ဘားအံ စက်တင်ဘာ ၂၂

ကရင်ပြည်နယ်အစိုးရအဖွဲ့  ပြည်နယ်မြေပြင် ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ကရင်ပြည်နယ် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက မကြာမီကျင်းပတော့မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်က မဲစာရင်းပြုစုရာတွင် ပြည့်စုံမှန်ကန်ရေး၊ မဲပေးခွင့် ရှိသူတိုင်း မဲပေးနိုင်ရေး၊ မဲပေးခွင့်မရှိသူများ မဲစာရင်းတွင် ပါဝင်ခြင်းမရှိစေရေး ပြည်နယ်မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီတွင် ပါဝင်ဖွဲ့စည်းထားသည့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာ အဖွဲ့အစည်း အဆင့်ဆင့်က အလေးအနက်ထား ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ တွဲဖက်အတွင်းရေးမှူး  ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန  ပြည်နယ်ဦးစီးမှူးက ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု၊ ဗဟိုအစည်းအဝေး ညွှန်ကြားချက်များ၊ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူပြီးစီးမှု၊ e-ID Server အတွင်း ဆောင်ရွက်ပြီးစီးမှု၊ ပန်းခင်း စီမံချက်အဆင့်(၃)ဆောင်ရွက်မှု၊  Biometric ကောက်ယူမှု၊  လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေ၊ မဲစာရင်း ပြုစုခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိက မဲဆန္ဒရှင် စာရင်းများ ပထမအကြိမ် ကပ်ထားကြေညာနိုင်ရေး ပြင်ဆင်ဆောင်ရွက်မှု၊  လိုအပ်သော မဲပေးစက်များ ထုတ်ယူမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် မြို့နယ်မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌများက သက်ဆိုင်ရာ မြို့နယ်များအလိုက် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူပြီးစီးမှု၊ ရွေးကောက်ပွဲ ဆောင်ရွက်နိုင်မည့် အခြေအနေ၊  လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းမှု၊ မဲရုံလျာထား စာရင်း၊ မဲပေးစက်ဆိုင်ရာ အသိပညာပေးလုပ်ငန်း ဆောင်ရွက်ခဲ့မှု၊ မဲဆန္ဒရှင် စာရင်းကပ်ထား ကြေညာနိုင်ရေး  ကြိုတင်စီမံ ဆောင်ရွက်ထားရှိမှု၊ အသက် (၁၈)နှစ်နှင့်အထက် လူဦးရေစာရင်း မှန်ကန်ရေးစိစစ်နေမှု၊ ကြိုတင်ဆန္ဒမဲပေးခြင်းနှင့် စပ်လျဉ်း၍ ဆောင်ရွက်မည့် အခြေအနေများကို  ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ 

စောမျိုးမင်းသိန်း(ပြန်/ဆက်)