ပွင့်ဖြူ ၁၂ မတ်
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပုသိမ် - မုံရွာ ကားလမ်းတွင် ယနေ့နံနက် ၆ နာရီအချိန်ခန့်က ဘုရားဖူးယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ဆရာတော်တစ်ပါးနှင့် အမျိုးသမီးတစ်ဦး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း ပွင့်ဖြူမြို့နယ် မဲဇလီနယ်မြေရဲကင်းစခန်းမှ သိရသည်။
ယနေ့ နံနက် ၆ နာရီခန့်က ပွင့်ဖြူမြို့နယ် ပုသိမ် - မုံရွာ ကားလမ်း မိုင်တိုင်အမှတ် ၂၅၁/၃ တွင် ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ ပွင့်ဖြူမြို့နယ် မဲဇလီနယ်မြေရဲကင်းစခန်းမှူး ဒုရဲအုပ်မျိုးသူသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ယာဉ်မောင်း ကျော်ဇင်သိန်း ၊ ကျွန်းတောရပ်ကွက် မြဝတီမြို့နေသူ မောင်းနှင်လာသော RLG / ---- လင်ခရူဇာ အဖြူရောင်ယာဉ်ပေါ်တွင် စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းကျေးရွာ မဟာဓမ္မရံသီ ကျောက်တိုက် ဆရာတော် ဦးသာသန အပါအဝင် (၁၀) ဦး လိုက်ပါစီးနင်းလာသော ဘုရားဖူးယာဉ်သည် ရွှေစက်တော်ဘုရားဖူးပြီး ပုသိမ် - မုံရွာကားလမ်းအတိုင်း တောင်မှ မြောက်သို့ မောင်းနှင်လာစဉ် မော်တော်ယာဉ်ချွတ်ယွင်းမှုကြောင့် လမ်းဘေးချောက်ထဲသို့ တိမ်းမှောက်သွားခဲ့ခြင်းဖြစ်သည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသည့် ဆရာတော် ဦးသာသနနှင့် မပန်းအိ(ခ) အိဖြိုး တို့မှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် လူနာများအား ပွင့်ဖြူမြို့နယ် ဆည်တော်ကျေးရွာ မြင့်မြတ်စိတ်ထား လူမှုကူညီရေးအသင်းအဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် နယ်မြေမီးသတ်တပ်ဖွဲ့ဝင်များက မဲဇလီတိုက်နယ် ဆေးရုံသို့ ဆေးဝါးကုသမှုခံယူရန် ဝိုင်းဝန်းကူညီ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိမ်းမှုနှင့် ပက်သက်ပြီး ယာဉ်မောင်းနှင်သူ ကျော်ဇင်ဟိန်း၊ မြဝတီမြို့၊ ကျွန်းတောရပ်ကွက်နေသူအား ပွင့်ဖြူမြို့နယ် မဲဇလီနယ်မြေရဲကင်းစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


