ပြည်သူကိုအလုပ်အကျွေးပြုနိုင်ပြီး ပြည်သူလူထုက ချစ်ခင်လေးစားအားကိုးယုံကြည်ရသည့် တပ်ဖွဲ့တစ်ခု ထာဝရဖြစ်နေစေရေး တပ်ဖွဲ့ဝင်တိုင်းက မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် ပြည်သူကိုအလုပ်အကျွေး ပြုနေရန် အထူးလိုအပ်

မီးသတ်တပ်ဖွဲ့ဝင်များ လုပ်ဆောင်နေသည့် လုပ်ငန်းစဉ်များအားလုံးသည် ပြည်သူ့အကျိုး၊ ပြည်သူ့အရေးကိစ္စပင်ဖြစ်

နေပြည်တော်၊ မေ ၅

(၇၈)နှစ်မြောက်  မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့နေ့အခမ်းအနားကို  ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း  ဗဟိုဌာန - ၂ (MICC – II ) ၌ ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကား ပြောကြားသည်။

 

တက်ရောက်

 

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဦးဝဏ္ဏမောင်လွင်၊ ဒေါ်ဒွဲဘူ၊ မန်းငြိမ်းမောင်၊ ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော် ကောင်စီဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဌာနချုပ်မှ အရာရှိများနှင့် တပ်ဖွဲ့ဝင်များ၊ အငြိမ်းစား မီးသတ်တပ်ဖွဲ့ဝင် အရာရှိကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ သန္ဓေ၊ အရန်၊ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များ၏ ကိုယ်စားလှယ်များ၊ ထူးချွန်ဆု ရရှိကြသည့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက (၇၈)နှစ်မြောက် မြန်မာ နိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်း အမှတ်အခမ်းအနားကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်သည်။ ထို့နောက် (၇၈)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် မှတ်တမ်း Video Clip ကို ပြသသည်။

 

mdn

 

မိန့်ခွန်းပြောကြား

 

ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့နေ့ အထိမ်းအမှတ် မိန့်ခွန်း ပြောကြားရာတွင် ယနေ့သည် တိုင်းရင်းသား မိဘပြည်သူများ၏ အသက်အိုးအိမ်ဥစ္စာပစ္စည်းများကို မီးဘေးအန္တရာယ်နှင့် အခြားသော ဘေးအန္တရာယ်အမျိုးမျိုးမှ ခေတ်အဆက်ဆက် ကာကွယ်စောင့်ရှောက်ခဲ့ပြီး သမိုင်းဂုဏ်ဒြပ် အစဉ်အလာကြီးမားစွာ ရပ်တည် လာခဲ့သည့် မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့၏ (၇၈)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ ဖြစ်ကြောင်း။

မြန်မာနိုင်ငံ၏သမိုင်းကို ပြန်ကြည့်ရမည်ဆိုပါက ပုဂံထီးနန်းကို တည်ထောင်ခဲ့သည့် အနော်ရထာမင်းစော လက်ထက် ခရစ်နှစ် ၁၀၄၄ ခုနှစ်ကတည်းက မီးသတ်တပ်ဖွဲ့များ ဖွဲ့စည်းလာခဲ့ သည်ကို တွေ့ရပါကြောင်း၊ ပုဂံ ခေတ်မှစ၍ ကုန်းဘောင်ခေတ်အထိ ခေတ်အဆက်ဆက်တွင်လည်း နိုင်ငံတော်ကို မီးဘေးမသင့် စေရန် မီးသတ်လုပ်ငန်းများကို စနစ်တကျဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံ၏ မီးသတ်တပ်ဖွဲ့ သမိုင်းသည် နှစ်ပေါင်း ၁၀၀၀ နီးပါးရှိခဲ့သည်ကို ဂုဏ်ယူဖွယ်ရာ တွေ့ရမည်ဖြစ်ကြောင်း။

ကိုလိုနီခေတ်တွင် အင်္ဂလိပ်နယ်ချဲ့တို့သည် သူတို့၏ကိုယ်ကျိုး စီးပွားကို ကာကွယ်ရန်အတွက် သာ မြူနီစီပယ်မီးသတ်တပ်ဖွဲ့များ ဖွဲ့စည်းခဲ့ကြကြောင်း၊ ထို့ကြောင့် မျိုးချစ်လူငယ်များသည် မိမိတို့၏ ရပ်ရွာဒေသကို မီးဘေးအန္တရာယ် က ကာကွယ်နိုင်ရန် အမျိုးသား ရေးစိတ်ဓာတ်နှင့် အပျော်တမ်း မီးသတ်အဖွဲ့များကို ဖွဲ့စည်းပြီး ကာကွယ်ခဲ့ကြကြောင်း၊ ၁၉၀၀ ပြည့်နှစ် နှောင်းပိုင်းကစပြီး စေတနာ့ဝန်ထမ်း အပျော်တမ်း မီးသတ်တပ်ဖွဲ့များကို တစ်နိုင်ငံလုံး မြို့နယ်အလိုက် ဖွဲ့စည်းခဲ့ကြကြောင်း။

 

mdn

 

၇၈ နှစ်တိုင်ခဲ့ပြီ

 

၁၉၄၆ ခုနှစ် မေ ၅ ရက် တနင်္ဂနွေနေ့တွင် ရန်ကုန်မြို့ ကန်တော်ကလေးတွင်ရှိသည့် အမျိုးသမီးကျောင်း၌ မြန်မာ တစ်ပြည်လုံးတွင်ရှိသည့် မီးသတ် အဖွဲ့အစည်းများ၏ ပထမအကြိမ် စေတနာ့ဝန်ထမ်း မီးသတ်အစည်း အရုံးညီလာခံကို ကျင်းပနိုင်ခဲ့ပြီး ယင်းညီလာခံကို ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် တက်ရောက် မိန့်ခွန်းပြောကြားခဲ့ကြောင်း၊ ထိုသို့ မြန်မာနိုင်ငံလုံးဆိုင်ရာ မီးသတ်အစည်းအရုံး ညီလာခံ ကျင်းပခဲ့သည့် မေ ၅ ရက် ကို အစွဲပြုပြီး “မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အဖြစ် ကျင်းပလာခဲ့သည်မှာ ယနေ့ဆိုလျှင် ၇၈ နှစ်တိုင်ခဲ့ပြီ ဖြစ်ကြောင်း။

မီးသတ်တပ်ဖွဲ့သည် ပြည်ထဲရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှုများနှင့်အညီ မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးစသည့် ရည်မှန်း ချက်တာဝန်လေးရပ် ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်အလိုက် ကြိုတင်စီမံမှု၊ အကောင်အထည်ဖော်ဆောင်ရွက်မှု၊ ပြန်လည်သုံးသပ်မှုဆိုသည့် အရေးကြီးသည့်ကဏ္ဍများကို မဟာဗျူဟာကျကျနှင့် အလေးထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။

မြန်မာနိုင်ငံတွင် နှစ်စဉ်မီးလောင်မှုများ ဖြစ်ပွားလျက်ရှိရာ ၂၀၁၄ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ၁၀ နှစ်တာ ကာလအတွင်း မီးလောင် မှုအကြိမ်ပေါင်း ၁၈၀၀၀ ခန့် ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ၁၈၇ ဘီလီယံ ကျော်ခန့်ရှိကြောင်း၊ နိုင်ငံတစ်ဝန်းလုံး ပျမ်းမျှအားဖြင့် တစ်နှစ်တွင် အကြိမ်ရေ ၁၈၀၀ ခန့်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုအနေဖြင့် နှစ်စဉ် ၁၈ ဘီလီယံကျော် ဆုံးရှုံး နေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊၊

ကမ္ဘာ့ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုနှင့်အတူ နိုင်ငံအလိုက် လူဦးရေတိုးပွားလာမှုများနှင့် စက်မှုနည်းပညာများ ဖွံ့ဖြိုး တိုးတက်လာသည်နှင့် အမျှ မီးလောင်မှုဖြစ်စဉ်များများလာသည်ကိုတွေ့ရကြောင်း၊ ထို့ကြောင့် နှစ်စဉ်မီးလောင်မှုအကြိမ်ရေနှင့် မီး‌ဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု တန်ဖိုးများ လျော့ကျစေရေးအတွက် ပြည်သူ လူထုအတွင်း မီးသတိပြုရေးနှင့် မီးဘေး ကြိုတင်ကာကွယ်ရေး အသိပညာများ စိမ့်ဝင်ပျံ့နှံ့နေ အောင် ကြိုးပမ်းဆောင်ရွက်ကြ ရမည်ဖြစ်ကြောင်း။

ရေဒီယို၊ ရုပ်မြင်သံကြားတို့မှ လှုံ့ဆော်ပညာပေးမှု အစီအစဉ်များ ထုတ်လွှင့်ပေးခြင်း၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတို့တွင် ထည့်သွင်းဖော်ပြခြင်း၊ ပညာပေးစာစောင်များ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ မြို့ပေါ်ရပ်ကွက်များသာမက ကျေးလက်ဒေသအထိ ကွင်းဆင်းပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အတွက် မဖြစ်မနေလိုက်နာ ဆောင်ရွက်ရမည့် အချက်များ စသည်များကို ပိုမိုကျယ်ကျယ် ပြန့်ပြန့်သိရှိအောင် လုပ်ဆောင်ပေးကြရန်လိုကြောင်း။

 

အသိပညာပေးပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်း

 

မီးသတ်တပ်ဖွဲ့ အနေဖြင့် မီးလောင်မှုနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို မီးသတ်ဦးစီးဌာန၏ Website စာမျက်နှာမှတစ်ဆင့် Live ထုတ်လွှင့်ပြသခြင်း၊ Update သတင်းများ တင်ပြ ထုတ်လွှင့်ပေးခြင်းများသည်လည်း ထိရောက်သည့် အသိပညာပေးပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း ဖြစ်သည့် အတွက် ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ တစ်ဖက်ကလည်း ပြည်သူများအနေဖြင့်လည်း မီးဘေးအန္တရာယ်က ကင်းဝေးအောင် အသိ၊ သတိ နှင့် မပေါ့မဆကြဘဲ ကြိုတင်ကာကွယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။

မီးသတ်လုပ်ငန်းသည် အန္တရာယ်များသည့်အတွက် စွန့်လွှတ်မှုများ၊ စွန့်စားမှုများနှင့် အသက်နှင့်ခန္ဓာကို ပေးဆပ်ပြီးလုပ်ရသည့် လုပ်ငန်းဖြစ်ကြောင်း၊ ပေးဆပ်မှု အနည်းဆုံးဖြစ်ရန် မိမိအလုပ်ကို ကျွမ်းကျင်မှုရှိရန်လိုပြီး ကျွမ်းကျင်အောင်လည်း အကြိမ်ကြိမ်လေ့ကျင့်နေရန် လိုအပ်ကြောင်း၊ လေ့ကျင့်မှကျွမ်းကျင်၊ ကျွမ်းကျင်မှ ယုံကြည်၊ ယုံကြည်မှ ရဲရင့်၊ ရဲရင့် မှအောင်ပွဲဆင်နိုင်မည် ဖြစ်၍ “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ ဆိုသည့် လေ့ကျင့်ရေးလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ကြရန် လိုကြောင်း။

ခေတ်အဆက်ဆက်တွင် မီးသတ်တပ်ဖွဲ့အနေဖြင့် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူလူထုအကျိုးအတွက် အသက်ကို ပဓာနမထားဘဲ စွန့်လွှတ်စွန့်စားမှုများနှင့် အကျိုးပြုနေခြင်းသည် လေးစားဂုဏ်ယူဖွယ်ရာဖြစ်ကြောင်း၊ စွန့်လွှတ်စွန့်စားပြီး စွမ်းစွမ်းတမံ သယ်ပိုး ဆောင်ရွက်ခဲ့ကြသည့် မီးသတ်တပ်ဖွဲ့ဝင်များကိုလည်း နိုင်ငံတော်က စွမ်းရည်သတ္တိဆိုင်ရာနှင့် စွမ်းဆောင်မှု ဆိုင်ရာ ဂုဏ်ထူးဆောင် ဘွဲ့ထူးဂုဏ်ထူးများ ချီးမြှင့်ပေးအပ်လျက်ရှိကြောင်း။

ထိုသို့ ချီးမြှင့်ပေးခဲ့ရာတွင် ၁၉၅၂ ခုနှစ်မှ ယနေ့အထိ စွမ်းရည်သတ္တိဆိုင်ရာနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ် စုစုပေါင်း ၃၅၈ ဦးကို ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ စွမ်းရည်သတ္တိဆိုင်ရာနှင့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်နှင့် လက်မှတ်များမရရှိခဲ့သော်လည်း ပေးအပ်သည့် တာဝန်များကို ကျေပွန်စွာထမ်းဆောင်ပြီး နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် စွန့်လွှတ်မှုပေါင်းများစွာဖြင့် ဆောင်ရွက်ခဲ့ကြသည့် သန္ဓေ၊ အရန်နှင့် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များကိုလည်း တန်ဖိုးထား ချီးကျူးဂုဏ်ပြုပါကြောင်း။

စိတ်ဓာတ်နှင့် စည်းကမ်း ကောင်းမွန်မှု၊ အမိန့်နာခံတတ်မှုတို့နှင့် တည်ဆောက်ထားသည့် မီးသတ်တပ်ဖွဲ့သည် ပြည်သူကို အလုပ်အကျွေးပြုနိုင်ပြီး ပြည်သူလူထုက ချစ်ခင်လေးစားအားကိုးယုံကြည်ရသည့် တပ်ဖွဲ့တစ်ခု ထာဝရ ဖြစ်နေစေရေးအတွက် တပ်ဖွဲ့ဝင်တိုင်းက မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် ပြည်သူကို အလုပ်အကျွေးပြုနေရန် အထူးလိုအပ်ကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည်နှင့်အညီ ပါတီနိုင်ငံရေး ကင်းရှင်းရမည်ဖြစ်ပြီး အမျိုးသားနိုင်ငံရေးကို ရှေးရှုဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များ လုပ်ဆောင်နေသည့် လုပ်ငန်းစဉ်များအားလုံးသည် ပြည်သူ့အကျိုး၊ ပြည်သူ့အရေးကိစ္စပင် ဖြစ်ကြောင်း၊ ပြည်သူ့အကျိုး၊ ပြည်သူ့အရေးကိစ္စသည် တစ်မျိုးသားလုံး၏ အရေးကိစ္စဖြစ်ပြီး နိုင်ငံတော်၏ အရေးကိစ္စပင် ဖြစ်သည်ကို နားလည် သဘောပေါက်ကြရန် လိုအပ်သည်ကို မှာကြားလိုကြောင်း။

မိမိတို့အနေဖြင့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံ ဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးကို ရည်မှန်းချက် အောင်မြင်အောင် ဆောင်ရွက်နေသည့် ယခုလိုအချိန်တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည် ချက် (၉) ရပ်ကို အပြည့်အဝ အောင်မြင်ရန်အတွက် မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဦးလည်မသုန် အလေးအနက်ထားပြီး တာဝန်သိသိ၊ သစ္စာရှိရှိ အကောင် အထည်ဖော် ဆောင်ရွက်သွားကြရန် ဖြစ်ကြောင်း။

ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် သဘာဝဘေးအန္တရာယ်များ နှစ်စဉ် ကြုံတွေ့ရလျက်ရှိပြီး ထိခိုက်ပျက်စီး ဆုံးရှုံးမှုပမာဏလည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာလျက် ရှိကြောင်း၊ မြန်မာနိုင်ငံ၏ ရာသီဥတုနှင့် ပထဝီဝင်အနေအထားအရ ဒေသအလိုက် မီးဘေး၊ ရေဘေး၊ လေ ဘေး၊ ငလျင်ဘေး အစရှိသည့် သဘာဝဘေးအန္တရာယ်အမျိုးမျိုး ကို ရင်ဆိုင်ကြုံတွေ့နိုင်သည့်အပြင် အခြားသော ဓာတု၊ ဇီဝ၊ ရေဒီယို သတ္တိကြွပစ္စည်းများ၏ အန္တရာယ်များလည်း ဖြစ်ပွားလာနိုင်သည်ကို တွေ့ကြရမည်ဖြစ်ကြောင်း။

သာဓကအနေဖြင့် ၂၀၂၃ ခုနှစ် မေ ၁၄ ရက်တွင် ဖြစ်ပွားခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ၏ အဖျက်စွမ်းအား ကြီးမားမှုကို အားလုံးအသိပင် ဖြစ်ကြောင်း၊ “မိုခါ” မုန်တိုင်းကြောင့် ပြိုကျပျက်စီးနိုင်သည့် နေရာဒေသများမှ ပြည်သူများကို တပ်မတော်၏ ဦးဆောင်မှုနှင့်အတူ ဘေးလွတ်ရာကို အချိန်မီရွှေ့ပြောင်းပေးခြင်းနှင့် ကြိုတင်ကာကွယ်မှုများကို တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအလိုက် နိုင်ငံ့ဝန်ထမ်းများ၊ ပရဟိတအဖွဲ့များနှင့်အတူ ဆောလျင်ထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ထိခိုက်ပျက်စီးမှုများကို အနည်း ဆုံးဖြစ်အောင် လျှော့ချနိုင်ခဲ့သည်ကို တွေ့ရမည်ဖြစ်ကြောင်း။

မုန်တိုင်းတိုက်ခတ်အပြီးတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်ချက်အရ မီးသတ်တပ်ဖွဲ့အနေဖြင့် အထူးရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များနှင့် အတူ နေပြည်တော်၊ ပဲခူး၊ မကွေး၊ မန္တလေး၊ မွန်၊ရန်ကုန်၊ ရှမ်းနှင့် ဧရာဝတီတို့က ရှာဖွေကယ်ဆယ် ရေးတပ်ဖွဲ့ဝင်အင်အား စုစုပေါင်း ၅၄၉ ဦး အမြန်ဆုံးစေလွှတ်ပြီး ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များ၏ လုပ်ငန်းကျွမ်းကျင်မှု၊ စက်ပစ္စည်းကိရိယာများ၏ စွမ်းအားများနှင့် အချိုးကျ ပေါင်းစပ်ပြီး ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးခဲ့ ကြသည့်အတွက် ဒေသခံပြည်သူများ၏ အားကိုးယုံကြည်မှုကို ရရှိစေခဲ့သည့် ဂုဏ်ယူဖွယ်ရာ လုပ်ဆောင်ချက်များဖြစ်သည်ကို ဂုဏ်ပြုပြောကြားလိုကြောင်း။

ဖြစ်ပေါ်ပြောင်းလဲလာသည့်ဘေးအန္တရာယ်များ၏ စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်ရန်၊ နိုင်ငံတကာ မီးသတ်တပ်ဖွဲ့များနှင့် ရင်ပေါင်တန်း ဆောင်ရွက်နိုင်ရန်၊ အနာဂတ်ကာလကို မျှော်မှန်းပြီး အသွင်သဏ္ဌာန် သာမက အနှစ်သာရပိုင်းပါ ပြုပြင်ပြောင်းလဲနိုင်ရန်အတွက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကို Men Power ၊ Equip-ment Power ၊ Technological Powerများနှင့် ဟန်ချက်ညီအောင် တည်ဆောက်ကြရမည်ဖြစ်ကြောင်း။

 

သမိုင်းမှတ်တမ်းသစ်တစ်ခု ရေးထိုးနိုင်ခဲ့

 

နိုင်ငံတကာအဆင့် အောင်မြင်မှုများကို ဆန်းစစ်ကြည့်မည် ဆိုပါက ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း စင်ကာပူနိုင်ငံ စင်ကာပူ မြို့ပြကာကွယ်ရေး တပ်ဖွဲ့၏ Singapore Civil Defence Force-SCDF Ready Week 2023 တွင် ကျင်းပခဲ့သည့် နိုင်ငံတကာမီးသတ်စွမ်းရည်ပြိုင်ပွဲ၌ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၃ နိုင်ငံမှ အသင်း ၁၆ သင်း ပါဝင် ယှဉ်ပြိုင်ခဲ့ရာ အဖွဲ့လိုက် အသက်ကယ် စွမ်းရည်ပြိုင်ပွဲတွင် ပထမဆုနှင့် နိုင်ငံတကာမှ မီးသတ်သမား ၂၆ ဦး ပါဝင်ယှဉ်ပြိုင်သည့် တစ်ဦးချင်းစွမ်းရည်ပြိုင်ပွဲ Braveheart (Individual) တွင် တတိယဆုများ ဆွတ်ခူးခဲ့ကြောင်းကို ဂုဏ်ယူဖွယ်တွေ့ရှိရကြောင်း၊ ထိုသို့နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့ခြင်းသည် မီးသတ်တပ်ဖွဲ့အတွက် သမိုင်းမှတ်တမ်းသစ်တစ်ခု ရေးထိုးနိုင်ခဲ့ခြင်းဖြစ်ပြီး ယင်းအစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းကြရန် မှာကြားလိုကြောင်း။

မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ခေတ်စနစ်နှင့်အညီ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ ပညာရပ်များကို ကျွမ်းကျင်ပိုင်နိုင်မှုရှိအောင် ကြိုးပမ်းလေ့လာ ဆောင်ရွက်ထားကြရန် လိုအပ်သကဲ့သို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စိန်ခေါ်မှုအသစ်များကိုရင်ဆိုင်ရန် အဆင့်မြင့်ရှာဖွေကယ်ဆယ်ရေး နည်းပညာပိုင်းများနှင့် ဆောင်ရွက်နိုင်ရန် မြို့ပြရှာဖွေကယ်ဆယ်ရေးအဖွဲ့ (Urban Search and Rescue Team) များကို ဒေသအလိုက် စုဖွဲ့လေ့ကျင့်ပြီး အသင့်ဆောင်ရွက်ထားရန်လည်း မှာကြားလိုကြောင်း။

 

ရည်မှန်းချက်တာဝန်(၄)ရပ်

 

မီးသတ်တပ်ဖွဲ့၏ သမိုင်းအစဉ် အလာကောင်းကို ဆက်လက်ထိန်းသိမ်းပြီး ရည်မှန်းချက်တာဝန် (၄) ရပ်ကို အောင်မြင်အောင် အလေးထား အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်၊ ဒို့တာဝန်အရေးသုံးပါးကို အစဉ်ဦးထိပ်ထားပြီး နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးနှင့် နိုင်ငံတော်ကို မီးဘေးနှင့်သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ရေးလုပ်ငန်းများတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ကာ မီးသတ်တပ်ဖွဲ့၏ ဂုဏ်ကို မြှင့်တင်ဆောင်ရွက်ကြရန်၊ နိုင်ငံတကာတွင် ပြောင်းလဲတိုးတက်နေသည့် မီးသတ်လုပ်ငန်း နည်းပညာများကို မျက်ခြည်မပြတ် လေ့လာဆည်းပူးပြီး လေ့ကျင့်မှုဖြင့် အရည်အချင်းပြည့်ဝအောင် ကြိုးပမ်း ဆောင်ရွက်သွားကြရန်၊ မိမိတို့နိုင်ငံသားများကို မီးဘေးလုံခြုံရေးလုပ်ငန်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် အလုပ်အကျွေးပြုရာတွင် စိတ်ကောင်းစေတနာအပြည့်ဖြင့် ထိထိရောက်ရောက် လိုအပ်ချက်မရှိအောင် စွမ်းဆောင်ကြရန်နှင့် အထူးသဖြင့် မီးသတ်သမားများသည် ဘေးအန္တရာယ်များနှင့် ရင်ဆိုင် ကြုံတွေ့နေသူတိုင်းကို မိမိတို့အသက်နှင့် ခန္ဓာကိုယ်ကို အရင်းတည်ပြီး ကူညီကယ်တင် ဆောင်ရွက်ရခြင်းကြောင့် ခေတ်အဆက်ဆက် တာဝန်ထမ်းဆောင်ရင်း စွန့်လွှတ်စွန့်စားသွားကြသည့် မီးသတ်တပ်ဖွဲ့ဝင်များ၏ ဂုဏ်ဒြပ်ကို လေးစားဂုဏ်ယူပြီး နောင်နှစ်ပေါင်းများစွာ မြန်မာပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ချမ်းသာကို စောင့်ရှောက်ကာကွယ်နိုင်သည့် တပ်ဖွဲ့ကြီးအဖြစ် အဓွန့်ရှည်အောင် ကြိုးစားတည်ဆောက်သွား ကြရန်လိုကြောင်း ပြောကြားသည်။

 

ပေးအပ်ချီးမြှင့်

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က “မီးသတိပြု” ဂန္ဓဝင်တေးသီချင်းသီဆိုသူ နိုင်ငံကျော်တေးသံရှင် ဦးထွန်းရွှေ၊ အသက် ၉၀ နှစ်နှင့်အထက် တာဝန်ထမ်းဆောင်လျက်ရှိသော မီးသတ်လုပ်ငန်းများတွင် စေတနာ့ဝန်ထမ်းတာဝန် ထမ်းဆောင်လျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် အရန်မီးသတ်တပ်ရင်းမှ အရန်မီးသတ် ဒုတိယတပ်ရင်းမှူး ဦးချစ်လှိုင်နှင့် စစ်မှုထမ်း (အငြိမ်းစား)၊ မီးသတ်ဝန်ထမ်း (အငြိမ်းစား) တပ်ကြပ်ကြီး ဦးထွန်းကြည် တို့ကိုလည်း ကောင်း၊ မြန်မာနိုင်ငံအတွင်း မီးဘေးလုံခြုံရေးလုပ်ငန်းများအား သက်တမ်းအကြာဆုံး စေတနာ့ဝန်ထမ်း ဆောင်ရွက်ခဲ့သည့် အရန်မီးသတ်စခန်းသုံးခုတို့မှ တာဝန်ရှိသူတို့ကိုလည်းကောင်း ဂုဏ်ပြုဆုငွေများနှင့် ဂုဏ်ပြုဒိုင်းဆုတို့ကို ပေးအပ်ချီးမြှင့်သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်ထံသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က (၇၈) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် အမှတ်တရလက်ဆောင် ပေးအပ်သည်။

 

ပေးအပ်ချီးမြှင့်

 

ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက Singapore Global Firefighters & Paramedics Challenge Braveheart တစ်ဦးချင်းစွမ်းရည် ပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သော တပ်ဖွဲ့ဝင်တစ်ဦး၊ နိုင်ငံဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) နှင့် (အထက်မြန်မာပြည်) တို့တွင် စံပြဆုရရှိခဲ့သော သင်တန်းသူနှစ်ဦး၊ စွမ်းဆောင်မှုဆိုင်ရာဆုတံဆိပ်ရရှိသူ တစ်ဦးနှင့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့တွင် လုပ်သက် ၃၇ နှစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သွေးလှူဒါန်းမှုအကြိမ်ရေ ၁၂၅ ကြိမ်ဖြင့် လူမှုထူးချွန်ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့် ဆုတံဆိပ်များ ရရှိခဲ့သည့် လက်ထောက်မီးသတ်ဦးစီးမှူး (ငြိမ်း) ဦးမျိုးမင်းတို့ကို ဂုဏ်ပြုဆုနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်သည် အခမ်းအနား တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ပြီး ခန်းမအတွင်း ခင်းကျင်း ပြသထားသည့် ခေတ်မီမီးငြှိမ်း သတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံး ပစ္စည်းကိရိယာများနှင့် ခန်းမအရှေ့တွင် ခင်းကျင်းပြသထားသည့် ခေတ်အဆက်ဆက် မီးသတ်ယာဉ်များအား လိုက်လံကြည့်ရှု အားပေးသည်။

 

mdn

 

ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်သည် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (MICC-II) ၌ ပြုလုပ်သည့် (၇၈) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုညစာစားပွဲသို့ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့်အတူ တက်ရောက်သည်။

ဦးစွာ မီးသတ်တပ်ဖွဲ့ဝင်များက “မွန်မြတ်စိတ်ထား မီးသတ်သမား” သီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့က (၇၈) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အမှတ်တရကိတ်ကို ခွဲကြသည်။ ယင်းနောက် ဂုဏ်ပြုညစာ သုံးဆောင်နေစဉ်အတွင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ပြည်တော်အေးငြိမ်း မင်္ဂလာဆိုင်းနှင့် ခေတ်ပေါ်တေးဂီတအဖွဲ့တို့၏ တီးခတ်မှုနှင့်အတူ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အနုပညာရှင်များက တေးသံသာများ၊ အကအလှများ၊ တေးသရုပ်ဖော်များဖြင့် သီဆိုကပြ ဖျော်ဖြေတင်ဆက်ကြသည်။

mdn

ညစာစားပွဲအပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က သီဆိုကပြ ဖျော်ဖြေခဲ့ကြသည့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် အနုပညာရှင်များကို ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

ထို့ပြင် အဆိုပါဂုဏ်ပြုညစာ စားပွဲတွင် ၂၀၂၄ ခုနှစ် မေ ၅ ရက် တွင် ကျရောက်သော (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုဝန်ကြီးများနှင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌတို့က ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း ၅၀ ကိုလည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က MRTV DTH စလောင်းအစုံ ၂၀ နှင့် DVB T2 Set Top Box အစုံ ၁၀၀ ကိုလည်းကောင်း၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က Solar Watt (50) လျှပ်စစ် မီးစက်အစုံ ၁၀၀ ကိုလည်းကောင်း ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်