နေပြည်တော် ဇန်နဝါရီ ၁၄
ပညာရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍ မြှင့်တင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် ဒုတိယဝန်ကြီးများ တက်ရောက်ကြသည်။
မိမိတို့နိုင်ငံ၌ အခြေခံပညာနှင့်ပတ်သက်၍ သင်ကြားရေး ဆရာ ဆရာမများ များစွာလိုအပ်
ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက အမှာစကား ပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် ပညာရည်မြှင့်တင်ရေးနှင့်ပတ်သက်၍ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် အခြေခံပညာ ကျောင်းများ၌ ပညာသင်ကြားလျက်ရှိသည့် ဆရာ ဆရာမများ၏ ပညာအရည်အချင်းများ ပိုမိုတိုးတက် မြင့်မားစေရေး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဆွေးနွေးခဲ့ကြောင်း၊ ထိုသို့ဆွေးနွေးဆောင်ရွက်စဉ် မိမိတို့နိုင်ငံ၌ အခြေခံပညာနှင့်ပတ်သက်၍ သင်ကြားရေးဆရာ ဆရာမများ များစွာလိုအပ်သည်ကို သိရှိခဲ့ရကြောင်း၊ သင်ကြားရေး ဆရာ ဆရာမများအား ဘွဲ့လွန်ဘွဲ့များ ပေးအပ်နိုင်ရန်အတွက် ဆရာအတတ်သင်ကျောင်းများနှင့် ပညာရေးဒီဂရီကောလိပ်များအား တက္ကသိုလ်အဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ရန် လိုအပ်သည်ကို တွေ့ရှိခဲ့ရကြောင်း၊ ထိုသို့ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရန်အတွက် မိမိအနေဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ခရီးစဉ်များ ရောက်ရှိချိန်တွင် ပညာရေးဒီဂရီ ကောလိပ်များကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်နိုင်မည့်အခြေအနေ များကို လေ့လာခဲ့ကြောင်း၊ သတ်မှတ်ထားသည့် အရည်အချင်း သတ်မှတ်ချက်များနှင့်ကိုက်ညီသည့် အလယ်တန်းပြ ဆရာ ဆရာမများကိုလည်း အထက်တန်းပြ ဆရာ ဆရာမများအဖြစ် မြှင့်တင်နိုင်ရန် လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ဆရာအတတ်သင်တက္ကသိုလ်အဖြစ် သုံးနှုန်းမည်ဆိုပါက ကောင်းမွန်မှု ရှိ/ မရှိ ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း။
မူကြိုကျောင်းတက်သည့် ကလေးတိုင်းသည် မူလတန်းသို့ တက်ရောက်ကြသော်လည်း မူလတန်း တက်ရောက်သည့် ကလေးတိုင်းသည် မူကြိုကျောင်းတက်ရောက်ခဲ့ရမှုမရှိကြောင်း၊ KG+2၊ KG+3 တို့တွင် ပညာသင်ကြားသည့်ကလေးများ၏ ပညာသင်ကြားမှု စနစ်နှင့် KG နှင့် KG+1 တို့တွင် သင်ကြားကြသည့် ကလေးငယ်များကို ပညာသင်ကြားပေးရမှုတူညီမှု မရှိကြကြောင်း၊ ထို့ကြောင့် မူကြိုတက်ရောက်မှုမရှိခဲ့ဘဲ KG နှင့် KG+1 တို့တွင် တက်ရောက်သည့် ကလေးငယ်များအား ပညာသင်ကြားရေးကို အထောက်အကူ ပြုစေမည့် အသက်အရွယ်နှင့်ကိုက်ညီသည့်သင်ကြားမှုစနစ်ကို ဆောင်ရွက်ပေးရန်လိုကြောင်း၊ ထို့ကြောင့် အခြေခံပညာမူလတန်းအဆင့်မှ ဆရာ ဆရာမများအား ပညာရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနတို့မှ သက်ဆိုင်ရာသင်တန်းများ သင်ကြားပေးခြင်းဖြင့် KG နှင့် KG+1 တို့တွင် ပညာသင်ကြားလျက်ရှိသည့် ကလေးငယ်များ၏ သင်ကြားသင်ယူမှုများ ပိုမိုတိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း။
အခြေခံပညာကျောင်းများ စံကိုက်ဖြစ်စေရေးနှင့် ကျောင်းအင်္ဂါရပ်များနှင့် ပြည့်စုံမှုရှိစေရေး ဆောင်ရွက်ရန်လို
အခြေခံပညာကျောင်းများနှင့် ပတ်သက်၍ အချို့ကျောင်းများမှာ စံကိုက်ဖြစ်သော်လည်း အချို့ ကျောင်းများမှာ ကျောင်းအင်္ဂါရပ်များနှင့် ပြည့်စုံမှုမရှိသည်ကို တွေ့ရကြောင်း၊ မူလတန်းကျောင်း အဆင့်၏ မြေအကျယ်အဝန်းမှာ ၃ ဧကမှ ၅ ဧကအတွင်း ရှိရမည်၊ အလယ်တန်းကျောင်းအဆင့်၏ မြေအကျယ် အဝန်းမှာ ၅ ဧကမှ ၇ ဧကအတွင်းရှိရမည်၊ အထက်တန်းကျောင်းအဆင့်၏ မြေအကျယ်အဝန်းမှာ ၇ ဧကမှ ၁၀ ဧကအတွင်း ရှိရမည်ဖြစ်ကြောင်း၊ အချို့ကျောင်းများမှာ ထိုသို့စံကိုက်ညီမှု မရှိခြင်းကြောင့် စာသင်ဆောင်များ ဆက်လက်တိုးချဲ့ ဆောက်လုပ်ရန်အတွက် အခက်အခဲများရှိကြောင်း၊ တိုးတက်လာသည့် သင်ကြားမှုစနစ်နှင့် ကျောင်းသား ကျောင်းသူ ဦးရေများအရ စံကိုက်ညီမှုရှိသည့် အခြေခံပညာ ကျောင်းများအား သတ်မှတ်ထားသည့် သတ်မှတ် ချက်များနှင့်အညီ သပ်ရပ်စွာဖြင့် စနစ်တကျဖြစ်အောင် အဆင့်မြှင့်တင်ဆောင်ရွက်ပေးသွား ရမည်ဖြစ်ကြောင်း။
အခြေခံပညာကျောင်းများတွင် တက်ရောက်ကြသည့် ကျောင်းသား ကျောင်းသူများ၏ မိဘပြည်သူ များအနေဖြင့် ၎င်းတို့၏သားသမီးများအား ပုဂ္ဂလိကကျောင်းတွင် ထားနိုင်သည့်သူများမဟုတ်ဘဲ နိုင်ငံတော်မှ ဖွင့်လှစ်သည့် အခြေခံပညာကျောင်းများကို အဓိကအားကိုးရခြင်းဖြစ်ကြောင်း၊ နိုင်ငံ့ ဝန်ထမ်းမိသားစုများနှင့် သာမန်ဝင်ငွေရှိသူများ အများစုသည် အစိုးရကျောင်းများတွင် ၎င်းတို့၏ သားသမီးများကို ပညာသင်ကြားစေကြကြောင်း၊ ထို့ကြောင့် အစိုးရကျောင်းများကို မဖြစ်မနေ အဆင့်မြှင့်တင်ပေးသွားရမည်ဖြစ်ကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ စံချိန်မီသည့်ကျောင်းများ ဖြစ်စေရေးနှင့် အရည်အချင်းရှိသည့် ဆရာဆရာမများဖြစ်စေရေး အလေးထား ဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း။
နိုင်ငံတော်အတွက် လူသားအရင်းအမြစ်များ ပေါကြွယ်ဝစေရေး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အခြေခံ ကျောင်းများကို ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်
မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့်စီးပွားရေးကို အဓိကထား ဆောင်ရွက်ခြင်းကြောင့် နိုင်ငံတော်အတွက် စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုနည်းပညာများကို ကျွမ်းကျင်သည့် လူသားအရင်းအမြစ်များ မဖြစ်မနေလိုအပ်လျက်ရှိခြင်းကြောင့် မိမိတို့အစိုးရ တာဝန်ယူချိန်တွင် ခရိုင်မြို့များ၌ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အခြေခံကျောင်းများကို ဖွင့်လှစ်သင်ကြား ပေးခဲ့ကြောင်း၊ ယခုအခါ အထိုက်အလျောက် အောင်မြင်မှုများရှိလာပြီဖြစ်ကြောင်း၊ အခြေခံပညာအထက်တန်းအဆင့်တွင် အသက်မွေး ဝမ်းကျောင်းနှင့်ပတ်သက်သည့် ပညာရပ်သင်ကြား ပေးရုံသာမက အလယ်တန်းအဆင့်၌လည်း စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအခြေခံဗဟုသုတများ သင်ကြားပေးရန် စီစဉ်နေကြောင်း၊ ထိုသို့ သင်ကြားပေးခြင်းဖြင့် နိုင်ငံတော်အတွက် လိုအပ်သည့် လူသားအရင်းအမြစ် များ များစွာရရှိလာမည်ဖြစ်ကြောင်း။
ဆရာ ဆရာမများအား ရာထူးခန့်ထားရေးနှင့် ပတ်သက်၍ ပညာရေးကောလိပ်များမှ သင်တန်းဆင်း ဆရာ ဆရာမများအား ဆွဲဆောင်မှုရှိသည့် Incentive များပေးရန် လိုကြောင်း၊ ဆရာ ဆရာမများ၏ ဘွဲ့ အရည်အချင်းများအလိုက် ခံစားခွင့်များကိုလည်း နိုင်ငံတော်မှ ချီးမြှင့်ပေးအပ်ထားကြောင်း၊ အလားတူ ဝန်ထမ်းများကိုလည်း ရရှိသည့်ဘွဲ့များအလိုက် ခံစားခွင့်များ ပေးရန်လိုကြောင်း၊ ဆရာ ဆရာမများအား ထိုက်တန်သည့်အဆင့်များ တိုးမြှင့်ပေးအပ်နိုင်ရေးအတွက်လည်း စဉ်းစားဆောင်ရွက်သွားရန် လိုကြောင်း။
ကျန်းမာရေးကဏ္ဍမြှင့်တင်ရေး
ကျန်းမာရေး ဝန်ထမ်းများနှင့် ပတ်သက်၍ ကုသရေးပါရဂူများနှင့် ဆရာဝန်များ၊ သူနာပြုများ၊ သက်ဆိုင်ရာ ပညာရပ်များအလိုက် ကျွမ်းကျင်သူနာပြုများရှိကြောင်း၊ ကျန်းမာရေးကဏ္ဍမြှင့်တင်မှုကို အထောက်အကူပြုနိုင်ရန်အတွက် သူနာပြုကျောင်းများအား တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အဆင့်မြှင့်တင် ဖွင့်လှစ်သွားရန်လိုအပ်ကြောင်း၊ ဆေးရုံများတွင် သူနာပြုများအား အဆင့်အလိုက် တာဝန်ပေးအပ်ထားပြီး ဆေးရုံများရှိ ခုတင်အရေအတွက် အနည်း၊ အများအလိုက် တာဝန်ပေးအပ်မှုများ ကွာခြားသွားသည်ကို သိရှိရကြောင်း၊ ထို့ကြောင့် ထမ်းဆောင်ရသည့် တာဝန်များ အလိုက် Grade များ ခွဲ၍ Grade များအလိုက် ခံစားခွင့်များကို တိုးမြှင့်ပေးသွားရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်သူ့ကျန်းမာရေးကဏ္ဍ မြှင့်တင်မှုအတွက် များစွာအထောက်အကူ ပြုစေမည် ဖြစ်ကြောင်း။
ဆရာအတတ်သင်တက္ကသိုလ် ဖွင့်လှစ်ရေးနှင့် ပတ်သက်၍ သင့်လျော်သည့် အသုံးအနှုန်းများ ရှိပါကလည်း တင်ပြပေးစေလိုကြောင်း၊ ဆရာအတတ်သင် တက္ကသိုလ်ဖွင့်လှစ်ရန်အတွက် နေရာများ ရွေးချယ်နိုင်ရန်အတွက် ဆောင်ရွက်ခဲ့ရာ မိမိအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ခရီးစဉ်များ သွားရောက်စဉ်အတွင်း ပညာရေးဒီဂရီကောလိပ်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း၊ ယင်းဒီဂရီ ကောလိပ်များအနက် ဆရာအတတ်သင်တက္ကသိုလ်များအဖြစ် ဖွင့်လှစ်ရန် ကောင်းမွန် သင့်လျော်မှုရှိသည့် မြို့များကို အကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
တက်ရောက်လာကြသူများက ဆွေးနွေးတင်ပြ
ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများက စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အခြေခံပညာ ကျောင်းများကို အောင်မြင်စွာဖြင့် ဖွင့်လှစ်သင်ကြားနိုင်ခဲ့ပြီး တက္ကသိုလ်ဝင်တန်း အောင်မြင်မှု မရှိခဲ့သည့် လူငယ်များအတွက်လည်း အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်သင်တန်းများအား ဒေသအလိုက်ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိမှု၊ ယခုနှစ် ပညာသင်နှစ်တွင် ကျောင်းသား ကျောင်းသူများ ပညာသင်ကြားလျက်ရှိမှုနှင့် ဆရာ ဆရာမများအား Grade အလိုက် အဆင့်မြှင့်တင် ဆောင်ရွက်နိုင်မှု၊ ဆရာအတတ်သင် တက္ကသိုလ်များ ဖွင့်လှစ်သင်ကြားခြင်းဖြင့် နိုင်ငံတော်၏ ပညာရေး သင်ကြားရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်နိုင်မှု၊ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး ဘာသာရပ်များ အတွက် သင်ရိုးများအား သက်ဆိုင်ရာ ဝန်ကြီးဌာနများအလိုက် ဝိုင်းဝန်းဆောင်သွားမည်ဆိုပါက သင်ရိုးများ ပိုမိုကောင်းမွန်လာနိုင်မှု၊ မူကြိုဆရာ ဆရာမများနှင့်ပတ်သက်၍ ရှေးဦးအရွယ် ကလေး သူငယ် ပြုစုစောင့်ရှောက်ရေး သင်တန်းများကို ပညာရေးဝန်ကြီးဌာနအောက်ရှိ သင်တန်းကျောင်း များတွင် သင်ကြားပေးနိုင်သကဲ့သို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနအောက်ရှိ သင်တန်းကျောင်းများတွင်လည်း သင်ကြားနိုင်မှု၊ ပညာရေးဒီဂရီကောလိပ်များအား ဆရာအတတ်သင်တက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်၍ ဆောင်ရွက်ခြင်းသည် နိုင်ငံတော်၏ ပညာရည် မြှင့်တင်ရေးကဏ္ဍအတွက် များစွာအထောက်အကူပြု မှု၊ အခြေခံပညာကျောင်းများအား ဘဏ္ဍာရေးနှစ် အလိုက် အဆင့်မြှင့်တင်နိုင်ရေးအတွက် ဘတ်ဂျက်များကို စည်းမျဉ်းစည်းကမ်းများနှင့်အညီ လျာထား ဆောင်ရွက်လျက်ရှိမှု၊ ကျန်းမာရေးကဏ္ဍ မြှင့်တင်နိုင်ရေးအတွက် သူနာပြုသင်တန်းကျောင်းများနှင့် သားဖွားသင်တန်းကျောင်းများမှ သူနာပြုများ မွေးထုတ်ပေးလျက်ရှိမှုအခြေအနေများနှင့် ပတ်သက် ၍ ဆွေးနွေးတင်ပြကြသည်။
တင်ပြမှုများအပေါ် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဥက္ကဋ္ဌက အခြေခံကျောင်းများအတွက် ကာယနည်းပြများလိုအပ်သောကြောင့် ကာယပညာများ လေ့ကျင့် ခန့်အပ်သွားရန်လိုကြောင်း၊ အခြေခံပညာကျောင်းများ၏ ကျောင်းများ ဥပဓိရုပ် ကောင်းမွန်ရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အခြေခံပညာကျောင်းများရှိ မုန့်ဈေးတန်းများတွင် မုန့်များရောင်းချရာ၌ သန့်ရှင်းပြီး အာဟာရပြည့်ဝသည့် မုန့်ပဲသရေစာများကိုသာ ရောင်းချစေရေး တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ တက္ကသိုလ်များကိုလည်း အဆင့်နှင့် လျော်ညီစေရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ဝေးလံခေါင်ပါး သည့် တိုင်းရင်းသားဒေသများရှိ လူငယ်များ၏ ပညာရည်မြင့်မားရေးကိုလည်း အားပေးဆောင်ရွက် သွားကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် ပညာတတ်လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူပြုစေနိုင်မည် ဖြစ်ကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားပြီး အစည်းအဝေးကို ရုပ်သိမ်း လိုက်ကြောင်း သိရသည်။
သတင်းစဉ်


