ပွင့်ဖြူ ၂၈ မတ်
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ ဆန်စပါး၊ သီးနှံစိုက်ပျိုးရာတွင် ကြုံတွေ့နေရသည့် လုပ်သားရှားပါးမှု ပြဿနာများ ပြေလျော့သက်သာစေရန်နှင့် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းဖြင့် စိုက်နည်းစနစ် မှန်ကန်ပြီး သီးနှံအထွက်နှုန်း ပိုမိုကောင်းမွန်စေရန်ရည်ရွယ်၍ ပြုလုပ်သည့် ကောက်စိုက်စက်ဖြင့် စမ်းသပ်စိုက်ပျိုးခြင်း တောင်သူပညာပေး ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၈ နာရီခွဲက ပွင့်ဖြူမျိုးသန့်ခြံ စပါးစိုက်လယ်မြေတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကွင်းသရုပ်ပြပွဲတွင် မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးခင်မောင်ဝင်း က သီးနှံစိုက်ပျိုးထုတ်လုပ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ဆက်လက်၍ ပွင့်ဖြူမျိုးသန့်ခြံတာဝန်ခံ ဦးမျိုးချစ် က ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးရန် ပျိုးဗန်းများဖြင့် ပျိုးထောင်ခြင်းလုပ်ငန်းအဆင့်ဆင့်အား ရှင်းလင်းဆွေးနွေး ပြောကြားကာ ကောက်စိုက်စက် အသုံးပြုနည်းစနစ်အား ဂျပန်နိုင်ငံသား မစ္စတာ အိုမိုရီစံ က အသေးစိတ် ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် ပွင့်ဖြူမျိုးသန့်ခြံ စပါးစိုက်လယ်မြေတွင် ဂျပန်နိုင်ငံသား မစ္စတာ အိုမိုရီစံနှင့် ဝန်ထမ်းများအဖွဲ့က မနောသုခ မျိုးစပါးအား ဂျပန်နိုင်ငံထုတ် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနည်းစနစ်အား ကွင်းဆင်းသရုပ်ပြသရာ တိုင်းဒေသကြီးဦးစီးမှူး ဦးခင်မောင်ဝင်းနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဖိတ်ကြားထားသည့် ဒေသခံတောင်သူများက စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြသည်။
အဆိုပါ ကောက်စိုက်စက်ဖြင့် စမ်းသပ်စိုက်ပျိုးခြင်း တောင်သူပညာပေး ကွင်းသရုပ်ပြပွဲသို့ မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးခင်မောင်ဝင်းနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပွင့်ဖြူ မျိုးသန့်ခြံ တာဝန်ခံ ဦးမျိုးချစ်နှင့် ဝန်ထမ်းများ၊ ဖိတ်ကြားထားသည့် ဒေသခံတောင်သူ ၇၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


