ပွင့်ဖြူမြို့နယ်၌ ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ် အကောင်အထည်ဖော်ဆောင်ရွက်မှု ဂုဏ်ပြု မှတ်တမ်းလွှာပေးအပ်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး/ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်း ကျေးလက်နေပြည်သူများ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အမှိုက်ကင်းစင်သော စံပြကျေးရွာများ ဖြစ်လာစေရန်ရည်ရွယ်၍ ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ်  အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာအုပ်စု၊ ဂွေ့ကျေးရွာအား ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျေးရွာရှိ ရွာဦးဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲတွင် ပွင့်ဖြူမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးတင့်ဆန်းနှင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်တို့က ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့် အမှိုက်များ စနစ်တကျ စွန့်ပစ်မှုဆိုင်ရာ လုပ်ငန်းများအကြောင်းကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် ပွင့်ဖြူမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်း၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် တာဝန်ရှိသူများက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အသိအမှတ်ပြု ပေးအပ်သည့် ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ် ဂုဏ်ပြု မှတ်တမ်းလွှာအား ဂွေ့ကျေးရွာ ရွာခွဲတာဝန်ခံ ဦးဇော်နိုင်ထွန်းထံ လွှဲပြောင်းပေးအပ်ခဲ့ရာ ကျေးရွာသူ/ ကျေးရွာသားများကိုယ်စား ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

ပွင့်ဖြူမြို့နယ် ကုန်းဇောင်းကျေးရွာအုပ်စု/ ဂွေ့ကျေးရွာသည် အိမ်ထောင်စု ၂၂၀ ရှိပြီး လူဦးရေ ၉၄၆ ဦးရှိကြောင်း၊ ကျေးရွာတွင်း သန့်ရှင်းသာယာလှပရေးအတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲစနစ်လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ရဲဝင်းနိုင်(ညောင်ဦး)