နေပြည်တော် အောက်တိုဘာ ၁၂

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှု ကော်မတီ၏ (၆/၂၀၂၅) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ (၂) ၌ ကျင်းပသည်။

ဦးစွာ ပြည်နယ် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ကရင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက မဲစာရင်းပြုစုရာတွင် အခြေခံရမည့် အသက် ၁၈ နှစ်နှင့်အထက် အတည်ပြု လူဦးရေစာရင်း ထပ်မံပေးပို့ရာတွင် ပြည့်စုံ မှန်ကန်ရေး၊ နောက်ဆုံးအကြိမ် ထုတ်ပြန်မည့် မဲစာရင်း ပြည့်စုံမှန်ကန်ရေး၊ မဲပေးခွင့်ရှိသူတိုင်း မဲပေးနိုင်ရေး၊ မဲပေးခွင့် မရှိသူများ မဲစာရင်းတွင် ပါဝင်ခြင်း မရှိစေရေးအတွက် ပြည်နယ်မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှု ကော်မတီတွင် ပါဝင်ဖွဲ့စည်းထားသည့် ပြည်နယ်/ ခရိုင်/ မြို့နယ် သက်ဆိုင်ရာ ဌာနဆိုင်ရာ အဖွဲ့အစည်း အဆင့်ဆင့်က အထူးအလေးအနက်ထား ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်၍ အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက် ပြီးစီးမှု၊ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူပြီးစီးမှု၊ ပန်းခင်းစီမံချက် အဆင့် (၃) ဆောင်ရွက်ပြီးစီးမှု၊ မဲစာရင်းပြုစုရာတွင် အခြေခံရမည့် လူဦးရေစာရင်းနှင့် မဲစာရင်း ကြေညာခြင်း၊ ပထမအကြိမ်မဲစာရင်း ကပ်ထား ကြေညာရာ၌ မဲစာရင်းလာရောက်ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ကန့်ကွက်ခြင်းဆောင်ရွက်မှု၊ မြေပြင် ကွင်းဆင်းကော်မတီစာရင်းနှင့် ပထမအကြိမ် မဲစာရင်းနှိုင်းယှဉ်ချက်တို့ကို တင်ပြကြသည်။

ယင်းနောက် မြို့နယ်မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များက သက်ဆိုင်ရာ မြို့နယ်များအလိုက် ယခင်အပတ် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် လိုက်နာ ဆောင်ရွက်ပြီးစီးမှု၊ မဲစာရင်း ကပ်ထားကြေညာ ဆောင်ရွက်မှု၊ မဲစာရင်း ကြေညာကပ်ထားမှုအပေါ် တောင်းဆို၊ ပြင်ဆင်၊ ဖြည့်စွက်၊ ကန့်ကွက်မှုများ ဆောင်ရွက်ထားရှိမှု၊ ယာယီနေရပ်စွန့်ခွာ ပြည်သူများ မဲစာရင်းပါရှိရေးနှင့် ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ထားရှိမှုကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့ပြင် ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် ၂၅ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု (ခ) ဘားအံဇုန် အုပ်စုပတ်လည်ပြိုင်ပွဲများကို ဘားအံမြို့ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အားကစားကွင်း၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၃ နာရီက အုပ်စုအဖွင့်ပွဲစဉ်အနေဖြင့် နေပြည်တော်ကောင်စီအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားမှုကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ရပ်ကွက်/ ကျေးရွာများမှ ဘောလုံး အားကစားဝါသနာရှင်များ၊ ကျောင်းသား ကျောင်းသူများ၊ ဌာနဆိုင်ရာများက တစ်ခဲနက် ကြည့်ရှုအားပေးကြပြီး အဆိုပါပွဲစဉ်တွင် ရန်ကုန် တိုင်းဒေသကြီးအသင်းက တစ်ဂိုး - ဂိုးမရှိဖြင့် အနိုင် ရရှိသွားသည်။

အဆိုပါဘောလုံးပြိုင်ပွဲကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနကကြီးမှူး၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး အုပ်စု(ခ)ဘားအံဇုန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော် ကောင်စီနှင့် ကရင်ပြည်နယ်အသင်းတို့ ပါဝင်ကာ အောက်တိုဘာ ၁၁ ရက်မှ ၁၅ ရက်အထိ ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်ရာ မည်သူမဆိုအခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း၊ ရှုံးထွက်ပွဲစဉ်များနှင့် ဗိုလ်လုပွဲစဉ်တို့ကို ရန်ကုန်မြို့ရှိ ဘောလုံး အားကစားကွင်းများတွင် ဆက်လက်ယှဉ်ပြိုင် ကစားသွားကြမည် ဖြစ်ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)