အောင်လံ ၂၁ မတ်
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၊ ညောင်ပင်ဆိပ်ကျေးရွာဓမ္မာရုံတွင် မတ်လ(၂၀)ရက် နံနက်(၉)နာရီ အချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးကုဌာနတို့သည် အသိပညာပေး ဟောပြောပွဲနှင့် အခမဲ့ဆေးကုသခြင်းလုပ်ငန်းများကို ပူးပေါင်း၍ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးသိန်းက စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူကုန်ကူးမှုဆိုင်ရာ သိကောင်းစရာများ အကြောင်းကိုလည်းကောင်း၊ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ခင်အေးအေးနိုင်က မြန်မာ့တိုင်းရင်းဆေးဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း ရှင်းလင်းဟောပြောကြသည်။
ထို့နောက် ခင်းကျင်းပြသထားသော မူးယစ်ဆေး၊ သဘာဝဘေးနှင့် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ ပိုစတာများကိုပြသရှင်းလင်းခြင်း၊ ဝေဒနာရှင်များအား တိုင်းရင်းဆေးဖြင့် အခမဲ့ရောဂါ စမ်းသပ်စစ်ဆေးခြင်း၊ ကုသခြင်း၊ ဆေးပေးခြင်း လုပ်ငန်းများကိုဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သိန်းလွင်(အောင်လံ)


