ပြင်ဦးလွင်တွင်လာမည့်မိုးရာသီ၌ မျိုးစေ့နှစ်သိန်းစိုက်ပျိုးရန် စီစဥ်ထားရာ ထူးထူးခြားခြားအနေဖြင့် သစ်စေ့ပါမြေလုံးကို လောက်စလုံးဖြင့်ပစ်၍ မျိုးစေ့ကြဲသည့်ပုံစံကိုလည်း ထည့်သွင်းမည်


ရန်ကုန် မေ ၁၂
ပြင်ဦးလွင်တွင်လာမည့်မိုးရာသီ၌ မျိုးစေ့နှစ်သိန်း စိုက်ပျိုးရန် စီစဥ်ထားရာ ထူးထူးခြားခြားအနေဖြင့် သစ်စေ့ပါမြေလုံးကို လောက်စလုံးဖြင့်ပစ်၍ မျိုးစေ့ကြဲသည့်ပုံစံကိုလည်း ထည့်သွင်းမည်ဖြစ်ကြောင်း Green Challenge Association မှ ဥက္ကဋ္ဌ ဦးအောင်မျိုးပိုင်ကပြောကြားသည်။
Green Challenge Association မှ ပြင်ဦးလွင်မြို့တစ်ဝိုက် သစ်ပင်များဖြင့် စိမ်းလန်းစိုပြေစေရန် သမားရိုးကျ နည်းလမ်းဖြင့် သစ်ပင်စိုက်ခြင်း၊ လူကိုယ်တိုင်မျိုးစေ့ပစ်ကြဲခြင်း၊ လေးခွဖြင့်မျိုးစေ့ကြဲခြင်း၊ မီးပုံးပျံဖြင့် မိုးစေ့ကြဲခြင်း အစရှိသဖြင့်နည်းလမ်းများစွာဖြင့် ယခင်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
“ဒီနှစ် မီးပုံးပျံ ပါ၊ မပါတော့ မသေချာသေးဘူး။ ပုံမှန်က အပင်စိုက်သွားရင် လမ်းဘေး ဝဲ၊ ယာကိုတော့ လက်နဲ့ပစ်တယ်၊ တောင်ကြားတွေ၊ တောင်ပေါ်တွေကို လေးခွနဲ့ပစ်တယ်။ ဒီဟာက ဇူလိုင်၊ ဩဂုတ်မှာ လုပ်ဖြစ်တာပေါ့။ မျိုးစေ့ကတော့ အခုကတည်းစပြီး စုနေပြီပေါ့၊ လုံးတာကတော့ ဇွန်ကျမှစပြီး လုံး‌တာပေါ့။ တစ်နှစ်လျှင် မျိုးစေ့ နှစ်သိန်းလောက်တော့ ကြဲဖြစ်ပါတယ်။ ကိုဗစ်ကာလတုန်းကလည်း မီးပုံးပျံမပါပေမဲ့ နှစ်သိန်းပြည့်အောင်တော့ ကြဲတယ်။ ပြင်ဦးလွင်မှာကလည်း တောကပြုန်းနေပြီဆိုတော့ ရာသီဥတုကလည်း သိသိသာသာပူလာတယ်၊ အဓိကက မြို့ပတ်ပတ်လည် တောပြန်ဖြစ်ချင်တာ။ တောထဲကို ကိုယ်တိုင်ကလည်း သွားမစိုက်နိုင်တဲ့အခါ လောက်လေးခွနဲ့ဖြစ်ဖြစ်၊ မီးပုံးပျံနဲ့ကြဲကြဲ လူမရောက်နိုင်တဲ့ နေရာတွေကို မျိုးစေ့ရောက်နိုင်မယ်။ အဓိကသစ်ပင်တွေပြန်ရှိစေချင်တာ။ မျိုးစေ့ကြဲတာ လက်နဲ့ပစ်တာ၊ မြေကြီးကိုတုတ်နဲ့ဖောက်ပြီး မျိုးစေ့ထည့်တာ၊ လေးခွနဲ့ပစ်တာ၊ ပရာမိုတာနဲ့ ကြဲတာ၊ မီးပုံးပျံနဲ့ကြဲတာတွေ ဆောင်ရွက်တယ်”ဟု ၄င်းကဆိုသည်။
၎င်းတို့အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း သမားရိုးကျနည်းလမ်းဖြင့် အပင်ပျိုးပင် ၃၀၀ ကျော်မှ ၅၀၀ ခန့်အထိ စိုက်ပျိုးနိုင်‌ရေးအတွက် ချုံရှင်း၊ ကျင်းတူးရန် လူဦးရေ ၂၀၊ ၃၀ ခန့်အထိ လိုအပ်ကာ တော၊ တောင်များသို့သွားရောက် စိုက်ပျိုးရန် အခက်အခဲရှိ၍ လေးခွပစ်၍ မျိုးစေ့ချစိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်းလည်း ပြောကြားသည်။
ယင်းအပြင် ပြင်ဦးလွင်မြို့ရှိ Trekking အုပ်စုများ၊ Rider များ၊ Bikers များကိုလည်း လမ်းကြောင်းထွက်လျှင် ၎င်းတို့သွားသည့် လမ်းတစ်လျှောက် တောင်ကြော တောင်ကြားတွင် ကူကြဲပေးရန် အကူအညီတောင်းပြီး အသင်းဝင် Members များကိုလည်း ခရီးသွားလာပါကလည်း ယူသွား၍ကြဲပေးရန် နည်းလမ်းမျိုးစုံဖြင့် လျာထားသည့် မျိုး‌စေ့ကုန်စေရန် ဆောင်ရွက်ရကြောင်း သိရသည်။
သမားရိုးကျချုံရှင်း၊ ကျင်းတူးစိုက်လျှင် မျိုးစေ့သိန်းချီစိုက်ပျိုးရန် မလွယ်ကူကြောင်းနှင့် မျိုးစေ့ချစိုက်ပျိုးခြင်းတွင်လည်း မိုးကြီး၍ မျိုးစေ့ရေထဲမျောပါလာခြင်း၊ အပင်ပေါက်ဖြစ်လာချိန်တွင် တောမီး လောင်ချိန်တွင် ရှင်သန်ရန် အခက်အခဲများရှိနိုင်သော်လည်း မျိုးစေ့ နှစ်သိန်းကြဲခဲ့သည့်အနက် နှစ်သောင်းခန့်ရှင်သန်နိုင်လျှင်ပင် အမြတ်ဖြစ်ကြောင်း၎င်းကဆိုသည်။
Green Challenge Association အဖွဲ့အနေဖြင့် ပြင်ဦးလွင်မြို့ပတ်လည်တွင် ၂၀၁၉ ခုနှစ်မှစ၍ မျိုးစေ့ချ စိုက်ပျိုးနည်းကို စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် မီးပုံးပျံဖြင့် မျိုးစေ့ချစိုက်ပျိုးခြင်းအပါအဝင် အခြားနည်းလမ်းများဖြင့်ပါ မျိုးစေ့ခြောက်သိန်းခန့် ပျိုးနိုင်ခဲ့ကြောင်း၊ ၂၀၂၁ နှင့် ၂၀၂၂ ခုနှစ်တွင် မီးပုံးပျံမပါဝင်ဘဲ မျိုးစေ့ချခြင်းနှင့် ၂၀၂၃ ခုနှစ်တွင် မီးပုံးပျံဖြင့် မျိုးစေ့ချခြင်းကိုပါ ဆောင်ရွက်နိုင်ခဲ့ကြောင်းနှင့် ယခင်စိုက်ပျိုးခဲ့သည့်နေရာများ၏ ရာခိုင်နှုန်း ၃၀ ခန့်တွင် အပင်များ ပေါက်ရောက် ရှင်သန်နေကြကြောင်းလည်း ပြောသည်။
“အခုမျိုးစေ့ချစိုက်ပျိုးခဲ့တဲ့နေရာတွေကို သွားကြည့်ရင်ရာခိုင်နှုန်း ၃၀ လောက်က အပင်တွေရှိတယ်။ အချို့နေရာလေးတွေဆို အုပ်အုပ်လေးတွေတောင်ဖြစ်နေပြီ။ အောက်ပိုင်းဘက် ပူတဲ့နေရာတွေဆို သျှား၊ ထနောင်း၊ မန်ကျည်းတို့တွေကြဲတယ်။ ပေါက်တဲ့နေရာတွေဆို စိန်ပန်းတို့၊ အစုံပဲ၊ အမျိုး ၂၀ လောက်ကြဲတယ်"ဟုလည်း ၄င်းက ပြောသည်။ 
MT