ပြည်ပပို့ကုန်မြင့်မားရေး ဈေးကွက်မြှင့်တင်

၂၁ ဇန်နဝါရီ

 

ယခုရက်ပိုင်းအတွင်း ပြည်ပပို့ကုန်ဆိုင်ရာ ဂယက်ရိုက်ခတ်မှုများ ဖြစ်ပေါ်ခဲ့သည်။ မြန်မာနိုင်ငံ မူဆယ်နယ်စပ်ကုန်သွယ်ရေးလုပ်ငန်း မတည်ငြိမ်မှုများနှင့် အီးယူမှကုန်သွယ်မှုအပေါ် အထူးအခွင့်အရေးပေးထားသည့် GSP ကို ပြန်လည် ရုပ်သိမ်းခဲ့ခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံမှ ပြည်ပပို့ကုန် တင်ပို့ခြင်းဆိုင်ရာတို့တွင် ဂယက်ရိုက်မှုရှိခဲ့ရာ လတ်တလောတွင် အခက်အခဲအနည်းနှင့်အများ ရှိနိုင်မည်ဟု ယူဆပါသည်။

 

ဝယ်လက်နိုင်ငံတို့၏ အကျိုးစီးပွားနှင့် အခြေအနေအရပ်ရပ်အပေါ် မူတည်၍ ပြည်ပသွင်းကုန်များကို ကန့်သတ်ခြင်း၊ ဆိုင်းငံ့ခြင်းကြောင့် လတ်တလောတွင် မြန်မာနိုင်ငံ၏အကျိုးစီးပွား ထိခိုက်နစ်နာမှု ရှိနိုင်သည်ဆိုသော်လည်း အစိုးရနှင့်ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်းလက်တွဲ၍ ထုတ်ကုန်အရည်အသွေး မြှင့်တင်ခြင်း၊ ဈေးကွက်သစ်များ ရှာဖွေခြင်းတို့ကို ဟန်ချက်ညီညီ ကြိုးပမ်းတီထွင်ကြံဆ လုပ်ကိုင်နိုင်ကြပါက ရှေရှည်တွင် မြန်မာ့ပို့ကုန်၊ မြန်မာ့စီးပွားရေး တိုးတက်မြင့်မားမည်ဟု ယုံကြည်ပါသည်။

 

အီးယူသည် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံများဖြစ်ပြီး နိုင်ငံရေးအခြေအနေအပေါ် မူတည်ပြီး မြန်မာနိုင်ငံနှင့်ပတ်သက်၍ မူဝါဒအမျိုးမျိုး ပြောင်းလဲချမှတ်လေ့ရှိသည်။ ယခုလက်ရှိတွင် အီးယူနိုင်ငံတစ်နိုင်ငံမှ လယ်သမားများ ထိခိုက်နစ်နာသည်ဟု အကြောင်းပြချက်ဖြင့် မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အား ပေးအပ်ထားသည့် ကုန်သွယ်မှု အထူးအခွင့်အရေးကို ပြန်လည်ရုပ်သိမ်းလိုက်ခြင်းဖြစ်သည်။ အဓိကမှာ ဆန် တင်ပို့မှုဖြစ်ပြီး အီးယူသို့တင်ပို့သည့် ဆန်ကုန်သွယ်မှုပမာဏမှာ မများလှသဖြင့် စိုးရိမ်ဖွယ်ရာမရှိဟု ဆိုနိုင်သည်။

 

လက်ရှိ၌ အီးယူနိုင်ငံများသို့ ဆန်တန်ချိန် သုံးသိန်းခွဲတင်ပို့ခဲ့ပြီး မြန်မာနိုင်ငံမှ ဆန်တင်ပို့မှု၏ ၁၀ ရာခိုင်နှုန်းသာရှိသည်။ တင်ပို့သည့်ဆန်မှာ ဆန်ကောင်းတန်ချိန် ငါးသောင်းခန့်သာရှိပြီး ကျန်ပမာဏမှာ ဆန်ကွဲများသာဖြစ်သည်။ မြန်မာနိုင်ငံမှ ပြည်ပပို့ကုန်ဆန်ကို တရုတ်၊ အာဖရိက၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်နှင့် အီးယူနိုင်ငံများသို့ တင်ပို့ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အများဆုံးတင်ပို့သည်။ လက်ရှိကာလတွင် ဈေးကွက်မတည်ငြိမ်မှုများမှာ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ဖြစ်ပေါ်နေပြီး အီးယူသို့ ဆန် ၁၀ ရာခိုင်နှုန်းတင်ပို့မှု ရပ်ဆိုင်းခြင်းအပေါ် ထိခိုက်နစ်နာမှု ကြီးကြီးမားမားမရှိနိုင်ချေ။ 

 

သို့ရာတွင် မူဆယ်နယ်စပ်ကုန်သွယ်ရေးတွင် ဆန်တင်ပို့မှု ကျဆင်းခြင်း၊ တရားမဝင်ကုန်သွယ်မှုများ ရှိနေခြင်းနှင့် ယခု အီးယူမှ ကုန်သွယ်မှု အထူးအခွင့်အရေး ရုပ်သိမ်းခြင်းတို့ကြောင့် ပြည်ပပို့ကုန်တင်ပို့ရေးတွင် လတ်တလော၌ ဂယက်ရိုက်ခတ်မှု ရှိမည်မှာအမှန်ဖြစ်သည်။ ထိုဂယက်ရိုက်ခတ်မှု နောက်ဆက်တွဲအဖြစ် အခြားပြည်ပဝယ်လက်များ မြန်မာနိုင်ငံမှ ပို့ကုန်များအပေါ် ဈေးနှိမ်ဝယ်ခြင်းများ ဖြစ်ပေါ်လာနိုင်သည်ကိုလည်း သတိပြုရမည်ဖြစ်သည်။

 

မြန်မာနိုင်ငံသည် ဆန်စပါး အဓိကစိုက်ပျိုးသော နိုင်ငံဖြစ်သည်။ ရှေးအစဉ်အဆက် မြန်မာနိုင်ငံမှထွက်ရှိသောဆန်ကို ကမ္ဘာအရပ်ရပ်သို့ တင်ပို့နိုင်ခဲ့သည်။ ယခုလက်ရှိတွင် မြန်မာ့ဆန်ကို ပြည်ပနိုင်ငံများသို့ တန်ချိန် ၁ ဒသမ ၈ သန်းတင်ပို့ပြီးသွားပြီဖြစ်ကြောင်း သိရသည်။ ယခင်နှစ်များက ပြည်ပသို့ ဆန်တန်ချိန် သုံးသန်းကျော် တင်ပို့နိုင်ခဲ့သော်လည်း ယခုဖြစ်ပေါ်ခဲ့သော ကုန်သွယ်ရေး ဂယက်ရိုက်ခတ်မှုအချို့ ရှိသောကာလတွင် ပြည်ပသို့ ဆန်တန်ချိန် ၂ ဒသမ ၆ သန်းခန့် တင်ပို့နိုင်မည်ဟု ခန့်မှန်းထားသည်။

 

မည်သို့ပင်ဖြစ်စေ ကမ္ဘာ့စီးပွားရေးဂယက်၊ မြန်မာ့ကုန်သွယ်ရေး မတည်ငြိမ်မှုတို့ကြောင့် ပြည်ပပို့ကုန်များ လတ်တလော ကျဆင်းနိုင်သော်လည်း အစိုးရနှင့်ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် လက်တွဲဆောင်ရွက်ကြမည်ဆိုလျှင် ရေရှည်တွင် အခက်အခဲများကို ကျော်လွှားသွားနိုင်မည်ဖြစ်သည်။ သို့ဖြစ်ရာ ပြည်ပပို့ကုန် တိုးမြှင့်နိုင်ရေးအတွက် ထုတ်ကုန်အရည်အသွေးမြင့်မားရေး၊ ဈေးကွက်အသစ်များ တိုးချဲ့ရှာဖွေရေးကို ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့လာမည်ဟု ယုံကြည်ပါသည်။ ။

 

ကြေးမုံ