၄ ဇန်နဝါရီ
“စိတ်ဓာတ်ဆိုသည်မှာ စိတ်ထား၊ သဘောထား၊ နှလုံးသွင်းပုံနှင့် စိတ်၏အမူအကျင့်ဖြစ်သည်” ဟု မြန်မာ့အဘိဓာန်အကျဉ်းချုပ်တွင် ဖွင့်ဆိုထားသည်ကို လေ့လာမှတ်သားရပါသည်။ ပြည်ထောင်စုစိတ်ဓာတ်ဟူသည် ပြည်ထောင်စုကြီးတစ်ခုလုံးကို တစ်မိသားစုတည်း၊ တစ်အိမ်ထောင်တည်းဟု စွဲမြဲခိုင်မာစွာ လက်ခံမှတ်ယူထားသော သဘောထားခံယူချက်ပင်ဖြစ်သည်။
ဝံသာနုရက္ခိတတရားနှင့်အညီ
ရှေးနှစ်ပေါင်းများစွာကတည်းကပင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအတွင်း၌ တစ်မြေတည်းနေ၊ တစ်ရေတည်းသောက် တိုင်းရင်းသားများစွာ နေထိုင်ခဲ့ကြသည်။ သာဓကအနေဖြင့် ပုံတောင်ပုံညာဒေသမှ တွေ့ရသော ကျောက်ဖြစ်ရုပ်ကြွင်းများက မြန်မာ့မြေပေါ်တွင်နှစ်ပေါင်း သန်းလေးဆယ်လောက်ကပင် ရှေးဘိုးဘွားမြန်မာများ နေထိုင်ခဲ့ကြောင်းကို သက်သေပြလျက်ရှိသည်။ ပြည်ထောင်စုကြီးဟုခေါ်ဆိုသည့် ဤမြေပေါ် တွင် နယ်မြေဒေသအလိုက် ဘာသာစကား၊ ဓလေ့စရိုက်နှင့် လူမျိုးအခေါ် အဝေါ်အသီးသီး အမည်တွင်လျက်ရှိသော်လည်း မြန်မာတိုင်းရင်းသားအားလုံးသည် ရှေးပဝေသဏီကပင် ဝံသာနုရက္ခိတတရားနှင့်အညီ ထာဝရလက်တွဲနေထိုင်ခဲ့ကြသည့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများဖြစ်ကြသည်။
တကောင်း၊ သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်း၊ မိုင်းမော၊ ပုဂံ၊ ပင်းယ၊ အင်းဝ၊ စစ်ကိုင်း၊ မြင်စိုင်း၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင်ခေတ်များတွင် မြန်မာတို့၏ သမိုင်းအစဉ်အလာ ထွန်းပြောင်ခဲ့သည်။ ထိုစဉ်က မြန်မာတို့သည် ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်းဖြင့် တင့်တယ်စွာနေထိုင်ခဲ့ကြသည်။ ကိုယ်ပိုင်အမျိုးသားစာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတို့ကို ထူထောင်ခဲ့ကြသည်။ ပြည်ပကျူးကျော်မှုမှန်သမျှကိုလည်း ပြည်ထောင်စုစိတ်ဓာတ် အရင်းခံကာ တိုင်းရင်းသားစည်းလုံးညီညွတ်မှုဖြင့် တွန်းလှန်နိုင်ခဲ့သည်။
သို့ရာတွင် အင်္ဂလိပ်နယ်ချဲ့တို့က ဘကြီးတော်ဘုရားလက်ထက် ၁၈၂၄ ခုနှစ်တွင် တစ်ကြိမ်၊ ပုဂံမင်း လက်ထက် ၁၈၅၂ ခုနှစ်တွင် တစ်ကြိမ်၊ သီပေါမင်း လက်ထက် ၁၈၈၅ ခုနှစ်တွင် တစ်ကြိမ် ခေတ်မီစစ်လက်နက်များဖြင့် ကျူးကျော်စစ် သုံးကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ကြသည်။ ၁၈၈၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ထီးကျိုးစည်ပေါက် တစ်နိုင်ငံလုံး သူ့ကျွန်ဘဝရောက်ခဲ့ရသည်။ သူ့ကျွန်ဘဝတွင် နှစ်ပေါင်း ၁၂၀ ကျော်နေခဲ့ရသည်။
လွတ်လပ်ရေးတိုက်ပွဲဝင် တိုင်းရင်းသားညီအစ်ကိုများသည် သူ့ကျွန်ဘဝ ကျရောက်သည့်အချိန်မှစ၍ ရရာလက်နက်စွဲကိုင်ပြီး တိုက်ပွဲဝင်ခဲ့ကြသည်။ အထူးသဖြင့် ဒုတိကမ္ဘာစစ်ပွဲကာလအတွင်း ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဗမာ့လွတ်လပ်ရေးတပ်မတော်သည် “အင်္ဂလိပ်အခက်ဗမာအချက်” ဟုဆိုကာ အခြေအနေနှင့် အချိန်အခါအရ ဂျပန်များနှင့်ပူးပေါင်း၍ အင်္ဂလိပ်ကို မောင်းထုတ်နိုင်ခဲ့သည်။ သို့ရာတွင် “ကျားကိုကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီး ကျားထက်ဆိုး” ဆိုသကဲ့သို့ ဂျပန်တို့သည်အင်္ဂလိပ်တို့ထက် ဆိုးလာကြသည်။ ပြည်သူများကိုညှဉ်းပန်းနှိပ်စက်ခဲ့ကြသည်။ ထို့ကြောင့် ၁၉၄၅ ခုနှစ်မတ်လ ၂၇ ရက်နေ့တွင် ဖက်ဆစ်ဂျပန်တို့ကို တိုက်ထုတ်ခဲ့ရပြန်သည်။
ဖက်ဆစ်ဂျပန်တို့ကို မောင်းထုတ်နိုင်ခဲ့သော်လည်း လွတ်လပ်ရေးချက်ချင်းမရခဲ့ပေ။ ဂျပန်ပြေးသည့်အချိန်တွင် နောက်တစ်ကြိမ်ပြန်ဝင်လာသော အင်္ဂလိပ်တို့က လွတ်လပ်ရေးပေးရန် အချိန်ဆွဲခဲ့ကြသည်။ တောင်တန်းနှင့် ပြည်မအား သွေးခွဲအုပ်ချုပ်မှု(Divide and Rule Policy) ဖြင့် ဆက်လက်စိုးမိုးခြယ်လှယ်ရန် ကြံစည်ခဲ့ကြသည်။ လွတ်လပ်ရေးမပေး၍မရသည့် အခြေအနေတွင် တောင်တန်းနှင့် ပြည်မကိုခွဲခြား၍ လွတ်လပ်ရေးပေးရန် ကြံစည်ခဲ့ကြပြန်သည်။
ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းရင်းသားအားလုံး ညီညွတ်မှုမရှိဘဲ လွတ်လပ်ရေးမရနိုင်သည်ကို အခိုင်အမာယုံကြည်ထားသည်။ မြန်မာတစ်ခုတည်းကိုခွဲ၍ လွတ်လပ်ရေးပေးလျှင် ပြည်ထောင်စုကြီး အစိတ်စိတ်အမြွှာမြွှာကွဲသွားမည်ကို အသေအချာသိရှိခဲ့သည်။ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာ့လွတ်လပ်ရေးအတွက် ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင်ဗြိတိသျှနန်းရင်းဝန် အက်တလီနှင့် အောင်ဆန်း-အက်တလီစာချုပ်ကို ချုပ်ဆိုခဲ့သည်။ ထိုစာချုပ်တွင် တောင်တန်းဒေသများ ပြည်မကြီးနှင့်ပူးပေါင်းရန်သဘောတူပါက ပြည်ပရော တောင်တန်းဒေသများပါ လွတ်လပ်ရေးပေးမည်ဟု ပါရှိသည်။ ပရိယာယ်ဝေဝုစ်များလှသော နယ်ချဲ့တို့သည် လွတ်လပ်ရေးပေးခါနီးတွင် တောင်တန်းဒေသများကို ချန်လှပ်ထားရန် ကြံရွယ်ခဲ့ကြသည်။
ပင်လုံစာချုပ်လက်မှတ်ရေးထိုး
ဗိုလ်ချုပ်အောင်ဆန်းသည် တောင်တန်းနှင့်ပြည်မအကြား ရေကိုသားလျှင် အကြားမထင်သကဲ့သို့ တစ်ဆက်တစ်စပ်တည်း စည်းလုံးပေးနိုင်ခဲ့သည်။ ၁၉၄၇ ခုနှစ်ဖေဖော်ဝါရီလ ၇ ရက်နေ့မှစတင်၍ ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့တွင် ပင်လုံညီလာခံကြီးကျင်းပခဲ့ရာ တိုင်းရင်းသား ခေါင်းဆောင်များ စုံညီစွာတက်ရောက်ခဲ့ကြသည်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီတွင် ဗိုလ်ချုပ်နှင့်အတူကချင်၊ ချင်း၊ ရှမ်းအမျိုးသားကိုယ်စားလှယ်ကြီး ၂၃ ဦး သည် သာတူညီမျှ တလုံးတစည်းတည်း နေထိုင်ကြမည်ဟူသော သန္နိဋ္ဌာန်ဖြင့် ပင်လုံစာချုပ်ကြီးကို လက်မှတ်ရေးထိုးခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ပင်လုံကိုသက်သေတည်လိုက်သဖြင့် နယ်ချဲ့တို့သည် ၎င်းတို့၏ပက်စက်သော အကြံအစည်ကို စွန့်လွှတ်ခဲ့ကြရသည်။
ပြည်ထောင်စုနေ့
ထိုကဲ့သို့ ပြည်ထောင်စုတိုင်းရင်းသားများအကြား ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်တို့ကို အခြေခံလျက် သွေးစည်းညီညွတ်စွာ လွတ်လပ်ရေးအတွက် အသက်တမျှအရေးပါသော ပင်လုံစာချုပ်လက်မှတ်ရေးထိုးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို “ပြည်ထောင်စုနေ့” အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ နှစ်စဉ် ထိုနေ့၊ ထိုရက်ရောက်တိုင်း နိုင်ငံတစ်ဝန်း၌ ပြည်ထောင်စုနေ အထိမ်းအမှတ် နိုင်ငံတော်အခမ်းအနားများ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။
တိုင်းရင်းသားစည်းလုံးညီညွတ်မှုတည်ဆောက်ခဲ့
အမှန်စင်စစ်မှာမူ ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၆ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ဗြိတိန်ဘုရင်ခံဆာဟူးဘတ်ရန့်စ်ထံမှ အစိုးရအဖွဲ့ခေါင်းဆောင်တာဝန်ကို ရယူခဲ့သည်။ ထိုအချိန်မှစ၍ ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့သည ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့အထိ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး လုပ်ငန်းများကို အထူးအလေးထားလုပ်ဆောင်ခဲ့သည်။ တောင်တန်းဒေသများသို့ ကိုယ်တိုင်သွားရောက်ကာ တိုင်းရင်းသားလူမျိုးစုများကို စည်းရုံးခဲ့ရသည်။ အပင်ပန်းခံပြီး တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို တည်ဆောက်နိုင်ခဲ့သည်။
တိုင်းရင်းသားညီအစ်ကိုများအကြား ရေပက်မဝင်သော စည်းလုံးညီညွတ်မှုကိုသာ ခိုင်မာစွာ တည်ဆောက်ထားနိုင်မည်ဆိုလျှင် တိုင်းပြည်အင်အားတောင့်တင်း ခိုင်မာနေမည်ဖြစ်သည်။ အင်အားတောင့်တင်း ခိုင်မာနေသောနိုင်ငံကို မည်သည့်နိုင်ငံကမျှ ကျူးကျော်ရန်စဝံ့မည် မဟုတ်ချေ။ ဆိုလိုသည်မှာ ထိုနိုင်ငံသည် စည်းလုံးညီညွတ်မှုစွမ်းအားဖြင့် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို အမြဲတစေ ထိန်းသိမ်းထားနိုင်မည် ဖြစ်သည်။
တပ်မတော်၏ဖခင် ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် တိုင်းပြည်တည်ဆောက်ရေးတို့တွင် စုပေါင်းအားဖြင့် ကြိုးပမ်းအားထုတ်ရေးအတွက် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက် ည ပင်လုံမြို့၌ပြုလုပ်သည့် စော်ဘွားများ ထမင်းစားပွဲတွင် မြွက်ကြားခဲ့သည့် အချက်များအနက်မှ အချို့ကိုကောက်နုတ်ဖော်ပြရလျှင် “တစ်တိုင်းပြည်လုံး ကြီးပွားတိုးတက်စေချင်ရင် လူအား၊ ငွေအား၊ ပစ္စည်းအားနဲ့ပူးပေါင်းပြီး အင်တိုက်အားတိုက်လုပ်နိုင်မှ အကျိုးခံစား ခွင့်ရှိကြမှာပဲ။ ဗမာက တစ်မျိုး၊ ကရင်က တစ်ဖုံ၊ ကချင်၊ ချင်းတို့ကတခြားအကွဲကွဲအပြားပြားလုပ်နေကြရင် အကျိုးရှိမှာမဟုတ်ဘူး။ စုပေါင်းလုပ်ကြမှသာ အကျိုးရနိုင်မယ်” ဟု တိုက်တွန်းပြောကြားခဲ့သည်။
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြည်လွတ်လပ်ရေးကြိုးပမ်းမှုကာလတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ပြည်ထောင်စုဖွား တိုင်းရင်းသားများအကြား ပေါင်းစည်းအားဖြင့် ကြိုးပမ်းသွားရေးတို့အတွက် အမြော်အမြင်ကြီးမားစွာ တိုက်တွန်းပေသည်။
အားလုံးအတွက် ထာဝရငြိမ်းချမ်းရေး
သို့သော် လွတ်လပ်ရေးရရှိခဲ့သည်မှာ နှစ်ပေါင်း (၇၀)ကျော်ပြီဖြစ်သော်လည်း လက်ရှိအချိန်အထိ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို အပြည့်အဝတည်ဆောက်နိုင်ခြင်း မရှိသေးပေ။ ထို့ကြောင့် အစိုးရ အဆက်ဆက်သည် ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ကမ်းလှမ်းခဲ့သည်။ ထိုသို့ကြိုးပမ်းအားထုတ်မှုများကြောင့် နိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့တို့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်(Nationwide Ceasefire Agreement-NCA)ကို အောင်မြင်စွာလက်မှတ်ရေးထိုးနိုင်ခဲ့ပြီ ဖြစ်သည်။
ထို့အပြင် တပ်မတော်ကလည်း NCA လက်မှတ်ရေးထိုးရန် ကျန်ရှိနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားလုံးနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် စစ်တိုင်းနယ်မြေ ငါးခုတွင် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှ၂၀၁၉ ခုနှစ် ဧပြီလ ၃၀ ရက်နေ့အထိ စစ်ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ထိုသို့ နှစ်ဖက်အဖွဲ့အစည်းများ၏ အပြုသဘောဆောင်သော လှုပ်ရှားမှုများသည် ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းသော တိုးတက်မှုပြယုဂ်များပင်ဖြစ်သည်။
ပြည်ထောင်စုစိတ်ဓာတ်သည်သာ အခရာ
မျက်မှောက်ခေတ် ကမ္ဘာ့နိုင်ငံအသီးသီးက လေ့လာကြည့်မည်ဆိုလျှင် ပြည်ထောင်စုစိတ်ဓာတ်ကို ခိုင်မာစွာထိန်းသိမ်းထားနိုင်ခြင်းမရှိသော နိုင်ငံအချို့သည် ခေတ်သစ်ကိုလိုနီနယ်ချဲ့တို့၏ ဩဇာလွှမ်းမိုးလိုမှုအမျိုးမျိုးအကြားတွင် အချင်းချင်းသွေးကွဲကာ ပဋိပက္ခများ၊ စစ်ပွဲများဖြစ်ပွား၍ အင်အားချည့်နဲ့ ယိမ်းယိုင်ပြိုကွဲသွားကြရသည်ကို တွေ့မြင်နေကြရသည်။ ထို့ကြောင့် နိုင်ငံတော်အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ရာတွင်လည်းကောင်း၊ တိုင်းပြည်အတွင်း ထာဝရငြိမ်းချမ်းရေးတည်ဆောက်ရာ တွင်လည်းကောင်း၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရာတွင်လည်းကောင်း ပြည်ထောင်စုစိတ်ဓာတ်သည်သာ အခရာကျလျက်ရှိသည်။
တိုင်းရင်းသားညီအစ်ကိုများအကြား ပြည်ထောင်စုစိတ်ဓာတ် ကိန်းအောင်းနေစေရန်အတွက် ဒို့တာဝန်အရေးသုံးပါးကို တိုင်းရင်းသားအားလုံး၏ ယုံကြည်ချက်၊ ခံယူချက်တစ်ခုအနေဖြင့် မမှိတ်မသုန်စောင့်ထိန်းသွားရန်လည်း လိုအပ်ပါသည်။ မည်သို့ပင်ဆိုစေကာမူ ထာဝရငြိမ်းချမ်းရေး တည်ဆောက်ရာ တွင်တိုင်းရင်းသားအားလုံး ဥမကွဲ၊ သိုက်မပျက်၊ အေးအတူ၊ ပူအမျှ တစည်းတလုံးတည်း ပူးပေါင်းနေထိုင်သွား မည်ဆိုသော ပြည်ထောင်စုစိတ်ဓာတ်အရင်းခံဖြင့်သာ အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။
တိုင်းရင်းသားညီအစ်ကိုများအနေဖြင့် တိုင်းပြည်၏ မည်သည့်ဒေသတွင်နေထိုင်သည်ဖြစ်စေ တိုင်းရင်း သားညီအစ်ကိုမောင်နှမများအကြား ကျဉ်းမြောင်းသည့်ဝါဒများနှင့် သံသယများအား ချေဖျက်ကာ ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ် အရင်းခံဖြင့် ချစ်ကြည်ရင်းနှီးမှု တည်ဆောက်သွားနိုင်မည်ဆိုလျှင် အနာဂတ်ကာလတွင် အားလုံးမျှော်လင့်နေသော ထာဝရငြိမ်းချမ်းရေးကို ဧကန်မုချတည်ဆောက်နိုင်မည်ဖြစ်သည်။ သို့မှသာလျှင် ပြည်ထောင်စုကြီး ထာဝစဉ်အဓွန့်ရှည် တည်တံ့ခိုင်မြဲနေမည်ဖြစ်သည်။
ဆိုရလျှင် တိုင်းရင်းသားညီအစ်ကိုများသည် ပြည်ထောင်စုကြီးအတွင်း၌ ဥမကွဲ သိုက်မပျက်၊ အေးအတူပူအမျှ တစည်းတလုံးတည်း ပူးပေါင်းနေထိုင်မည်ဆိုသော ပြည်ထောင်စုစိတ်ဓာတ်ကို လွန်ခဲ့သော ၇၂ နှစ်ခန့်က ပင်လုံမြို့လေး၌ သက်သေထူနိုင်ခဲ့ကြသည်။ အတိအကျဆိုရလျှင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များသည် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် တိုင်းရင်းသား စည်းလုံးညီညွတ်မှုကိုဖော်ညွှန်းသည့် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ထိုစာချုပ်လက်မှတ်ရေးထိုးနိုင်မှုကြောင့် မြန်မာ တစ်နိုင်ငံလုံးလွှမ်းခြုံသော လွတ်လပ်ရေးကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကြီး ကျရောက်တော့မည်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ တိုင်းရင်းသားညီအစ်ကိုများအကြား ပင်လုံတွင်သန္ဓေတည်ခဲ့သော ပြည်ထောင်စုစိတ်ဓာတ်ဖြင့်သာလျှင် မဝေးတော့သည့်အနာဂတ်တွင် အားလုံးလိုလားတောင့်တနေသည့် ထာဝရငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်သွားနိုင်မည်ဟု အခိုင်အမာ ယုံကြည်နေမိပါတော့သည်။
မောင်သောင်းဝင်း(တမန်ဟောင်း)