ရန်ကုန် ၂၀ ဧပြီ
မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်သည် ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့ အမျိုးသား အားကစား ပြိုင်ပွဲရုံ(သုဝဏ္ဏ)ပတ္တမြားခန်းမ၌ ဧပြီ ၂၄ ရက်မှ ၂၈ရက်နေ့အထိ 18 th AKF Cadet, Junior ကရာတေးပြိုင်ပွဲတွင် ဒိုင်တာဝန်နှင့်ဒိုင်လူကြီးစာမေးပွဲဖြေဆိုရန်အတွက် ဦးမြင့်အောင်နှင့် ဦးအောင်ထင်ကျော်၊ JB Kumite ဖြေဆိုရန်နှင့် JB Jata သက်တမ်းတိုးရန်နှင့် ဒိုင်တာဝန် ထမ်းဆောင်ရန်အတွက် အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မိုင်အိုလီဗာ ယင်းဝှာထောင်းလွယ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲတပ်ကြပ်ကြီး ဝင်းဇော်၊ နည်းပြလိုင်စင် အသစ်ဖြေဆိုရန်အတွက် အားကစားနှင့်ကာယပညာဦးစီးဌာန နည်းပြ/နည်းစနစ်မှူး ဦးအောင်ကျော်စိုးတို့အား လည်းကောင်း၊ ဧပြီလ (၂၁)ရက်နေ့မှ (၂၉) ရက်နေ့ အထိ ဂျပန်နိုင်ငံ (Nobeoka)မြို့သို့ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဥက္ကဋ္ဌအား Kodokan ခါးစည်း ချီးမြှင့်ခြင်းနှင့် Tokyo Judo Therapy ကျောင်းလေ့လာရေးခရီးစဉ် သွားရောက်ရန်အတွက် အဖွဲ့ ခေါင်းဆောင်အဖြစ် မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးထွန်းထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးဦးခိုင်နှင့် အမှုဆောင်များအဖြစ် ဦးမင်းသိန်းနှင့် ဦးဇော်ထွန်းနိုင် တို့အားလည်းကောင်း၊ ကနေဒါနိုင်ငံ၌ IOC Diploma in Sports Medicine (၂)နှစ် သင်တန်းတက်ရောက်သင်ကြားမည့် အားကစားနှင့် ကာယပညာဦးစီးဌာန ဆေးဘက်ဌာနမှ လက်ထောက်ဆရာဝန်များဖြစ်ကြသည့် ဒေါက်တာ ဝင်းမင်းသန့်နှင့် ဒေါက်တာဝဏ္ဏ တို့အား လက်ခံတွေ့ဆုံလမ်းညွှန်မှာကြားကာ အားပေးစကား ပြောကြား ခဲ့သည်။
ရှေးဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်အား မလေးရှားနိုင်ငံသို့ သွားရောက်မည့် ကရာတေးဒိုင်လူကြီးနှင့်နည်းပြအဖွဲ့ဝင်များနှင့် မိတ်ဆက်ပေးပြီး အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး က ကြိုတင်ပြင်ဆင်ကာ စေလွှတ်ရသည့်အကြောင်း ရှင်းလင်းတင်ပြ၍ လည်းကောင်း၊ မြန်မာနိုင်ငံ ကရာတေးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာဝင်းဇော်မှ နိုင်ငံတကာ အဆင့်မီ ဒိုင်လူကြီးနှင့် ပြိုင်ပွဲအတွင်း နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်မည့် နည်းပြအဖြစ်ရရှိစေရန်အတွက် စာမေးပွဲ အဆင့်ဆင့်ဖြေဆိုမှုများကို ရှင်းလင်းတင်ပြ၍ လည်းကောင်း၊ မြန်မာနိုင်ငံ ဂျူဒို အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးထွန်းထွန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့မှ ဂျပန်နိုင်ငံ (Tokyo)မြို့နှင့် (Nobeoka) မြို့များတွင် All Judo Federation ဥက္ကဋ္ဌ Mr. Yamashita နှင့် Kodokan ဥက္ကဋ္ဌ Mr.Uemura တို့နှင့်တွေ့ဆုံကာ မြန်မာ-ဂျပန် ဂျူဒိုအားကစားတိုးတက်ရေး၊ အပြန်အလှန် Joint Training ပေးနိုင်ရေးနှင့် တိုးတက်နေသည့် ဂျူဒိုအားကစား နည်းစနစ်များ ပူးပေါင်း ဆောင်ရွက်နိုင်ရေးတို့အပြင် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးထွန်းထွန်းအား Kodokan ဥက္ကဋ္ဌ Mr.Uemura မှ Kodokan ခါးစည်းချီးမြှင့်ခြင်းနှင့် Tokyo Judo Therapy ကျောင်းသို့ သွားရောက် လေ့လာမည့် အစီအစဉ်များကိုလည်းကောင်း၊ ကနေဒါနိုင်ငံ၌ IOC Diploma in Sports Medicine (၂)နှစ်ကြာသင်တန်း တက်ရောက်ကြမည့် အားကစားနှင့် ဆေးပညာဆိုင်ရာ နောက်ဆုံးနှစ် စာမေးပွဲဖြေဆိုရန်နှင့် Practical Workshop တက်ရောက်မည့်အစီအစဉ်များ အားလည်းကောင်း သက်ဆိုင်ရာ အားကစား ကိုယ်စားလှယ် အသီးသီးမှ ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ ပြည်ပနိုင်ငံများသို့ သွားရောက်ကြမည့် အားကစားကိုယ်စားလှယ် အဖွဲ့များအနေဖြင့် မြန်မာနိုင်ငံရဲ့ အားကစားသည် နိုင်ငံတကာနှင့်ယှဉ်ရင် အဘက်ဘက်မှ နိမ့်ကျနေ တာဖြစ်တဲ့အတွက်ကြောင့် ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန် နိုင်ငံတကာ နှင့်ချိတ်ဆက်ကာ ခေတ်နှင့်အညီ တိုးတက်နေသည့် အားကစားနည်းစနစ်နှင့် အားကစားဘာသာရပ် ဆိုင်ရာ သင်တန်းများ၊ ပြည်ပနိုင်ငံများသို့ စေလွှတ်၍လည်းကောင်း၊ မိမိနိုင်ငံသို့ ဖိတ်ကြားကာ သင်ကြား ပို့ချ၍ လည်းကောင်းဆောင်ရွက်လျက်ရှိနေပါကြောင်း၊ ဒီလို လုပ်ဆောင်မှသာ အားကစား နည်းပြကောင်းများရရှိပြီး အားကစားသမားများကို လိုရာပုံသွင်းစနစ်တကျ လေ့ကျင့်သင်ကြားပေးနိုင်မှာ ဖြစ်ပါကြောင်း၊ ထို့အပြင် ဒိုင်လူကြီး၏ အခန်းကဏ္ဍသည်လည်း အလွန်အရေးကြီးပါကြောင်း၊ အရှေ့တောင်အာရှမှ အာရှအဆင့်ထိ တက်လှမ်းနိုင်ရန်အလွန်အရေးကြီးပါကြောင်း၊ အဲဒီလို တက်လှမ်းနိုင်ဖို့ မိမိတာဝန်ယူထားရသည့် အားကစားနည်းစနစ်များ၊ စည်းမျဉ်း၊ စည်းကမ်း၊ နည်းဥပဒေများ၊ အမှတ်ပေးစနစ်များကို နားလည်တက်ကျွမ်းထားရမှာဖြစ်ပြီး ဒိုင်စာမေးပွဲများကို နှစ်စဉ်ဖြေဆို အောင်မြင်နေမှသာ နိုင်ငံတကာအဆင့်မီ ဒိုင်လူကြီးကောင်း တစ်ယောက်ဖြစ်လာမှာ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဆောင်သည့် (Tokyo) မြို့နှင့် (Nobeoka) မြို့များသို့ သွားရောက်ကြမည့် ကိုယ်စားလှယ်များအနေဖြင့် Nobeoka City တွင် Host Town and Cultural Exchange အကြောင်း နှစ်ဦးနှစ်ဖက် ဆွေးနွေးရာတွင် မြန်မာဂျူဒို အားကစား တိုးတက်ရေးအတွက် ၎င်းတို့ဘက်မှ အကူအညီ ပေးနိုင်မည့် အခြေအနေများကို အဓိကထား ဆွေးနွေးစေလိုကြောင်း၊ All Judo အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် Kodokan ဥက္ကဋ္ဌများနှင့် တွေ့ဆုံရာတွင် ဂျူဒိုအားကစားနည်းစနစ်နှင့် နည်းပြဆရာရရှိနိုင်မှု၊ နှစ်နိုင်ငံပူးပေါင်းလေ့ကျင့် နိုင်မှု များကို ဆွေးနွေးစေလိုကြောင်း Nobeoka မြို့တွင် Joint Training သွားရောက်လေ့ကျင့်မည့် မြန်မာဂျူဒိုအားကစားအဖွဲ့အားလည်း ဂျူဒိုနည်းစနစ်များကို ပူးပေါင်းလေ့ကျင့်မှာဖြစ်ပြီး မိမိတို့ အားကစားအဖွဲ့မှလည်း အထူးကြိုးစား လေ့ကျင့်သင်ကြား စေလိုကြောင်း၊ 30th SEA Games ပြိုင်ပွဲအတွက် ကိုဒိုကန် ဂျူဒိုနည်းပြတောင်းခံရရှိမှု အခြေအနေနှင့် Tokyo မြို့ရှိ Judo Therapy ကျောင်းအား သွားရောက်လေ့လာရာတွင် မိမိတို့ နိုင်ငံနှင့်အကျိုးရှိမည့် လေ့ကျင့်ရေး၊ သင်ကြားရေးနှင့် နေထိုင်/စားသောက်ရေး၊ အားကစားသမားများ ဆေးကုသရေးကအစ မိမိနိုင်ငံ အားကစားတိုးတက်ရေးအတွက် လေ့လာမှတ်သားကြရန်လိုအပ်ကြောင်း၊ ထို့အပြင် ကနေဒါနိုင်ငံတွင် အားကစားနှင့်ဆေးပညာ IOC Diploma (၂)နှစ်သင်တန်း တက်ရောက်ရမည့် အတွက် (၂)နှစ်တာ ကာလအတွင်း သင်တန်းမှ ပို့ချသင်ကြားလိုက်သည့် ဘာသာရပ်အသီးသီးကို ကြိုးစားလေ့လာဆည်းပူး မှတ်သားပြီး သင်ကြားကြရန်၊ Calgary မြို့တွင် နောက်ဆုံးစာမေးပွဲကိုလည်း ရမှတ် ကောင်းကောင်းဖြင့်ဖြေဆိုကြရန် အားကစားကိုယ်စားလှယ် အသီးသီးအား လမ်းညွှန်မှာကြား အားပေးစကား ပြောကြားခဲ့ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ သတင်းရရှိသည်။
MDN


