ဘားအံ ၂၂  မတ် 

 

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မတ် ၂၂ ရက် နံနက်ပိုင်းက ဘားအံမြို့ ဇွဲကပင်ခန်းမတွင် ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံခဲ့သည်။

 

ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က မတ်လ ၁၈ ရက်နေ့နှင့် ၁၉ ရက်နေ့များတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကရင်ပြည်နယ်ခရီးစဉ်အတွင်း လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့် ရှင်းလင်းပြီး ယခုအခါ ပူပြင်းခြောက်သွေ့သည့်ရာသီဥတုသို့ ရောက်ရှိလာပြီဖြစ်သည့်အတွက်  မီးလောင်မှုများ မကြာခဏဖြစ်ပွားလေ့ရှိပြီး မီးဘေးကြိုတင်ကာကွယ်မှုများဆောင်ရွက်ကြရန်၊ မြို့ရွာသန့်ရှင်းသာယာလှပရေးအတွက်  သန်ရှင်းရေးဆိုင်ရာကိစ္စရပ်များဆောင်ရွက်ကြရန်နှင့် ရပ်ကွက်ကျေးရွာအုပ်စုများ၏ ဒေသဖွံ့ဖြိုးရေးတင်ပြချက်များအား ဖြည့်ဆည်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် တက်ရောက်လာကြသော ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက မိမိတို့ဒေသအလိုက် လိုအပ် ချက်များဖြစ်သော လမ်းပန်းဆက်သွယ်ရေး၊ ကျေးရွာချင်းဆက်လမ်း၊ တံတား၊ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီးရရှိရေးတို့အား တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)

 

111.