတုပိုဒ်စုံကို ရေးသားပေးပို့လိုက်တယ်။
ဒီရတုပိုဒ်စုံကို မင်္ဂလာအခမ်းအနားမှာ ဖတ်ကြားလိုက်ရာ ကြွရောက်တဲ့ မင်းပရိသတ်များက အထူးသဘောကျ ချီးကျူးကြပါတယ်။ အဲဒီ ရတုပိုဒ်စုံကို သူတို့ရဲ့ မင်္ဂလာလက်ဖွဲ့အဖြစ် အထူးတလည် တရိုတသေ သိမ်းဆည်းထား ကြပါသတဲ့။
သူရေးတဲ့ ဒီမင်္ဂလာရတုပိုဒ်စုံရဲ့ အင်္ဂါရသမြောက်ပုံကို စာရေးဆရာကြီး သင်္ခါက ၁၄-၇-၆၉ နေ့ထုတ် လုပ်သား ပြည်သူ့နေ့စဉ်သတင်းစာမှာ “ဤ ရတုပိုဒ်စုံ” ခေါင်းစဉ်နဲ့ ဆောင်းပါးရေးခဲ့ပါတယ်။ ဆရာကြီးသင်္ခါက သူ့ဆောင်းပါး ထဲမှာ ဆရာကြီးရဲ့ ရတုစပ်ပုံစပ်နည်း ဘယ်လောက်ပြောင်မြောက်သလဲဆိုတာ အောက်ပါအတိုင်း ချီးကျူး ရေးသားထားတာက -
“ရုတ်တရက်ဖတ်ရလျှင် ဤရတုစာကိုယ် စာကို ရှေးစာဆိုများရဲ့ စာဟောင်းများဟု ထင်ကောင်းထင်ဖွယ် ရှိလိမ့်မည်။ အမှန်တော့ လည်း ဤရတုပိုဒ်စုံမှာ ရှေးနှစ်ပေါင်း ၃၀ ကျော်လောက်က ရေးစပ်ခဲ့သော ရတုဟောင်း များ ဖြစ်သည်ကားမှန်၏။ သို့သော် ရှေးခေတ် စာဆိုတော်ကြီး၏ ရတု စာဟောင်းများကား မဟုတ်ပေ။
“သို့ မဟုတ်သော်ငြားလည်း ကာရန်အစပ် အဟပ်နှင့် လေယူလေသိမ်း အဖွဲ့အနွဲ့တို့မှာကား သာမည ပုဂ္ဂိုလ်တစ်ဦး၏ လက်ရာမဟုတ်ဘဲ အတော်အတန် ကဗျာဉာဏ် ရသဂုဏ်နှင့် ပြည့်စုံအောင် နိုင်နိုင်နင်းနင်း ဖွဲ့နိုင်သူ တစ်ဦးဖြစ်ကြောင်းကိုမူ သုတေသီများ ခန့်မှန်းနိုင်လောက်ပေသည်”
“ထိုထက် ယင်းကဗျာရှင် မည်သူဖြစ်သည်လို့သိက ပို၍ အံ့သြသွားပေလိမ့်မည်။ ထိုရတုပိုဒ်စုံ သုံးပုဒ်၏ စာဆိုရှင်ကား အခြားသူမဟုတ်ဘဲ ကျွန်ုပ်တို့၏ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်တို့နှင့်အတူ ၁၉ ဇူလိုင် မမေ့နိုင်သောနေ့တွင် ကျဆုံးကွယ်လွန်ခဲ့ရသူတစ်ဦး အပါအဝင်ဖြစ်သည့် ဆရာကြီး ဦးရာဇတ်ပင် ဖြစ်သည်။ ဆရာကြီး ဦးရာဇတ်၏ နာမည်နှင့် ရုပ်လက္ခဏာ အဝတ်အစားအဆင်အပြင်တို့ကို သာမန် တွေ့မြင်ရသူ တစ်ဦးအဖို့မှာကား ထိုကဗျာသည် ဆရာကြီး၏ လက်ရာဖြစ်သည်ဟုဆိုလျှင် အမှန်သံသယ စိတ်ဓာတ်ဖြင့် အံ့သြသွားမည် မုချဖြစ်သည်။ သို့သော် ဤရတုပိုဒ်စုံသုံးပုဒ်ကား ဆရာကြီးဦးရာဇတ်၏ လက်ရာစစ်များ သာတည်း။
ပါဠိကို နှိုက်နှိုက်ချွတ်ချွတ် လေ့လာတတ်မြောက်ထားသူ၊ မြန်မာစာရတုပိုဒ်စုံကို ပြောင်မြောက်အောင် ဖွဲ့နွဲ့ရေးသား ထားသူဟာ အစ္စလာမ်နာမည် မစ္စတာရာဇတ်နဲ့ လားလားမှ ပနံမစားပါတဲ့။
ဆရာကြီးဟာ မြန်မာမွတ်စလင်တစ်ယောက်၊ ကြည့်ရင် အိန္ဒိယသားကြီးတစ်ယောက်အသွင်၊ ဝတ်တော့လည်း အနောက်တိုင်းဝတ်စုံ၊ အဲဒီပုဂ္ဂိုလ်တစ်ဦးက ဒီလောက်ထည်ဝါခံ့ညားပြောင်မြောက်လှတဲ့ ရတုပိုဒ်စုံကို ရေးသူဟာ ဆရာကြီး ဦးရာဇတ်လို့ဆိုရင် ဟုတ်မှဟုတ်ပါလေစလို့ နောင်မျိုးဆက်တွေမှာ အငြင်းပွားနိုင်၊ မပွားနိုင်ဆိုတဲ့ ပြဿနာကို အသာထား၊ အခု မျက်မှောက်ခေတ်မှာတောင် စာရေးဆရာကြီး ဆရာသင်္ခါရဲ့ “ဤရတု ပိုဒ်စုံ” ဆိုတဲ့ ဆောင်းပါးမျိုး၊ ဗဟိုအမျိုးသားအထက်တန်းကျောင်းက ဘော်ဒါကျောင်းဆရာကြီး ဆရာဦးထွန်းမောင်ရဲ့ “ခေတ်ပညာတတ် စာဆိုတော် ဆရာကြီးအကြောင်း” စတဲ့ ဆောင်းပါးမျိုးတွေ အခိုင်အမာရှိနေလို့ပေါ့။ နို့မို့ရင် အငြင်းပွား နိုင်စရာတွေပါပဲ။
စာရေးဆရာ တက္ကသိုလ်ဘုန်းနိုင်က “သူငယ်ချင်းလို့ပဲ ဆက်၍ ခေါ်မည်ခိုင်” ဆိုတဲ့ ကျော်ကြားလှတဲ့ သူ့ဝတ္ထုစာအုပ် မှာ ဆရာကြီးအပေါ် သူ့အမြင်ကို ဒီလိုရေးသားထားပါတယ်။
“ဆရာကြီးမှာ အိန္ဒိယလူမျိုးတစ်ဦးအသွင် ပေါ်သည်။ ဆံပင်ဖြူစ ဖြစ်သော်လည်း သွက်လက်ဖျတ်လတ်သည်။ မျက်နှာသည် ခံ့ညားမွန်ရည်၍ တည်ငြိမ်အေးချမ်းသော အပြုံးကိုထာဝစဉ် ဆောင်ထားတတ်သည်။’’
“နောင်သောအခါ ဆရာကြီးနာမည်ကို ကျွန်တော်သိရသည်။ ဦးရာဇတ်ဟူသတည်း”
“ဆရာကြီး ဦးရာဇတ်သည် ယခင်က မန္တလေးမြို့မကျောင်းအုပ်ကြီး ဖြစ်သည်။ မျိုးချစ်စိတ်ပြင်းထန်သူ တစ်ဦးဟု ကျော်ကြားသည်။’’
စာရေးဆရာ-ဆရာနှင်းဦးကလည်း သူ့ရဲ့ “ကျွန်တော့် ဆရာကြီး မစ္စတာရာဇတ်”မှာ အမျိုးသားကျောင်း တစ်ကျောင်း မှာ မွတ်စလင်အမျိုးသားတစ်ဦးဖြစ်တဲ့ ဆရာကြီးက ကျောင်းအုပ်ကြီး ဖြစ်နေတာဟာလည်း အံ့ဩဖွယ်ရာ ကောင်းတယ်လို့လည်း ရေးသားခဲ့တယ်။
ဒေါက်တာခင်မောင်ညွန့် အမ်အေ-ပီအိပ်ခ်ျဒီဘွဲ့ရ၊ ရန်ကုန်ပညာရေးတက္ကသိုလ် သမိုင်းဌာန၊ ဌာနမှူးကလည်း ဘုန်းကြီးလွှမ်းမိုးတဲ့မြို့မှာ ဗုဒ္ဓဘာသာဝင် မဟုတ်သူ ဆရာကြီးဦးရာဇတ်က ဝင်ဆံ့နေတာဟာလည်း ဆန်းကြယ်နေ တယ်လို့ ကျမ်းပြုသူကျွန်တော့်ကို ပြောပြခဲ့ပါတယ်။
ပြီးတော့ ဆရာကြီးရဲ့ အပါးတော်မြဲ ဦးချစ်ဆွေကလည်း ၁၈-၇-၇ဝ နေ့ ဟံသာဝတီသတင်းစာမှာ “ဆရာကြီး ဝန်ကြီးဖြစ်ဖို့ မန္တလေးမြို့ လေးပြင်လေးရပ်က ဆရာတော်ကြီး ၁၀ ပါးက ဖ-ဆ-ပ-လ အဖွဲ့ချုပ်မှာ တောင်းဆိုခဲ့တာ ဟာလည်း မယုံရင် ပုံပြင်မှတ်ဆိုရမလားမသိ” ဆိုပြီးလည်း ရေးခဲ့တယ်။
ဆရာကြီးရဲ့သမိုင်းမှာ ဆောင်ရွက်ခဲ့တာတွေဟာ ဘုန်းကြီးနဲ့ ဘီးလိုဆက်စပ်မရနိုင်သလို အဖြစ်မျိုးပါ။ သမိုင်းမှာ ယုံတမ်းစကားအဖြစ် မကျန်ရစ်အောင် အထောက်အထားရှိဖို့ လိုအပ်တဲ့အတွက်ကြောင့် ဒီကျမ်းမှာ ပြုစုရေးသား ထားရခြင်းပါ။
မြန်မာမွတ်စလင် အမျိုးသား၊ အိန္ဒိယနွယ်ဖွား ရုပ်ပေါက်နေသူက ဒီဂုဏ်မြောက်တဲ့ ရတုပိုဒ်စုံရေးတာတို့၊ အမျိုးသား ကျောင်းဆရာကြီး လုပ်ခဲ့တာတို့၊ ဖဆပလ-ဥက္ကဋ္ဌအဖြစ် အရွေးချယ်ခံရတာတို့၊ ဗုဒ္ဓဘာသာ သာသနာထွန်းကားနေ တဲ့မြို့တော်၊ မြန်မာဘုရင်ရဲ့ နောက်ဆုံးမင်းနေပြည်တော်မှာ ကျောင်းထိုင်ဆရာတော်ကြီးများကိုယ်တိုင် ပြိုင်ဘက်မရှိ တစ်ဦးတည်းသော ပုဂ္ဂိုလ်အဖြစ် ဝန်ကြီးခန့်ဖို့ တစ်သွေးတစ်သံတစ်မိန့်နဲ့ တောင်းဆိုလို့ ဆရာကြီး ဦးရာဇတ် ဝန်ကြီး ဖြစ်လာရတာတို့ဟာ ဆရာကြီးရဲ့ ဘဝဖြစ်စဉ်သမိုင်းမှာ အင်မတန်ခိုင်မာတဲ့ မှတ်တမ်းတွေပါ။
တစ်နည်းပြောရရင် မြန်မာ့သမိုင်းမှာ ပြောစမှတ်ဖြစ်လောက်အောင် ဆန်းကိုဆန်းကြယ်နေသူပါ။ ဆရာကြီးကတော့ မလှုပ်လိုက်နဲ့ လှုပ်လိုက်သမျှတော့ အဆန်းချည်းပဲ။ သူများထက်ထူးတဲ့ အပြောအဆို၊ အရေးအသား၊ လုပ်ပုံကိုင်ပုံ၊ ခံယူပုံ၊ မြင်ပုံမြင်နည်း၊ ဆောင်ရွက်ပုံတွေဟာ စာဖွဲ့ကျန်ရစ်လောက်အောင်ဖြစ်ခဲ့လို့ သမိုင်းမှာ မှတ်တမ်းတင်လောက် စရာချည်း ဖြစ်ခဲ့တာပေါ့။
အင်္ဂလိပ်စာကျပြန်တော့လည်း အင်မတန်အရေးအသားကောင်းသူပါ။ ဆရာကြီးရဲ့ ဘော်ဒါဆရာ-ဆရာဦးထွန်းမောင် ပြောပြတာက ဆရာကြီးဟာ အင်္ဂလိပ်စာမှာ စကားပြောထက် စာအရေးအသားက ပိုတော်သတဲ့။
ဆရာကြီးနဲ့ သူ့သူငယ်ချင်း ဦးခင်မောင်လတ်တို့ ကောလိပ်ကျောင်းသားတစ်ဦးရဲ့ စာမေးပွဲမေးခွန်းကို ကျောင်းခန်းမ အပြင်ဘက်ကနေ ဖြေဆိုပေးတဲ့အတွက် သက်ဆိုင်ရာ ကျောင်းအာဏာပိုင်များက သိရှိသွားလို့ သူတို့ နှစ်ဦးကို ကျောင်းက နှစ်နှစ် အပယ်ခံလိုက်ရတယ်။
ဒီတော့ ဆရာကြီးဟာ အိမ်မှာပဲ စာဖတ်၊ စာရေး၊ ညီငယ်တွေစာပြ၊ ဖခင်ရုံးအလုပ်တွေ ကူညီလုပ်ပေး၊ အဲဒီလိုနဲ့ အချိန်ကုန်စေခဲ့ပါတယ်။ တစ်နေ့မှာ ဆရာကြီးရဲ့ဖခင် မအားတဲ့အတွက် ကင်တိုမင်တပ်မြေဆိုင်ရာ ရာဇဝတ် ဘက်ဆိုင်ရာ အစီရင်ခံစာများကို ကူညီရေးပေးလိုက်တယ်။
ဆရာကြီးရဲ့ ဖခင် ပုလိပ်အင်စပက်တော် မစ္စတာ ရာမန်ဟာ ကင်တိုမင်တပ်နယ်မြေကိုလည်း ကိုင်ထားရသူပါ။ နယ်ဘက်စစ်ဘက်ဆိုင်ရာ မှုခင်းကို ကိုင်ရပါတယ်။ ရာဇဝတ်ဘက်ဆိုင်ရာမှာက မျက်နှာဖြူများက အကြီးအကဲ ဖြစ်ပါတယ်။ ရာဇဝတ်ဝန်ကြီးက မစ္စတာ ရှားမင်းတဲ့။
မစ္စတာရှားမင်း ရုံးရောက်လို့ မစ္စတာရာမန်တင်ပြတဲ့ မှုခင်းဆိုင်ရာ အစီရင်ခံစာကို ကောက်ဖတ်ပါတယ်။ အင်္ဂလိပ်လို အရေးအသား အထူးကောင်းနေတော့ သဘောကျနှစ်သက်သွားတယ်။ ချက်ချင်း တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး ခေါ်ယူတွေ့ဆုံတယ်။
မစ္စတာရာမန်ရောက်တော့ “ခရီးရောက်မဆိုက် အစီရင်ခံစာဟာ မင်းလက်ရာမဟုတ်ပါဘူး။ ပညာတတ် အင်္ဂလိပ်လူမျိုးတစ်ဦးရေးထားတာ ဖြစ်ရမယ်၊ ဘယ်သူရေးတာလဲ” လို့ မေးပါတယ်။ “ကျွန်တော့်သားရေးတာ ပါ”လို့ မထိမ်မဝှက်ဘွင်းဘွင်းပဲ ဟုတ်တိုင်းမှန်ရာကို ဖြေလိုက်တယ်။ ရာဇဝတ်ဝန်ကြီးက တအံ့တဩ ဖြစ်သွားတယ်။
“မင်းသား ဒီလောက်အင်္ဂလိပ်စာတော်ကြောင်း ငါမသိဘူး၊ ဒီလိုဆိုရင် မင်းသားကို ရာဇဝတ်ဘက်မှာ ဝင်အမှုထမ်းစေ ပါလား၊ ဒါရိုက်ပုလိပ်အင်စပက်တော် ရာထူးခန့်လိုက်မယ်။ ငါသူ့ကို တွေ့ချင်တယ်။ မနက်ဖြန်မနက် မင်းသားကို ငါ့အိမ်လွှတ်လိုက်” လို့ အမိန့်ပေးလိုက်တယ်။
ချိန်းထားတဲ့အချိန် ဆရာကြီးတစ်ယောက်တည်း မစ္စတာရှားမင်းအိမ်ကို သွားပါတယ်။ မစ္စတာရှားမင်းက အင်္ဂလန် ကရောက်ခါစ သူ့ဇနီးနဲ့ ဆရာကြီးကို မိတ်ဆက်ပေးတယ်။ မစ္စတာရှားမင်းတို့ ဇနီးမောင်နှံ နှစ်ဦးနဲ့ အာလာပသလ္လာပ စကားပြောကြတယ်။ ဆရာကြီးဟာ အင်္ဂလိပ်စကားကို လေယူလေသိမ်း အသံထွက်ကအစ အင်္ဂလိပ်နီးပါး ပြောတတ်ပုံကို သူတို့ ဇနီးမောင်နှံနှစ်ဦးက ချီးကျူးကြတယ်။ ပြီးတော့ သူတို့ဇနီးမောင်နှံ နှစ်ဦးစလုံးကပဲ ဆရာကြီးကို ပုလိပ်ဘက်မှာ ဝင်ရောက်အမှုထမ်းဖို့ တိုက်တွန်းတယ်။ ပုလိပ်အင်စပက်တော်အဖြစ် ချက်ချင်း ခန့်ပေးမယ်တဲ့။
ဆရာကြီးက သူ့ကို ရာဇဝတ်ဝန်ကလေးရာထူး ခုချက်ချင်းပေးမယ်ဆိုရင် ပုလိပ်ဘက်မှာ ဝင်အမှုထမ်းပါမယ်လို့ အေးအေးဆေးဆေးလေး အဖြေပေးခဲ့သတဲ့။
ရာဇဝတ်ဝန်ကြီးက ဒီလောက်မြင့်တဲ့အဆင့်ကိုတော့ သူ့အနေနဲ့ဘယ်လိုမှ ခန့်မပေးနိုင်ကြောင်း၊ ဒါပေမယ့် ဒီအဆင့်က စလုပ်ရင်းကနေ မကြာခင် ရာထူးတိုးမြှင့်သွားအောင် သူထောက်ခံကူညီ ဆောင်ရွက်ပေးနိုင်ကြောင်း ရှင်းပြပါတယ်။
ဆရာကြီးက လက်မခံဘဲ အေးအေးဆေးဆေး နှုတ်ဆက်ပြန်လာတယ်။ ဆရာကြီးရဲ့ မိဘများကတော့ ဒီအခွင့်အရေးကို လက်မလွှတ်စေချင်ပါဘူး။ အလုပ်ဝင် လုပ်စေချင်ကြတယ်။ ဒါပေမယ့် ဆရာကြီးကတော့ အစိုးရ အမှုထမ်း ဝင်မလုပ်ချင်ဘူး၊ ဒီတော့ မိဘစိတ်ချမ်းသာအောင်လှည့်ပြီး သူ့ကို ပုလိပ်ရာဇဝတ်ဝန်ကလေး ဒါရိုက်ပေးရင် တော့ ဝင်လုပ်မှာပဲတဲ့၊ အခုတော့ ဒီလောက်ပညာတွေသင်ထားပြီးမှ ပုလိပ်အင်စပက်တော် တိုက်ပိုင်လောက်နဲ့တော့ ရောင့်ရဲတင်းတိမ်မနေချင်ဘူး၊ ကိုယ့်ပညာနဲ့ တန်ရာတန်ရာဆိုရင် တော်သေးတယ်ဆိုပြီး မိဘကို နှစ်သိမ့်ပါတယ်၊ မိဘစိတ်ချမ်းသာအောင် စကားတွေလှည့်ပတ်ပြောပြီး ပုလိပ်အင်စပက်တော်ရာထူးကို ရှောင်ခဲ့တယ်။
ဆရာကြီးဟာ ကျောင်းက နှစ်နှစ်ပယ်ခံရပြီး ကျောင်းပြန်နေခွင့်ရတော့ ရန်ကုန်တက္ကသိုလ် ပြန်တက်ပါတယ်။ ၁၉၂ဝ ပြည့်နှစ် တက္ကသိုလ်ကျောင်းသား သပိတ်ကြီးမပေါ်ခင် သီတင်းကျွတ်ကျောင်းပိတ်ရက်မို့ ဆရာကြီး မန္တလေးအိမ်ကို ပြန်လာခဲ့ပါတယ်။ တစ်ခါက အဖြစ်အပျက်တစ်ခုလည်း ရှိတယ်။ မန္တလေးနန်းတွင်း စစ်ဆေးရုံက ဆရာဝန် ဦးထွန်းဖေ (အလ်အမ်ပ်)ဟာ ဆရာကြီးရဲ့ မိတ်ဆွေတစ်ဦးပေါ့။ သူက နန်းတွင်းနဲ့ အရှေ့ပြင်ရှိ ရပ်သူရပ်သားများကို ဆေးကုသပေးရပါတယ်။ သူ့ကို ထားဝယ်မြို့ဆေးရုံသို့ ပြောင်းရွှေ့တာဝန်ယူဖို့ အမိန့်ရောက်လာတယ်။
ဒီတော့ သူက မန္တလေးရှိ ဆွေမျိုးမိတ်ဆွေတွေကိုခွဲခွာပြီး မပြောင်းချင်ဘူးပြောင်းရမှာကို စိတ်မချမ်းမသာ ဖြစ်နေတယ်။ ဒီတော့ သူ့အတွက် မပြောင်းရအောင် အသနားခံစာတစ်စောင် ရေးပေးပါလို့ ဆရာကြီးဆီ မေတ္တာ ရပ်ခံတယ်။ အမြဲတမ်း သူတစ်ပါးရဲ့ အခက်အခဲကို ဖြေရှင်းပေးလေ့ရှိတဲ့ သူ့ပင်ကိုစရိုက်အတိုင်းပဲ ဆရာကြီးဟာ အသနားခံလွှာ စာတစ်စောင်ကို တစ်ထိုင်တည်းနဲ့ ကောက်ကာငင်ကာ ရေးပေးလိုက်ပါတယ်။
ဆရာဝန်ကြီးက ကပ္ပတိန်ဖူးလား (အိုင်အမ်အက်စ်)တဲ့။ သူက ဦးထွန်းဖေရဲ့ စာကို ဖတ်ကြည့်ရင်း စိတ်ထိ ခိုက်လာတယ်။ မျက်ရည်များပင် လည်လာသတဲ့။ ဒီလောက် အင်္ဂလိပ်လူမျိုးတစ်ယောက်ကို ထိထိမိမိနဲ့ စိတ်ထိခိုက်ကာ မျက်ရည်ကျလောက်အောင်ရေးနိုင်တဲ့ ကလောင်ရှင်ဟာ ဘယ်သူလဲ၊ မင်းကိုယ်တိုင်ပဲ ရေးတာလား မှန်မှန်ပြောပါလို့ ခေါ်ပြီးမေးပါသတဲ့။
ဆရာဝန် ဦးထွန်းဖေလည်း မှန်ရာကို ပြောပြလိုက်တယ်။ ဆရာဝန်ကြီး ကပ္ပတိန်ဖူးလားက “မြန်မာလူမျိုးထဲမှာ ဒီလောက် အင်္ဂလိပ်စာတော်တဲ့လူ ရှိလိမ့်မယ်လို့ မထင်ကြောင်း ရိုးရိုးသားသား ဝန်ခံလိုက်သတဲ့။ အင်္ဂလိပ် လူမျိုးတစ်ယောက်ကို မျက်ရည်လည်လောက်အောင် ကလောင်ကွန့်နိုင်တဲ့အတွက်လည်း ချီးကျူးကြောင်း၊ ဒီလောက် အင်္ဂလိပ်စာတော်တဲ့ ပုဂ္ဂိုလ်နဲ့ တွေ့ပေးစေလိုကြောင်းပြောပြီး ဆရာဝန် ဦးထွန်းဖေကိုလည်း ပြောင်းရွှေ့ အမိန့်ကို ပြန်ရုပ်သိမ်းလိုက်ကာ အခြားတစ်ဦးကို အစားထိုး ပြောင်းရွှေ့စေသတဲ့။
ဆရာဝန်ကြီး ဦးထွန်းဖေလည်း ဆရာကြီးနဲ့ ဆရာဝန်ကြီး ကပ္ပတိန်ဖူးလားကို တွေ့ဆုံမိတ်ဆက်ပေးလိုက်ပါတယ်။ ဆရာဝန်ကြီးကလည်း ရာဇဝတ်ဝန်ကြီး မစ္စတာ ရှားမင်းလိုပဲ အင်္ဂလိပ်စာ အရေးအသားကောင်းတဲ့အတွက် ချီးကျူးစကား ပြောကြားပြန်ပါသတဲ့။
(ဆက်လက်ဖော်ပြပါမည်)
၂၀၁၇ ခုနှစ် ဇူလိုင်လတွင် ဗန်းမော်စာပေတိုက်မှ ထုတ်ဝေသော ဆရာ ဝမ်းအိုဝမ်းကျော်ဝင်းမောင်၏ မြန်မာ့အာဇာနည်ခေါင်းဆောင် ဆရာကြီး ဦးရာဇတ်စာအုပ်မှ အခန်း (၁၀) ပါ ပါဠိနှင့် အင်္ဂလိပ်စာ စွယ်စုံတော်သည့် ဆရာကြီးကို ဆရာဝမ်းအိုဝမ်းကျော်ဝင်းမောင်၏ မိသားစုထံမှ ခွင့်ပြုချက်ဖြင့် ပြန်လည်ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။
မင်္ဂလာရတုပိုဒ်စုံ
ငယ်ပေါင်းချစ်ဆွေ၊ မန်းရပ်မြေက၊ စေ့ရေတွေးဆ၊ ချီအချဖြင့်၊ ညီမျှစေမှု၊ စုံရတုဟု၊ ယခုရေးစီ၊ စာပလီကို၊ နာရီဖင့်လား၊ ခွင့်မအားလည်း၊ ရပ်ခြားဝေးကြူ၊ စာပေးသူအား၊ ရေးယူကြောင်း ဟိတ်၊ ချစ်ကြည်စိတ်ဖြင့်၊ တဆိတ်လောက်ပင်၊ ရှုစေချင်၏။ ဟိုစဉ်ငယ်သော်၊ သက်ဆယ်ကျော်က၊ နှစ်ဖော်တူကွ၊ မေတ္တာမျှ၍၊ ဒေသကွာဝေး၊ ရှိလေသေး လည်း၊ အေးလျှင်အတူ၊ ပူလျှင်မကွဲ၊ ရှိစမြဲဟု၊ ဝမ်းထဲပိုက်ခါ၊ ဆင်မိပါ၏။ ခုမှာတကြောင်း၊ တဇာတ်ပြောင်း၍၊ ငယ်ပေါင်း မျိုးမြတ်၊ ခင်မောင်လတ်၏၊ စုတ်သပ်ချင်ဖွယ်၊ ချစ်ကြိုးနွယ်သည်၊ ပျက်ပြယ်ထင်ရ ပြန်တော့သည်။
သွယ်ပြောင်းလှစ်ခွေ၊ မှာလိုက်ပေ၏။ ရက်ရေမကွာ၊ ဟိုစဉ်ခါက၊ စာလာစာပြန်၊ စာတမန်သည်၊ ဖန်ဖန်သွယ်ဆက်၊ ရှိပါလျက်နှင့်၊ ဖြစ်ပျက်ရပုံ၊ ကြောင်းဥဿုံကို၊ စေ့ငုသေချာ၊ မသိပါငဲ့၊ ထင်ရာ ထင်မှား၊ ကြံစဉ်းစားသော်၊ ရပ်ခြားနယ်ဝေး၊ မြို့မကွေးက၊ စာပေးလေတိုင်း၊ ရေလှိုင်းမြစ်ကြော၊ စာသင်္ဘောသည် ဝဲသြဃစုပ်၊ နစ်ခါမြုပ်၍၊ ငုပ်လေ သလော၊ ကြံစိတ်စောလျက်၊ တွေးတောစဉ်တွင်၊ ယခင်မိတ်ဦး၊ သူတထူး၏၊ အိမ်မှူးထံမှောက်၊ ပို့ရောက်စေလာ၊ လတ်၏ စာကို၊ သေချာသိမှ၊ သတိရ၍၊ ဖြစ်ရလေတယ်၊ ညိုစိတ်ငယ်သည်။ ရှက်ဖွယ်မြင်ရ ပြန်တော့သည်။
ဘယ်ကြောင်းဖြစ်ထွေ၊ မြင်မိချေ၏။ ရွှေငွေ စုပေါင်း၊ ရေနံချောင်းဟု၊ မြစ်စောင်းမို့မို့၊ မှိုင်းရည် သို့တဲ့၊ မြို့နဂရာတွင်၊ သပြာစန်းငွေ၊ သန်းကုဋေ ဖြိုး၊ မှန်းခြေကိုး၍၊ အကျိုးခွင့်ပေး၊ တွင်းသူဌေး၏၊ ရင်သွေးပိုက်ဖြား၊ ပျိုနုထွားနှင့် စုလျားပတ်ရစ်၊ လွတ်ပေါင်းကျစ်၍၊ အချစ်ဓာတ်ငွေ့၊ သူ့ရင်ငွေ့ကြောင့်၊ မေ့လေသလား၊ စဉ်းစားတတ်ပေါင်၊ တို့မောင်မောင်သည်၊ ယခေါင်ပြကတေ့၊ စိတ်မှ ရွေ့လျက်၊ လိပ်မေ့ ဖွတ်ချေ၊ ပတတ်မေ့နှင့်၊ မေ့အမျိုးမျိုး၊ မေ့ပင် ပျိုးလည်း၊ မညှိုးမေတ္တာ၊ ရှိလျက်ပါဟု၊ ထက်ညာမန်းပျော်၊ အဆွေတော်က၊ ထုတ်ဖော် ရှုဖွယ်၊ စီကုံးခြယ်သည်၊ ဆက်သွယ်ခင်ရ ပြန်တော့သည်။
ဦးရာဇတ်


