ပွင့်ဖြူ   ၁၉    ဧပြီ  

   

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းကျင်းပ ပြုလုပ်သည့် ပွင့်ဖြူမြို့မစည်ပင်သာယာဈေးကြီးအား မီးဘေးလုံခြုံရေး လက်တွေ့မီးငြှိမ်းသတ်နည်း ပညာပေးသရုပ်ပြပွဲကို ယနေ့ ညနေ ၄ နာရီခွဲက အဆိုပါ ပွင့်ဖြူမြို့မစည်ပင်သာယာဈေးကြီး၌ ကျင်းပခဲ့သည်။

 

နွေရာသီကာလ မီးဘေးလုံခြုံစိတ်ချရမှုရှိစေရန်နှင့် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက ပြည်သူများအနေဖြင့် အန္တရာယ်မဖြစ်အောင် စနစ်တကျ မီးငြှိမ်းသတ်ခြင်းများ ပြုလုပ်ဆောင်ရွက်နိုင်စေရန်အတွက် ရည်ရွယ်၍ မီးဘေးလုံခြုံရေး လက်တွေ့ မီးငြှိမ်းသတ်နည်း ပညာပေးသရုပ်ပြပွဲအား ကျင်းပခြင်းဖြစ်သည်။ 

 

1

 

မီးဘေးလုံခြုံရေး လက်တွေ့မီးငြှိမ်းသတ်နည်း ပညာပေးသရုပ်ပြပွဲတွင် ယာယီမြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်စိုးမောင် နှင့် မီးသတ်တပ်ဖွဲ့ဝင်များ ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးဝင်းနှင့် ဝန်ထမ်းများက ပွင့်ဖြူမြို့မ စည်ပင်သာယာဈေးကြီးအတွင်း နွေရာသီကာလ မီးဘေးလုံခြုံရေးအတွက် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ စီမံ ဆောင်ရွက်ထားမှု ရှိ/ မရှိ ၊ ဈေးအတွင်း တပ်ဆင်အသုံးပြုသည့် လျှပ်စစ်ဝါယာကြိုးများ ကြံ့ခိုင်ကောင်းမွန်မှု ရှိ/ မရှိ ၊ ရေရယူသုံးစွဲရန် အဆင်ပြေမှု ရှိ/ မရှိ တို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 

ထို့နောက် ယာယီမြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်စိုးမောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးဝင်းနှင့် ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့မစည်ပင်သာယာဈေးကြီးအား နွေရာသီ မီးဘေးလုံခြုံ စိတ်ချရမှုရှိစေရေးအတွက် ဈေးသူဈေးသားများနှင့် ဒေသခံပြည်သူများအား မီးငြှိမ်းသတ်ပစ္စည်းများအသုံးပြု၍ စနစ်တကျ လက်တွေ့မီးငြှိမ်းသတ်နည်းအား ပညာပေးသရုပ်ပြသခြင်းများ ပြုလုပ်ဆောင်ရွက်ရာ တက်ရောက်လာသည့် ဈေးသူဈေးသားများနှင့် ဒေသခံပြည်သူများက စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)

 

1