ပွင့်ဖြူမြို့နယ်၌ မဲဇလီရေလွှဲဆည်ရေဖြင့် နွေစပါးသီးနှံ ဧကနှစ်သောင်းကျော် စိုက်ပျိုးပြီးစီး

 

ပွင့်ဖြူ ဧပြီ ၂၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် နွေသီးနှံစိုက်ပျိုးရာသီ၌ စပါးသီးနှံ ဧက ၂၃၆၆၈ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။ 

ပွင့်ဖြူမြို့နယ်တွင် နွေသီးနှံစိုက်ပျိုးရာသီ၌ စပါးဧက ၃၁၂၈၇ ဧက စိုက်ပျိုးရန် လျာထားပြီး ဖေဖော်ဝါရီလမှ စတင်၍ စိုက်ပျိုးခဲ့ရာ ယနေ့အထိ စပါး ၂၃၆၆၈ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။ 

“ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အနေနဲ့ နွေစပါးသီးနှံ ၃၁၂၈၇ ဧက စိုက်ပျိုးသွားဖို့ လျာထားပါတယ်။ ဒီနေ့အထိ ဧက ၂၃၆၆၈ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ပါတယ်။ နွေစပါးသီးနှံ လျာထားချက်ဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့အတွက် လိုအပ်တဲ့ စိုက်ပျိုးနည်းပညာတွေနဲ့ မျိုးကောင်းမျိုးသန့်ရရှိစေဖို့ တောင်သူတွေကို ကူညီဖြည့်ဆည်း ဆောင်ရွက်နေပါတယ်။ စပါးစိုက်ပျိုးရာမှာ အဓိက သီးနှံအထွက်နှုန်းကို တစ်ဧက ပန်းတိုင်အထွက်နှုန်းများရရှိအောင် ဆောင်ရွက်နေပြီး တောင်သူတွေကိုလည်း စိုက်နည်းစနစ်များ မှန်ကန်အောင် စိုက်ပျိုးကြဖို့ တွန်းအားပေး ဆောင်ရွက်လျက်ရှိပါတယ်” ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ နွေစပါးသီးနှံ စိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားစေရန်၊ သီးနှံအထွက်နှုန်း တိုးတက်မြင့်မားလာစေရန်နှင့် တောင်သူများ သီးနှံဝင်ငွေ တိုးပွားစေရန် ရည်ရွယ်၍ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနနှင့် စိုက်ပျိုးရေးနှင့် သက်ဆိုင်သည့် ဆက်စပ်ဌာနများက နွေသီးနှံစိုက်ပျိုးရေးဆိုင်ရာ တောင်သူပညာပေး လုပ်ငန်းများကို ကွင်းဆင်းကြီးကြပ် ဆောင်ရွက်လျက်ရှိပြီး တောင်သူများ သီးနှံအထွက်နှုန်း တိုးတက်မြင့်မားစေရေးအတွက် စိုက်နည်းစနစ်မှန်ကန်ရေး၊ မျိုးကောင်းမျိုးသန့်ရရှိရေး၊ မြေဆီလွှာကောင်းမွန်စေရန် သဘာဝမြေဆွေး၊ မြေဩဇာနှင့် သဘာဝပိုးသတ်ဆေး စသည့် စိုက်ပျိုးရေးသွင်းအားစုပစ္စည်းများ ကိုယ်တိုင်ပြုလုပ်သုံးစွဲနည်းစနစ်များကို ပံ့ပိုးကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေဖြင့် မြောက်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာတွင် နွေစပါး ၃၁၂၈၇ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ နွေစပါး၂၃၆၆၈ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရပြီး ဒေသခံတောင်သူများ အဓိကစိုက်ပျိုးသည့် စပါးမျိုးများမှာ ဆာဖိုးသာ၊ GW 1 ၊ ရတနာတိုး၊ မနောသု၊ ဆင်းသုခ၊ ချမ်းမြေမေ စသည့် စပါးမျိုးများကို စိုက်ပျိုးကြကြောင်း သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)