ပွင့်ဖြူ ၂၁ မတ်
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်း မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် မွေးမြူရေးဆိုင်ရာ အသက်မွေးဝမ်းကျောင်းသင်တန်းဖွင့်ပွဲကို မတ် ၂၀ ရက်၊ နံနက် ၉ နာရီက မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးကိုကိုအောင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ သန့်ဇော်ထွေးက မြို့နယ်အတွင်း မွေးမြူရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဒေသခံကျေးလက်နေ ပြည်သူများ မွေးမြူရေးလုပ်ငန်းအား စီးပွားဖြစ် စနစ်တကျ မွေးမြူဆောင်ရွက်လုပ်ကိုင်တတ်စေရန် ရည်ရွယ်၍ မွေးမြူရေးဆိုင်ရာ သက်မွေးဝမ်းကျောင်း သင်တန်းအား ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းနှင့် တက်ရောက်လာသည့် သင်တန်းသားများအနေဖြင့် သင်တန်းမှ သင်ကြားပို့ချပေးမည့် အခြေခံတိရစ္ဆာန်မွေးမြူရေးဆိုင်ရာ လုပ်ငန်းများနှင့် မေထုံမဲ့သားစပ်ခြင်းဆိုင်ရာ နည်းစနစ်များကို ဂရုတစိုက် လေ့လာသင်ယူသွားကြရန် ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ဆက်လက်၍ ပွင့်ဖြူမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ သန့်ဇော်ထွေး ဦးဆောင်၍ သင်တန်းနည်းပြဆရာများက မြို့နယ်အတွင်း မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် တက်ရောက်လာသည့် သင်တန်းသားများအား ဆိတ်၊ နွား၊ ဝက် နှင့် စပ်လျဉ်းသည့် အခြေခံမွေးမြူရေး ဆိုင်ရာနည်းစနစ်များ ၊ အိမ်မွေးတိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သည့် ကူးစက်ရောဂါအကြောင်း သိကောင်းစရာများ၊ တိုင်းရင်းကြက်မွေးမြူရေး နည်းစနစ်များ၊ မေထုံမဲ့သားစပ်ခြင်း နည်းစနစ်များ၊ စားကျက်မြေများအကြောင်း သိကောင်းစရာများ၊ အာဖရိက အပြင်ဖျားရောဂါနှင့် ကြက်ငှက်တုပ်ကွေးရောဂါ ကာကွယ်ရန်နည်းလမ်းများ၊ တိရစ္ဆာန်ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးဥပဒေအကြောင်း သိကောင်းစရာများကို ကဏ္ဍအလိုက် စာတွေ့လက်တွေ့ စနစ်တကျ သင်ကြားပို့ချပေးခဲ့ကြသည်။
အဆိုပါ မွေးမြူရေးဆိုင်ရာ အသက်မွေးဝမ်းကျောင်းသင်တန်းဖွင့်ပွဲသို့ ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကိုကိုအောင်နှင့် ဖိတ်ကြားထားသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ သန့်ဇော်ထွေးနှင့် ဝန်ထမ်းများ၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၀ မှ သင်တန်းသား ၂၀ ဦး တို့ တက်ရောက်ခဲ့ကြောင်း သိရပြီး၊ သင်တန်းအား မတ် ၂၀ ရက်နေ့မှ ၂၄ ရက်နေ့အထိ ငါးရက်ကြာ ဖွင့်လှစ်ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


