ပြည်မြို့တွင် ပထမဆုံးအကြိမ် လူထုစုပေါင်းစက်ဘီးစီးပွဲ ပြုလုပ်

ပြည်   ၂၂  ဇန်နဝါရီ

 

ပဲခူးတိုင်းဒေသကြီး ပြည်မြို့တွင် ပထမဆုံးအကြိမ်အဖြစ် လူထုစက်ဘီးစီးပွဲနှင့် အသက် ၁၆ နှစ်နှင့်အောက် လူသစ်တန်း စက်ဘီးစီးပြိုင်ပွဲကို ယမန်နေ့က ပြည်မြို့ အထက(၁)အနီး ကျောက်တိုင်ကွင်းမှ စတင်တာထွက်ခဲ့ကြောင်း သိရပြီး လူထုစက်ဘီးစီးပွဲတွင် စက်ဘီး ၅၀ဝ ကျော်နှင့် လူငယ်လူသစ်တန်း၌ စက်ဘီးစီးရေ ၂၀ဝ ကျော်ပါဝင်ကာ Sri Ksetra Cycling Club မှ ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

လူသစ်တန်းစက်ဘီးစီးပြိုင်ပွဲကို နံနက် ၅ နာရီတွင်လည်းကောင်း၊ လူထု စက်ဘီးစီးပွဲကို နံနက် ၆ နာရီနှစ်ပိုင်းခွဲ၍ တာလွှတ်ခဲ့ပြီး တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးသက်ဝင်းလှိုင်နှင့် မြို့ နယ်အုပ်ချုပ်ရေးမှူး ဦးမြတ်ကျော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

 

လူထုစက်ဘီးစီးပွဲတွင် အမျိုးသား၊ အမျိုးသမီး အသက်ကြီးငယ်မရွေး ပါဝင်ယှဉ်ပြိုင်ကြခြင်းဖြစ်ပြီး လျှပ်စစ်၊ ဘက်ထရီ စက်ဘီးများကို ပါဝင်ယှဉ်ပြိုင်ခွင့်မပြုကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။ စတင်တာထွက်သည့် ကျောက်တိုင်ကွင်းမှ လမ်းမတော်၊ ဗိုလ်ချုပ်လမ်းအတိုင်း အသွားအပြန် ၁၅ ကီလိုမီတာ ၉ မိုင်ကျော် အကွာအဝေးကို စီးနင်း၍ မူလတာတွက်ရာ ကျောက်တိုင်းကွင်းတွင်း ပြန်လည်ပန်းဝင်ကြခြင်း ဖြစ်သည်။

 

ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် စတုတ္ထဆုရရှိသူများအား စက်ဘီး တစ်စီး၊ စမတ်ဖုန်းတစ်လုံး၊ စက်ဘီးစီးဦးထုပ် တစ်လုံးနှင့် ဖုန်းဆင်းကတ်များကို ချီးမြှင့်ခဲ့ပြီး ခရီးစဉ်စဆုံးစီးနင်းသူများအတွက် အမှတ်တရ တီရှပ်အင်္ကျီများကို လည်းကောင်း၊ စက်ဘီးရှစ်စီးနှင့် အခြားသော အမှတ်တရပစ္စည်းများကို လည်းကောင်း ကံစမ်းမဲဖောက်ပေးခဲ့သည်။

 

သန်းလွင်