ရန်ကုန် စက်တင်ဘာ ၈
ပြည်ပပို့ကုန်သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်း ကင်းစင်ရေး ရှင်းလင်းဆွေးနွေးပွဲကို စက်တင်ဘာ ၇ ရက်က ရန်ကုန်မြို့ လမ်းမတော်မြို့နယ်ရှိ ကုန်သည်/စက်မှုအသင်းချုပ် (UMFCCI)မင်္ဂလာခန်းမ၌ ပြုလုပ်သည်။
ရှင်းလင်းဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းနှင့် သီးနှံကာကွယ်ရေးဌာန ညွှန်ကြားရေးမှူး ဦးဇော်လင်းတို့က ပြည်ပပို့ကုန်သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်း ကင်းစင်ရေး ဆောင်ရွက်ရမည့်ကိစ္စများ၊ ပိုးမွှားကင်းရှင်းကြောင်း သက်သေခံလက်မှတ် PC အတုပြုလုပ်နေမှုများ ကာကွယ်ရန်အတွက် အဆင့်မြှင့်တင်မည့် အခြေအနေများ၊ Agent များကို သင်တန်းပေးမည့် အစီအစဉ်၊ ပိုးသတ်ဆေးဓာတ်ကြွင်းပါဝင်မှု လျှော့ချရေးအတွက် Public Private Farmer Partnership (PPFP) ပုံစံဖြင့် ပူးပေါင်းဆောင်ရွက်မည့်အခြေအနေများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပညာပေး ဆောင်ရွက်သွားမည့် အခြေအနေများ စသည်တို့ကို ရှင်းလင်းဆွေးနွေးကြသည်။
ထို့နောက် တက်ရောက်လာသည့် UMFCCI ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း၊ မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းတို့မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးများနှင့် ကုမ္ပဏီများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
ကိုထက်


