ပွင့်ဖြူ ၂ ဧပြီ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာ သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာကျောင်းတော်ရာဘုရား ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ် ဆရာတော်၊ သံဃာတော်များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူပူဇော်ပွဲ အခမ်းအနားကို ဧပြီ ၂ ရက် မွန်းလွဲ ၃ နာရီက အဆိုပါ ဘုရားကြီးပုရဝုဏ်အတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆရာတော်၊ သံဃာတော်များအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူပူဇော်ပွဲ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးဆန်းလင်း၊ မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေး၊ ပွင့်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာနှင့် အနီးဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများနှင့် ဘုရားဖူးဧည့်သည်များ တက်ရောက်ကြပြီး ပင့်သံဃာ အပါး ၁၃၀ အား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ စည်းကားသိုက်မြိုက်စွာ လောင်းလှူပူဇော်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာရှိ သာသနာ့သမိုင်းဝင် စန္ဒကူးနံ့သာကျောင်းတော်ရာဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကို ယခုနှစ်တွင်လည်း အစဉ်အလာမပျက် မြို့နယ်အတွင်းရှိ ဆရာတော်၊ သံဃာတော်များအား ပင့်ဖိတ်ကာ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူပူဇော်ခြင်းများ ထည့်သွင်း၍ တပေါင်းလပြည့်နေ့မှ တန်ခူးလဆန်း ၁၃ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ယခုနှစ်တွင် ဘုရားပွဲတော်ကြီး စည်ကားသိုက်မြိုက်စေရန်အတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အားပေးချီးမြှင့်မှု၊ မြန်မာနိုင်ငံ မြင်းစီးအားကစား အဖွဲ့ချုပ်၏ ကူညီပံ့ပိုးမှု၊ ပြည်သူလူထုနှင့် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၏ အားဖြည့်ကူညီမှုဖြင့် နှစ်ပေါင်း ၃၀ နီးပါးခန့် တိမ်မြုပ်ပျောက်ကွယ်ခဲ့သည့် နွားပြိုင်ပွဲကို ဖော်ထုတ်ကျင်းပခဲ့သည့်အပြင် ပထမအကြိမ် မြင်းစီးအားကစားပြိုင်ပွဲကို ထည့်သွင်းကျင်းပနိုင်ခဲ့သဖြင့် ဒေသခံပြည်သူများနှင့် ဘုရားဖူးဧည့်သည်များ လာရောက်စိတ်အပန်းဖြေ ကြည့်ရှုခွင့်ရရှိကာ ယခင်နှစ်များထက် ပိုမိုစည်ကားခဲ့ကြောင်း ကျောင်းတော်ရာကျေးရွာမှ ဒေသခံပြည်သူများထံမှ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


