ပင်လည်ဘူး ၂၁ မတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ပင်လည်ဘူးမြို့၌ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းသား (၈၀)ဦးအား ရှင်သာမဏေအဖြစ် သွတ်သွင်းခြင်းနှင့် ကျောင်းသူ ဦးရေ ၈၀ တို့အား ယောဂီဝတ် တရားစခန်းဖွင့်ပွဲ အခမ်းအနားကို မတ် ၂၀ ရက်နေ့ (တပေါင်း လပြည့်နေ့) နေ့လည် ၁ နာရီအချိန်တွင် ပင်လည်ဘူးမြို့ လေးထပ်မာန်အောင်ပရဟိတ ဘုန်းတော်ကြီးကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဌနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ လူငယ်ဖွံ့ဖြိုးရေးသင်တန်း ကျောင်းမှ ဆရာဆရာမများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ကာ နေ့လည် ၁ နာရီအချိန်တွင် နယ်စပ်ဒေသတိုင်းရင်းသား လူငယ် ဖွံ့ဖြိုးရေး သင်တန်းကျောင်းမှ ကျောင်းသား (၈၀)ဦးနှင့်ကျောင်းသူ(၈၀)ဦးတို့ကို ရှင်သာမဏေနှင့် ယောဂီဝတ်အဖြစ်သို့ သွတ်သွင်းပြီး သံဃာတော် အရှင်သူမြတ်တို့အား ဆွမ်း၊ ခဲဖွယ်၊ ဘောစဉ်၊ သင်္ကန်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းတို့အား ဆက်ကပ်လှူဒါန်း ပူဇော်ကြပြီး ပရိတ်တော်နှင့်ရှင်ပြုအလှူ ဓမ္မတရားတော်မြတ်ကို အတူတကွ နာယူ၍ ရေစက်သွန်းချ အမျှပေးဝေ သာဓုခေါ်ဆိုပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ စုပေါင်းရှင်ပြု အလှူတော်မင်္ဂလာနှင့် ယောဂီဝတ် ပြုပွဲအခမ်းအနားကို နယ်စပ်ဒေသ တိုင်းရင်းသားလူငယ် ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ တတိယအကြိပ်မြောက် အလှူတော်မင်္ဂလာ ပြုလုပ်ခြင်းဖြစ်ပြီး ရှင်သာမဏေ အပါး (၈၀)နှင့် ယောဂီ (၈၀)ဦးတို့မှာ တစ်ပတ် (၇)ရက် တရားစခန်းဝင် ဝတ်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။
မျိုးလွင်(ပင်လည်ဘူး)


