နေပြည်တော် ဩဂုတ် ၄

 

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့နံနက်ပိုင်းတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတို့မှ ဌာနမှူးများနှင့်တွေ့ဆုံ အမှာစကား ပြောကြားသည်။

 

တွေ့ဆုံပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ပြည်ထောင်စုဝန်ကြီးရုံ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာန တို့မှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတို့မှ ဌာနမှူးများ တက်ရောက် ကြသည်။

 

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံကျန်းမာရေး ဝန်ထမ်း ၄၇၉၅ ဦး၊ သားဖွားဆရာမ ၁၀၅၈ ဦး၊ သွားဘက်ဆိုင်ရာဆရာဝန် ၂၂ ဦး အပါအဝင် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတွင် ဝန်ထမ်းသစ် ၇၃၀၅ ဦး ခန့်ထားနိုင်ခဲ့ပြီး ၃၁၉၂ ဦးကို ရာထူးတိုးမြှင့် ပေးနိုင်ခဲ့ကြောင်း၊ ပြည်သူ့ဆေးရုံများတွင် ခုတင်(၅၀)အဆင့်အထိ အထူးကုဆရာဝန်များ ခန့်ထား နိုင်ခြင်းနှင့် သစ်လွင်လက်ထောက်ဆရာဝန်များနှင့် သစ်လွင် သွားနှင့် ခံတွင်းဆရာဝန်များ ထပ်မံခန့်ထားနိုင်ခြင်းကြောင့် ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း။

 

ပုဂ္ဂလိက ကျန်းမာရေးဝန်ဆောင်မှု အရည်အသွေး မြင့်မားစေရေးအတွက် ဗဟိုအဖွဲ့အနေဖြင့် စနစ်တကျ ကြပ်မတ်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ပြည်သူ့ဆေးရုံများတွင် အခမဲ့ဓာတ်ခွဲ၊ ဓာတ်မှန် စမ်းသပ် စစ်ဆေးမှုများ တိုးမြှင့်လုပ်ဆောင်နိုင်ခြင်း၊ နိုင်ငံတော်ကတိုးမြှင့်ပံ့ပိုးပေးသည့် ကျန်းမာရေး ရန်ပုံငွေဖြင့် လိုအပ်သည့် ဆေးနှင့်ဆေးပစ္စည်း၊ ခေတ်မီစက်ကိရိယာပစ္စည်းများ ဖြည့်ဆည်း ပေးနိုင်ခြင်းတို့ကြောင့် လူနာများ၏ စိုက်ထုတ်ကုန်ကျငွေ လျော့နည်းလာသည်ကို ကောက်ခံရရှိသော အချက်အလက်များအရ တွေ့ရှိရကြောင်း၊ ကျန်းမာရေးဝန်ထမ်းများကိုလည်း ပညာရှင်ဘွဲ့ချီးမြှင့်ခြင်း၊ လုပ်အားခများ ချီးမြှင့်ခြင်း၊ ဝန်ထမ်းအိမ်ရာများ ဖြည့်ဆည်းပေးနိုင်ခြင်း စသည်ဖြင့် ပံ့ပိုးမှုများ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ တွေ့ရှိခဲ့ရသော အားသာချက်များကို အရှိန်အဟုန်မပြတ် ဆက်လက် ဆောင်ရွက်ပြီး အားနည်းချက်များကို ပြင်ဆင်ဆောင်ရွက်ကာ စာမျက်နှာသစ်ကို ပိုမိုလှပစေရန်၊ နိုင်ငံတော်၏ ရည်မှန်းချက်များ အောင်မြင်စေရန်နှင့် ကျန်းမာရေးအဆင့်အတန်း ယခုထက် ပိုမို ကောင်းမွန်လာပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအဆောက်အအုံဖြစ်စေရန် မိမိတို့ တစ်ယောက်ချင်းစီက ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးက ကျန်းမာရေး စောင့်ရှောက်မှု အညွှန်းကိန်းများ တိုးတက်စေရေးနှင့် တွေ့ကြုံရသည့် ကျန်းမာရေးဆိုင်ရာပြဿနာများကို လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်သည့် ကျန်းမာရေးစနစ်ဖြစ်စေရေး ဆက်လက်ဆောင်ရွက်ကြရန် ပြောကြားသည်။

 

ယင်းနောက် ညွှန်ကြားရေးမှူးချုပ်များက ဌာနအလိုက် လုပ်ငန်းပိုင်းဆိုင်ရာများကို မှာကြားကြပြီး တက်ရောက်လာကြသည့် နေပြည်တော်၊ တိုင်းဒေသကြီး၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနတို့မှ ဌာနမှူးများက လုပ်ငန်းဆောင်ရွက်မှုနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ကြ ကြောင်းသိရသည်။

သတင်းစဉ်