မိတ္ထီလာ အောက်တိုဘာ ၁၆
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်တွင် ပြည်ပပို့ကုန် သီးနှံထုတ်ကုန်များ ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိရေး နည်းပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ကန်တော် မင်္ဂလာခန်းမ၌ ကျင်းပသည်။
ထုတ်လုပ်နိုင်မည်
ဦးစွာ မိတ္ထီလာခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး မျိုးလွင်က သက်ဆိုင်ရာမှ တာဝန်ရှိသူများ အတူတကွ ပူးပေါင်း ဆောင်ရွက်ပါက ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်သော သီးနှံများကို ထုတ်လုပ်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးဇော်လင်းက ပြည်ပပို့ကုန် သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်း ကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေး ဆွေးနွေးပွဲ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ၊ ဒေါက်တာ ခင်မာလာမြင့်က အင်းဆက်ဖျက်ပိုးများအား ဘက်စုံကာကွယ်ရေး နည်းလမ်းများ အသုံးပြု၍ ကာကွယ် နှိမ်နင်းနည်းများ၊ ဒေါက်တာဝင်းသန်းက သီးနှံရောဂါများအား ဘက်စုံကာကွယ် ရေးနည်းလမ်းများ အသုံးပြု၍ ကာကွယ် နှိမ်နင်းနည်းများ၊ ဒေါက်တာ ခင်အေးပွင့်ခိုင်က သီးနှံဖျက်ပေါင်းပင်များအား ဘက်စုံကာကွယ်ရေး နည်းလမ်းများ အသုံးပြု၍ ကာကွယ် နှိမ်နင်းနည်းများ၊ ဒေါက်တာ ရီရီချိုက ပန်းတိုင်အထွက်နှုန်း ရရှိစေရေးအတွက် မျိုးကောင်း မျိုးသန့်သုံးစွဲရေး၊ ဒေါ်သင်းသင်းချိုက မြေဆီလွှာစီမံခန့်ခွဲမှု နည်းလမ်းများနှင့် ဓာတ်မြေသြဇာစနစ်တကျ အသုံးပြုနည်းများကို ဆွေးနွေးခဲ့ကြပြီး တက်ရောက် လာသူများက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြန်လည်ဖြေကြားခဲ့ပြီး အသိပညာပေးစာအုပ်များနှင့် စာစောင်များ ဖြန့်ဝေခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲကို တောင်သူလယ်သမား အကျိုးစီးပွား မြှင့်တင်ရေးနှင့် ပိုးသတ်ဆေး ကင်းစင်ပြီး အရည်အသွေးကောင်းမွန်သည့် စိုက်ပျိုးရေး ထုတ်ကုန်များ ထွက်ပေါ်လာစေရန်၊ အကျိုးအမြတ် ပိုမိုရရှိစေ ရေးရည်ရွယ်၍ ကျင်းပရာ ဆွေးနွေးပွဲသို့ မိတ္ထီလာခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စိုက်ပျိုးရေး ဝန်ထမ်းများ၊ မိတ္ထီလာ၊ သာစည်၊ ဝမ်းတွင်းမြို့နယ်တို့မှ စိုက်ပျိုးရေး တောင်သူများ၊ ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာ ရောင်းချသည့် လုပ်ငန်းရှင်များ စုစုပေါင်း ၂၈၂ ဦး တက်ရောက်ခဲ့ပြီး ၎င်းဆွေးနွေးပွဲကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


