ပညာရေးစုံညီပွဲတော်နှင့် ထူးချွန်ဆုရရှိသူများအား ဆုချီးမြှင့်ပွဲကျင်းပ

ရန်ကုန် ၇ ဇန်နဝါရီ 
 

ပညာရေးဝန်ကြီးဌာန ကြီးကြပ်မှုဖြင့် ပညာရေးစုံညီပွဲတော်နှင့် ထူးချွန်ဆုရရှိသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ် အမှတ်(၁၀) အခြေခံပညာမူလတန်းကျောင်း တေဇခန်းမ၌ ကျင်းပသည်။
 

အဆိုပါ ပညာရေးစုံညီပွဲတော်တွင် ပထမတန်း (ကျား/မ) မီတာ (၅၀)အပြေးပြိုင်ပွဲ၊ (ကျား)အင်္ကျီဝတ် ပြိုင်ပွဲ၊ (မ)မုန့်စားပြိုင်ပွဲ၊ ဒုတိယတန်း(ကျား/မ) အာလူးကောက်ပြိုင်ပွဲ၊ တတိယတန်း (ကျား)သုံးချောင်းထောက် ပြိုင်ပွဲ၊ (မ)အပ်ထိုးပြိုင်ပွဲ၊ စတုတ္ထတန်းပြိုင်ပွဲတွင် (ကျား)အလျားခုန်ပြိုင်ပွဲနှင့်(မ)စာအုပ်ရွက် ပြိုင်ပွဲတို့ ထည့်သွင်း ကျင်းပခဲ့သည်။ အလားတူ ဘောလုံးကောက်ပြိုင်ပွဲကိုလည်း အသင်းငါးသင်းခွဲကာ ထည့်သွင်းကျင်းပခဲ့သည်။ 
 

ယင်းနေ့နံနက်ပိုင်းတွင် ပြည်သူ့နီတိပြိုင်ပွဲ ဆုရရှိသူများနှင့် ဘာသာရပ်အလိုက်  ထူးချွန်ဆုရရှိသူများအား ကျောင်းအုပ်ဆရာမကြီး ဒေါ်ကြူကြူခိုင်က ဆုများအသီးသီးပေးအပ်ခဲ့ပြီး ပညာရေးစုံညီပွဲတော် ဆုရ ကျောင်းသား၊ ကျောင်းသူများကိုလည်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
 

မိုးမခ၊ ဓာတ်ပုံ- မင်းထက်