ပြန်လည်ဆုံစည်းကြပါစို့ ကျေးဇူးကမ္ဘာ

၅  ဖေဖော်ဝါရီ

 

မရွယ်ဆိုင်း

 

ငါတို့တစ်တွေ ပြည်ထောင်စုပွဲမှာ ဆုံတွေ့ခဲ့ကြတာ နှစ်ပေါင်း ၃၀ ကျော်ကြာခဲ့ပေမယ့် ယနေ့ထက်တိုင် မမေ့နိုင်သေးတာကိုသိစေချင်လို့ ရေးသားလိုက်ရခြင်း ဖြစ်ပါ တယ်။ လူငယ်လူရွယ်ဘဝက တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေကို ကြိုဆိုဧည့်ခံကျွေးမွေးခဲ့ကြတာတွေဟာ ယနေ့အထိ မမေ့နိုင်စရာအဖြစ်တွေပါ။

 

ညပိုင်း ပြည်ထောင်စုထမင်းစားပွဲအပြီးတိုင်းမှာ - 

 

“ဂဂျာငိုင် အီး”

 

“ဂ ဂျာ၊ ဂ ဂျာ”

 

“ကျေးဇူးကမ္ဘာနော”

 

“ကျေးဇူးကမ္ဘာ” လို

 

တိုင်းရင်းသားစကားသံဝဲဝဲလေးနဲ့ ပြောပြောပြီး ပြန်သွားလေ့ရှိတဲ့ မင်းတို့တစ်တွေကို သတိရမိတာ အမှန်ပါ။ နှစ်တိုင်း နှစ်တိုင်း ဒီလိုအချိန်အခါ ကာလ တွေကိုရောက်တိုင်း သတိရနေမိတာကို သိစေချင်လို့ပါ။ဒီနှစ်မှာ အရင်နှစ်တွေနဲ့မတူဘဲ ပိုပြီးတော့ သတိရ မိတဲ့အကြောင်းကတော့ မင်းတို့၊ ငါတို့တွေ အတူဆုံတွေ့ခဲ့ကြတဲ့ ရန်ကုန်မြို့ ကျိုက္ကဆံကွင်းကြီးထဲမှာ ဒီကနေ့တိုင်းရင်းသားတွေ တစုတဝေးတည်း၊ လက်ရည်တစ်ပြင်တည်း ဆုံတွေ့ကြတဲ့မြင်ကွင်းတွေကို မြင်လိုက်ရတော့ အတိတ်က ဒို့တစ်တွေ ဆုံစည်းခဲ့ကြတာတွေကိုပြန်ပြောင်းအောက်မေ့ သတိရမိပါတယ်။

 

ပြီးခဲ့တဲ့ရက်ပိုင်းက ကျိုက္ကဆံအားကစားကွင်းထဲမှာ ကျင်းပခဲ့တဲ့ သွေးချင်းတို့ရဲ့ပွဲတော်ဆီသို့ မရောက်ရောက်အောင် သွားခဲ့တာကို အမှန်အတိုင်းပြောရရင် မတွေ့နိုင်တော့မှန်းသိရဲ့သားနဲ့ မင်းတို့တစ်တွေကို သတိရလွန်းလို့သွားခဲ့တာပါ။ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ ကျော်က ဒီအချိန်၊ ဒီနေရာမှာ မင်းတို့၊ ငါတို့တစ်တွေ နေ့စဉ်နေ့တိုင်း ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးနဲ့ ဆုံတွေ့ခဲ့ရတဲ့အဖြစ်တွေဟာ ငါတို့ရဲ့နှလုံးသားထဲမှာ သံမှိုစွဲသလို ခိုင်မြဲသွားတယ်ဆိုတာ မင်းတို့လည်းအသိ၊ ငါတို့လည်းအသိဖြစ်နေမယ ဆိုတာ သေချာမှာပါ။

 

ငါတို့တစ်တွေ ဆုံခဲ့တုန်းက မင်းက ကချင်၊ ငါက ရခိုင်၊ မင်းက ရှမ်း၊ ငါက ဗမာဆိုတဲ့စိတ်တွေ ကွယ်ပျောက်ပြီးတော့ ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင်နေခဲ့ကြတာတွေဟာ ပြည်ထောင်စုစိတ်ဓာတ်လို့ ဆိုရမှာပါ။ မြန်မာပြည်အောက်ပိုင်းက ရန်ကုန်မြို့ ကျိုက္ကဆံကွင်းကြီးဆီကို ဟိုးအဝေး တောင်တန်းကြီးတွေဆီက လာလည်ကြတဲ့မင်းတို့တစ်တွေကို ကြိုဆိုခဲ့ကြ၊ ဧည့်ခံခဲ့ကြတာဟာ အိမ်ရှင်က ဧည့်သည်အပေါ် ကျေပွန်ရမယ့် ဝတ္တရားလို့နည်းနည်းလေးမှ မထင်မိခဲ့တာအမှန်ပါ။ စိတ်ထဲမှာ တကယ်ခံစားဖြစ်ခဲ့တာက ကွဲကွာနေတဲ့သွေးရင်းသားရင်း၊ ညီအစ်ကိုမောင်နှမအရင်း ငါတို့တစ်တွေ ပြန်လည်ဆုံတွေ့ကြတာလို့ ထင်မိပါတယ်ဗျာ။ အဲဒီတုန်းက ဧည့်ခံဖျော်ဖြေကြ၊ ဧည့်ခံကျွေးမွေးကြနဲ့အပြန်ပြန်အလှန်လှန် တစည်းတလုံးတည်း မိသားစုတွေဝိုင်းဖွဲ့လို့ ချစ်ချစ်ခင်ခင် စည်းစည်းလုံးလုံးနဲ့ လက်ရည်တစ်ပြင်တည်းဖြစ်ခဲ့ကြတဲ့ ပြည်ထောင်စုအိမ်ဂေဟာ တစ်ခုထဲကို ရောက်နေသလို ခံစားရတယ်လို့ဆိုရမှာပါ။

 

မင်းတို့က ငါတို့တစ်တွေကို ဧည့်ခံဖျော်ဖြေကြလို့ငါတို့တစ်တွေမှာ ပျော်လို့မဆုံး၊ မော်လို့မဆုံး။ ငါတို့က ဧည့်ခံကျွေးမွေးကြလို့ မင်းတို့ကအပြုံးတွေ ဝေဆာကျေးဇူး ကမ္ဘာလို့ ဆိုလိုက်ကြ။ အဲဒီအပြုံးအပျော်တွေဟာ ငါတို့ နှလုံးသားထဲမှာ ကြည်နူးမဆုံးဖြစ်ခဲ့တာအမှန်ပါ။ ငါတို့တစ်တွေ ပြည်ထောင်စုနေ့ပွဲတော်ကြီးပြီးလို့ နှုတ်ဆက်ခွဲခွာကြတော့ . . .

 

“ငါတို့ တောင်ပေါ်ကိုလည်း လာခဲ့ဦးနော်”

 

“ကျေးဇူးကမ္ဘာ၊ ကျေးဇူးကမ္ဘာ” ဆိုတဲ့ မင်းတို့ရဲ့နှုတ်ဆက်စကားဟာ ငါ့တို့နှလုံးသားထဲမှာ သံမှိုစွဲသလိုစွဲကျန်ခဲ့တာပါ။ နှုတ်မဆက်ဘဲ၊ မခွဲခွာချင်ဘဲ “မင်းတို့နဲ့အတူရှိနေတယ်” ဆိုတဲ့ ငါတို့နှလုံးသားထဲက စကားသံတွေကို မင်းတို့ကတော့ မကြားနိုင်ပါ။ ရိုးသားဖြူစင်ပြီး နှစ်လိုဖွယ်ကောင်းတဲ့ မင်းတို့လိုတိုင်းရင်းသားတွေနဲ့ပြန်လည်ဆုံတွေ့ချင်တာ အမှန်ပါ။

 

ဒီနေ့ထက်တိုင် ငါတို့တစ်တွေ မင်းတို့ကိုသတိရမိနေတယ်ဆိုတာကို သိစေချင်မိပါတယ်။ မင်းတို့ကသာ ငါတို့တွေဆီလာခဲ့ပေမယ့် မင်းတို့တောင်တန်းကြီးတွေဆီကို ငါတို့မရောက်ခဲ့တာကို ခွင့်လွှတ်နားလည်ပေးပါ။ မင်းတို့ တောင်ပေါ်ဒေသတွေကို ငါတို့အလည်အပတ်လေးတောင် မရောက်ဖြစ်ခဲ့ပေမယ့် ငါတို့ရဲ့မိခင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ရောက်ခဲ့တာ၊ နိုင်ငံ့ခေါင်းဆောင်တွေ၊ အခြားငါတို့မိသားစုဝင်တွေ လာရောက်ကြတာကို မင်းတို့ကျေနပ်ကြမှာပါ။

 

မင်းတို့နဲ့ ငါတို့ဟာ ရေမြေခြားပြီး အဝေးတစ်နေရာက လူမျိုးမတူသူတွေဆိုပေမယ့်လည်း ငါတို့ရဲ့ နှလုံးသားတွေ ထဲမှာတော့ တစ်မိဝမ်းတွင်းက မွေးဖွားခဲ့ပြီး ကွဲကွာနေတဲ့မိသားစုတွေ ပြန်လည်ဆုံတွေ့ရသလို လှိုက်လှိုက်လှဲလှဲ ခံစားမိခဲ့တယ်ဆိုတာကို သိစေချင်ပါတယ်။ ငါတို့တွေအဲဒီတုန်းက ဆုံတွေ့နိုင်အောင် အစိုးရက စီစဉ်ပေးတယ်လို့တောင် မထင်မိကြပါဘူး။ ငါတို့စိတ်နဲ့ ငါတို့ကိုယ်ကိုယ့်မိသားစုအချင်းချင်း လွတ်လွတ်လပ်လပ် ဆုံကြတယ်လို့ ထင်မိခဲ့ပါတယ်။ အခုငါတို့ဆုံခဲ့ကြတဲ့ ကျိုက္ကဆံကွင်းနေရာမှာ ငါတို့လို တိုင်းရင်းသားတွေ ငါတို့ဆုံတုန်း၊ ကြုံတုန်းကလိုပြန်လည် ဆုံတွေ့နေတာကို မြင်တွေ့ရတော့ ဟိုးလွန်ခဲ့တဲ့အနှစ် ၃၀ ကျော်က မင်းတို့၊ ငါတို့ဆုံခဲ့ကြတဲ့ မမေ့နိုင်စရာ ဒို့တိုင်းရင်းသားတွေရဲ့ပုံရိပ်တွေဟာ မဟောင်းနွမ်းသေးဘဲ ယနေ့ထက်တိုင် မညှိုးနွမ်းဘဲ လန်းဆန်းနေတယ် ဆိုတာကို မင်းသိစေချင်ပါတယ်။

 

တကယ်တော့ ဒို့တစ်တွေဟာ ညီရင်းအစ်ကို မောင်ရင်းနှမတွေဖြစ်ခဲ့တာကြောင့် အနေဝေးပေမယ့်လည်း တစ်သွေးတည်း၊ တစ်သားတည်းပါပဲ။ အနေဝေးပေ မယ့်လည်း လှိုက်လှိုက်လှဲလှဲ ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင်ရှိနေဆဲပါပဲ။ ကချင်ပြည်နယ်ကို ငါတို့ခေါင်းဆောင်တွေ ရောက်တဲ့အခါ၊ ကချင်မနောပွဲမှာ တိုင်းရင်းသားတွေ စုဝေးရောက်ရှိတဲ့အခါ၊ ကချင်ပြည်နယ်ထဲက တိုက်ပွဲရှောင် မိသားစုတွေကိုမြင်ရတဲ့အခါ မင်းတို့ကော ပါလေမလားလို့ တစ်ခါတစ်ခါ ထင်မိပါတယ်။

 

လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ ကျော်က မင်းတို့နဲ့အမှတ်တရ ရိုက်ခဲ့တဲ့ဓာတ်ပုံလေးဟာ အခုအခါမှာ မပီဝိုးတဝါး မှေးမှိန်ဖျော့တော့ နေပေမယ့် ဒို့တစ်တွေရဲ့ စိတ်နှလုံး သားကတော့ လန်းဆန်းသစ်လွင်နေဆဲပါ။ ငယ်ရွယ်နုပျိုစဉ်က မင်းတို့၊ ငါတို့ တိုင်းရင်းသားတွေ ဆုံတွေ့နိုင်ခဲ့ကြတာဟာ ကံကောင်းခြင်းဖြစ်လို့ ကျေးဇူးကမ္ဘာပါ။ ပြန်လည်ဆုံတွေ့နိုင်ဖို့ ငါတို့တိုင်းရင်းသားတွေ ငြိမ်းငြိမ်းချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်နေထိုင်နိုင်ဖို့ ငါတို့ နေ့စဉ်ဆုတောင်းနေတာ။ ကျေးဇူးကမ္ဘာပါ။ ။

 

ကျော်စွာငယ်