ပင်းတယ ဧပြီ ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့တွင် ရှမ်းရိုးရာအစားအစာ တစ်မျိုးဖြစ်သည့် ဂျင်း/ဂျူးပဲပုတ်စပ်လုပ်ငန်းအား အိမ်တွင်းမှုလုပ်ငန်းအဖြစ် တွင်တွင်ကျယ်ကျယ် ပြုလုပ်ပြီး အခြားဒေသများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။
ဂျင်း/ဂျူးပဲပုတ်စပ် ပြုလုပ်ရာတွင် ကုန်ကြမ်းဖြစ်သည့် ပဲပုတ်စေ့အား ရပ်စောက်မြို့နယ် အနီးအနားကျေးရွာများမှ ဝယ်ယူ၍ ပဲပုတ်စေ့များအား စင်ကြယ်အောင် ဆေးကြောသန့်စင်ပြီး တစ်နေ့ကုန်ပြုတ်၍ ညက်နေအောင်ကြိတ်ထားပြီး တစ်ညအအေးခံကာ နောက်တစ်နေ့နံနက်မှ ဂျူး၊ ဂျင်း၊ ဆား၊ ငရုတ်သီးတို့အား အချိုးအစားအတိုင်းထည့်၍ နှံ့စပ်အောင် ရောနှောပေးရကြောင်း၊ ထို့နောက် ပဲပုတ်များအား လိုအပ်သည့်အရွယ်အစားအတိုင်း အလုံးလေးများပြုလုပ်ကာ ပဲပုတ်ပြား များဖြစ်လာအောင် ပြုလုပ်ပြီး ခြောက်သွေ့သည်အထိ နေအပူခံမှသာ လှပ၍အရသာကောင်းမွန်သော ဂျင်း/ဂျူးပဲပုတ်စပ်များ ရရှိမည်ဖြစ်ကြောင်း ဒေသအတွင်းရှိ ဂျင်း/ဂျူးပဲပုတ်စပ် လုပ်ငန်းလုပ်ကိုင်သူ တစ်ဦးထံမှ သိရသည်။
အဆိုပါ ဂျင်း/ဂျူးပဲပုတ်စပ်များအား နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ တောင်ကြီးနှင့် အခြားသော ဒေသများသို့ တင်ပို့ရောင်းချရသည့်အပြင် မြို့နယ်အတွင်းသို့ လာရောက်လည်ပတ်ကြသည့် ဘုရားဖူးဧည့်သည်များမှလည်း ဝယ်ယူကြပြီး ယခုအချိန်တွင် ဂျင်းပဲပုတ်၊ ဂျူးပဲပုတ် တစ်ပိသာလျှင် (၈၀၀၀)ကျပ်အထိ ရရှိသောကြောင့် အိမ်တွင်းမှု တစ်နိုင်တစ်ပိုင်လုပ်ငန်းများအဖြစ် လုပ်ကိုင်ကြကာ မိသားစုဝင်ငွေတိုးပြီး စားဝတ်နေရေးအတွက် အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)


