နေပြည်တော် ၁ မတ်
ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်သည် Westminster Foundation for Democracy (WFD) မှ မြန်မာနိုင်ငံဌာနေကိုယ်စားလှယ် ဒေါ်စောသီရိရူပအား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌရုံးခန်း၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် Westminster Foundation for Democracy (WFD) အနေဖြင့် လွှတ်တော်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်များနှင့် လွှတ်တော်ကော်မတီများ၏ အခန်းကဏ္ဍ မြှင့်တင်ဆောင်ရွက်သွားနိုင်ရေး၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်အထောက်အကူပြု ဝန်ထမ်းများအား နိုင်ငံတကာလွှတ်တော် လုပ်ငန်းအတွေ့အကြုံ၊ သုတေသနလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးသင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပသွားနိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)


