ပြင်ဦးလွင် “ရုက္ခဗေဒ” ပန်းပွဲတော် ဖွင့်ပွဲ Htoo ကုမ္ပဏီ နှင့် ဂျွန်လွင် (Star Event Production) တို့ ပူးပေါင်းပြုလုပ်မည်

နှစ်စဉ်ကျင်းပပြုလုပ်လျှက်ရှိသော မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ “ရုက္ခဗေဒ” ပန်းဥယျာဉ်တွင် Htoo Group Of Companies  နှင့် ဂျွန်လွင် (Star Event Production) တို့ ပူးပေါင်းပြီး ဂျပန်နှင့် ထိုင်းနိုင်ငံမှ ပန်းပညာရှင်များဖြင့် ပြည်တွင်းမှာ ပန်းပညာရှင်များ ပူးပေါင်း၍  ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။

“ပွဲတော်ကို ပန်းအစစ်တွေနဲ့ ပြုလုပ်မှာပါ၊ ဒီနှစ်က ပြီးခဲ့တဲ့နှစ်တွေထက် ဘာတွေ ထူးခြားမလည်းဆို  တကယ့် ပညာရှင်တွေလာပြီး ဖန်တီးထားတဲ့ ပန်းအစစ်နဲ့ လုပ်ထားတဲ့ ပုံသဏ္ဍာန်အမျိုးမျိုးရဲ့ အရုပ်တွေပါမယ်၊ စက္ကူနဲ့ လုပ်ထားတဲ့ ပန်းတွေမပါဘူး၊ ပန်းအစစ်တွေကိုသာ သုံးတယ်၊ ပြီးတော့ ဖွင့်ပွဲကိုလည်း ခမ်းနားထည်ဝါစွာနဲ့ လုပ်မှာပါ၊ ဒီပွဲကြီးက မြန်မာပြည်ရဲ့ အခမ်းနားဆုံး ပွဲတစ်ခုဆိုလည်း မမှားပါဘူး၊ စတိတ်စင် အကြီးကြီး၊ နိုင်ငံကျော် အဆိုတော်တွေနဲ့ အကပညာရှင်တွေနဲ့ ဖွင့်လှစ်မှာပါ၊ ဘယ်ပွဲဘဲလုပ်လုပ် ကျွန်တော့်အတွက် အခက်အခဲ သိပ်မရှိပါဘူး၊ အစစအရာရာ အသေးစိတ်ကအစ သေချာစိစစ်လုပ်ဆောင်ပါတယ်၊ အခုလည်း ပန်းပွဲတော်ကို လာတဲ့သူတွေ သွားလာရေးကအစ အားလုံးအဆင်ပြေအောင် အဘက်ဘက်ကနေ ပါဝင်လုပ်ဆောင်ထားပါတယ်၊  ဒီပွဲကို လာကြည့်တဲ့ သူတွေအနေနဲ့ ပန်းတွေရဲ့ အလှတရားနဲ့အတူ ရှားပါတဲ့ ပန်းမျိုးစေ့တွေကို တွေ့ရမယ်၊ ရန်ကုန်မှာဆို ပန်းတွေက တွေ့ရတာ နည်းလာသလိုရှိတယ်၊ တန်းဖိုးထားမှုလည်း သိပ်မတွေ့ရဘူးလေ၊ ဒါတွေဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတာမျိုးပါ၊ အခုလို ပန်းပွဲတော်ကို လုပ်တဲ့အတွက် ပန်းတွေကို တန်ဖိုး ထားတက်ကြမယ်၊ သဘာဝပတ်ဝန်းကျင်ကိုလည်း ပိုဂရုစိုက်နိုင်ကြမယ် ထင်ပါတယ်” ဟု ပန်းပွဲတော် ဖွင့်ပွဲကို တာဝန်ယူ ဆောင်ရွက်မည့် ကိုဂျွန်လွင် (Star Event Production ) က ပြောဆိုသည်။

ယင်းပွဲတော်တွင် ပြသမည့် ပန်းအမျိုးအစားများ အနေဖြင့် ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ ပန်းမျိုးစိတ် (၃၃)မျိူး၊ ပြည်တွင်းပန်းမျိုးစိတ် (၃၆)မျိုး၊ အပင်အရေအတွက် နိုင်ငံခြားမျိုးစိတ် (၂၄၀၀၀၀) တို့ ပါဝင်ပြသသွားမည် ဖြစ်ပြီး ပြည်တွင်း ပန်းပင်အရေအတွက် (၇၀၀၀၀)ခန့် စုစုပေါင်း ပန်းအမျိုးအစား (၃၀၀၀၀၀) ကျော် ပြသသွားမည် ဖြစ်သည်။

အဆိုပါ ပွဲတော်တွင် ကုန်ပစ္စည်းများ အရောင်းပွဲတော်၊ ဒေသထွက် အစားအစားများ၊ ပန်းအရောင်းဆိုင်များ၊ ပန်းအလှထိုး ပြိုင်ပွဲများ၊ ဒေသထွက် ပန်းအလှပြိုင်ပွဲများ၊ သစ်ခွအလှပြိုင်ပွဲများနှင့်အတူ Weekend တိုင်းမှ နာမည်ကြီး အဆိုတော်များနှင့်အတူ  Hip Hop Show ၊ Rock Show ၊ Emperor Music Brand ၏ တီးခတ်မှုများ၊ မြို့မတေးဂီတအဖွဲ့၏ မြန်မာသံတေးသီချင်း တီးခတ်ဖျော်ဖြေမှုများ ပါဝင်မည်ဟု သိရသည်။

 

ကိုလင်း