နေပြည်တော် ဇူလိုင် ၂၁
Paukphaw ပညာသင်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် Naypyitaw State Academy ၌ ကျင်းပသည်။
အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ပေါက်ဖော်ပညာသင်ဆု ချီးမြှင့်ပေးသော တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (China Foundation for Rural Development-CFRD) ကို ကျေးဇူး တင်ရှိပါကြောင်း၊ ကျောင်းသားတစ်ဦးလျှင် ငွေကျပ် ငါးသိန်းနှုန်းဖြင့် Naypyitaw State Academy မှ ကျောင်းသားကျောင်းသူ (၁၁၂)ဦးကို ပညာသင်ဆု ပေးအပ်ခြင်းသည် ကျောင်းသား ကျောင်းသူများအတွက် စိတ်ခွန်အားဖြစ်စေကြောင်း၊ CFRD အနေဖြင့် ၂၀၁၆ ခုနှစ်မှ ယနေ့အထိ မြန်မာနိုင်ငံရှိ တက္ကသိုလ် ၁၄ ခုမှ ကျောင်းသား (၁၃၄၈)ဦးကို ပညာသင်ဆုချီးမြှင့်ခဲ့ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း ဒဂုံတက္ကသိုလ်၊ ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ် နှင့် Naypyitaw State Academy တို့မှ ကျောင်းသားကျောင်းသူဦးရေ (၈၀၀)တို့ကို ပညာသင်ဆု ချီးမြှင့်ပေးအပ်ပြီး ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အနာဂတ်ပညာရေး မြင့်မားရေးအတွက် ပိုမိုပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း နိုင်ငံတော်က အားထားရသော ပညာတတ်လူသား အရင်းအမြစ်များဖြစ်လာအောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ County Director Ms.Lin Yuan က ဝမ်းမြောက်စကား ပြောကြားပြီး ပေါက်ဖော် ပညာသင်ဆုများကို ဒုတိယဝန်ကြီး၊ CFRD မှ County Director နှင့် Naypyitaw State Academy ဒုတိယပါမောက္ခချုပ်တို့က ပေးအပ်ကြရာ ဘာသာရပ် ၁၂ ခုမှ ကိုယ်စားပြု ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူကြသည်။
ယင်းနောက် Naypyitaw State Academy ဒုတိယပါမောက္ခချုပ်က CFRD မှ Program Manager Ms. Yan Tian Jia ထံ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပြီး ပညာသင်ဆု ရရှိကြသည့် Naypyitaw State Academy မှ ကျောင်းသား၊ ကျောင်းသူ များကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။
ထို့ပြင် ဒုတိယဝန်ကြီးသည် ယနေ့နံနက် ၁၀ နာရီကလည်း မြိတ်တက္ကသိုလ်၏ ပထမဆုံးစတင် ဖွင့်လှစ်သော မြန်မာစာ၊ ပထဝီဝင်နှင့် အဏ္ဏဝါသိပ္ပံပညာရပ် ပါရဂူဘွဲ့သင်တန်း၊ လူငယ်နှင့်လောနီတိသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ အွန်လိုင်းမှ တက်ရောက် ပြီး အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


