ပြည်သူ၊ သာယာဝပြောမှုနှင့် ငြိမ်းချမ်းရေး

“ပြည်သူ”၊ “သာယာဝပြောမှု”နှင့် “ငြိမ်းချမ်းရေး”သည် ကိုရီးယား-မြန်မာ စက်မှုဇုန်စီမံကိန်း၏ ရည်ရွယ်ချက် အဆိုတစ်ခု ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် နှစ်နိုင်ငံအကျိုးစီးပွားကို လက်တွေ့ဖော်ဆောင်ကြရာ၌ ယင်းကဲ့သို့ အနှစ်သာရ ပြည့်ဝသည့် အမှတ်သညာရည်မှန်းချက်မျိုးကို တွေ့နိုင်ခဲပါသည်။ ကောင်းကျိုးမင်္ဂလာအဖြာဖြာတို့နှင့် ပြည့်ဝစေနိုင်သော နိုင်ငံတော်၏စီမံကိန်းကြီးတစ်ခု လက်တွေ့အစပြု ပေါ်ထွက်လာပြီ ဖြစ်သည်။

 

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်တွင်ရှိသည့် ကိုရီးယား-မြန်မာ စက်မှုဇုန်စီမံကိန်းသည် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမကြီး၊ ရန်ကုန်ဆိပ်ကမ်းတို့၏အနီး၊ မြန်မာပြည် အထက်၊ အောက်၊ အနောက်ဆက်သွယ်ရေးလမ်းကြောင်းတွင် မဟာဗျူဟာကျကျ တည်ရှိသည့်အတွက် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကို အားဖြည့်ပေးမည့် အရေးပါသည့်စီမံကိန်းဖြစ်သည်။ ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကြောင့် စိန်ခေါ်မှုများနှင့်ရင်ဆိုင်ကြုံတွေ့နေရပြီး စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများ တုံ့ဆိုင်းနှေးကွေး ရပ်တန့်နေချိန်၌ မြန်မာနိုင်ငံ၏လူမှုစီးပွား ပြန်လည်ဦးမော့လာစေမည့် အလားအလာကောင်းများ ပေါ်ထွက်လာ ခြင်းသည် ထူးခြားမှုပင်ဖြစ်သည်။

 

ကိုရီးယား-မြန်မာ စက်မှုဇုန်စီမံကိန်း ပန္နက်တင်အခမ်းအနားကို ဒီဇင်ဘာလ ၂၄ ရက်နေ့က ကျင်းပခဲ့ရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က “အစိုးရချည်းပဲ အလုပ်အကိုင်များဖန်တီးရေး၊ စဉ်ဆက်မပြတ်တိုးတက်ရေးတို့ ဖြစ်မြောက်အောင် မလုပ်နိုင်ပါဘူး။ ဒါကြောင့် အစိုးရအနေနဲ့ MSME များနှင့် အရင်းအနှီးကို ချိတ်ဆက်ပေးပြီး ပြောင်းလဲနေတဲ့ နည်းပညာလိုအပ်ချက်များနဲ့ ကိုက်ညီတဲ့အလုပ်အကိုင်များကို ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ပေးခြင်းနဲ့ ၂၁ ရာစု အလုပ်အကိုင်များအတွက် အဆင်သင့်ဖြစ်စေတဲ့ ယခုလို ရင်းနှီးမြှုပ်နှံမှုများအတွက် အခြေခံအုတ်မြစ်များ ချပေးနိုင်မှာ ဖြစ်ပါတယ်” ဟု ဗီဒီယိုဖြင့် မိန့်ခွန်းပြောကြားခဲ့သည်။

 

အဆင့်မြင့်နည်းပညာများအသုံးပြု၍ သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိသော ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဇုန်တစ်ခုအဖြစ် ဖန်တီးမည့် ယခုစီမံကိန်းသည် ပြည်သူများ ငြိမ်းချမ်းမှု၊ သာယာဝပြောမှု စသည်တို့ကို အခြေခံကာ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်သည်။ ကိုရီးယားသမ္မတနိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် စီမံကိန်းလုပ်ငန်းများ ကို အင်တိုက်အားတိုက်ဆောင်ရွက်နေပြီး ယခုစီမံကိန်းအပြင် နောင်အနာဂတ်တွင်လည်း ထင်ရှားသည့်စီမံကိန်းအများ အပြားကို ပူးပေါင်းဆောင်ရွက်ဦးမည်ဖြစ်ရာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုများ ပိုမိုဖြစ်ထွန်းနေမှုများကို လက်တွေ့သက်သေပြနေပါသည်။

 

ကိုဗစ်-၁၉ ကြောင့် ကမ္ဘာကြီးတွင် အခက်အခဲများ၊ စိန်ခေါ်မှုများကြုံတွေ့ခံစားနေရသော်လည်း မြန်မာနိုင်ငံတွင် ဘက်ပေါင်းစုံ၌ ကြိုးစားအားထုတ်ကြသောကြောင့် အခက်အခဲများကြားမှ အလားအလာကောင်းများ ပေါ်ထွက်လာပြီ ဖြစ်သည်။ ယခု ကိုရီးယား-မြန်မာစီမံကိန်းသည် ပြည်သူများ၏ မျှော်လင့်ချက်များအတွက် လမ်းကြောင်းမှန်ပေါ် ရောက်ရှိလာပြီကို ပြသလိုက်ခြင်းပင် ဖြစ်သည်။ ကိုဗစ်-၁၉ကြောင့် စီးပွားရေးနှင့် အလုပ်အကိုင် များ ယိုင်နဲ့နေမှုများကို ကျားကန်ထောက်ပံ့ပေးသဖြင့် စီးပွားရေးပြန်လည် ဦးမော့လာနိုင်မည်။ စက်မှုဇုန်အလုပ်သမားများ၊ ၎င်းတို့၏ မိသားစုများနှင့် ရပ်ရွာအသိုက်အဝန်းများအတွက် စီးပွားရေးအခွင့်အလမ်းကောင်းများ ရရှိစေမည်ဖြစ်သည်။

 

ကိုရီးယား-မြန်မာ ယခုစီမံကိန်းမှာ လွယ်လွယ်ကူကူဖြစ်လာခြင်း မဟုတ်ပေ။ ပြည်သူ့အစိုးရတာဝန်ယူစဉ် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံ မှုစီမံကိန်းကိုခွင့်ပြုပေးခဲ့ပြီး အားလုံးဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းဆောင်ရွက်ခဲ့ကြသောကြောင့် ပေါ်ပေါက်လာခြင်းဖြစ်သည်။ စီမံကိန်းမှ နိုင်ငံတော်ကအားပေးနေသည့် အငယ်စား၊ အသေးစား၊ အလတ်စားစီးပွားရေး လုပ်ငန်းများအတွက် အထောက်အပံ့ဖြစ်လာပြီး ပြည်တွင်းစီးပွားရေးလုပ်ငန်းများ၊ စားသောက်ဆိုင်လုပ်ငန်းများ အပါအဝင် စက်မှုလုပ်ငန်းများစွာ တိုးချဲ့ဆောင်ရွက်နိုင်ကာ အရည်အသွေးရှိသည့် အလုပ်အကိုင်အခွင့်အလမ်းသစ် ပေါင်း သိန်းနှင့်ချီ၍ ဖန်တီးပေးနိုင်မည် ဖြစ်သည်။

 

သို့ဖြစ်ရာ “ပြည်သူ”၊ “သာယာဝပြောမှု” နှင့် “ငြိမ်းချမ်းရေး” ဟူသည့် ရိုးစင်းသော ရည်မှန်းချက်အယူအဆတစ်ခုကို လက်တွေ့ စတင်ဖော်ဆောင် လိုက်ပြီဖြစ်သည်။ ထိုရိုးစင်းစွာ စတင်အကောင်အထည်ဖော်နိုင်မှုမှ အလုပ်အကိုင် အခွင့်အလမ်းများနှင့် စက်မှုလုပ်ငန်းများ တိုးတက်ဖြစ်ထွန်းလာပြီး လုပ်သာကိုင်သာရှိသည့် ပတ်ဝန်းကျင်ကောင်း တစ်ခုကို နိုင်ငံတော်အစိုးရက ဖန်တီးပေးလိုက်နိုင်ပြီဖြစ်ရာ ပြည်သူများငြိမ်းချမ်းသာယာဝပြောရေးကို အလေးထား ရှေးရှု၍ ကိုရီးယား-မြန်မာ စက်မှုဇုန်စီမံကိန်း အောင်မြင်အောင်ဆက်လက်၍ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။   ။

ကြေးမုံ