ပြည်သူလူထုပါဝင်မှုဖြင့် ဝိုင်းဝန်းဆောင်ရွက်

၂၇ မတ်

 

နိုင်ငံကို တည်ဆောက်ရာတွင် ပြည်သူလူထု၏ ပူးပေါင်းပါဝင်ကူညီမှုသည် အထူးလိုအပ်သည်။ ပြည်သူလူထု ပူးပေါင်းပါဝင်ကူညီသည်ဆိုရာ၌ တတ်နိုင်သည့်ဘက်မှလုပ်အားဖြင့် ပါဝင်ကူညီခြင်းဖြစ်သည်။ ပြည်သူလူထု ပူးပေါင်းပါဝင်ကူညီခြင်းသည် မြို့ပြ၊ ကျေးလက် သန့်ရှင်းသာယာလှပရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ကဲ့သို့သော အစရှိသည့်လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းကို ဆိုလိုခြင်းဖြစ်သည်။

 

ဤသို့ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့်အရာမှာ အသိတရားပင် ဖြစ်သည်။ မိမိပတ်ဝန်းကျင်၊ မိမိမြို့၊ ရွာ၊ မိမိနိုင်ငံ တိုးတက်ကောင်းမွန်ရမည် ဟူသော ခံယူချက်ဖြင့် မည်သည့်တိုက်တွန်းချက်၊ မည်သည့်အမိန့်ပေးမှုမှ မပါဝင်ဘဲ ကိုယ်ပိုင်အသိစိတ်ဓာတ်ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းကိုဆိုလိုခြင်းဖြစ်သည်။

 

မြန်မာနိုင်ငံရှိ ပြည်သူအများစုမှာ ပင်ကိုစိတ်ရင်းအားဖြင့် ရိုင်းပင်းကူညီတတ်သူများဖြစ်သည်။ ထိုသို့ ပူးပေါင်းပါဝင် ကူညီလိုစိတ်ရှိသော်လည်း အများမညီသဖြင့် ဘာသိဘာသာ နေထိုင်တတ်သည့် အလေ့အထကြောင့် ပူးပေါင်းဆောင်ရွက်ရေးတွင် အားနည်းကြသည်ကို တွေ့ရပေသည်။ အချို့ကလည်း အတ္တလွန်ကဲမှုကြောင့် အများအကျိုးတွင် ပါဝင်ဆောင်ရွက်လိုစိတ် မရှိချေ။ အများအကျိုးတွင် ပါဝင်ဆောင်ရွက်လိုစိတ်ရှိကြသူများမှာ အတ္တနည်းပါးသည့် အများပြည်သူတို့ဖြစ်ကြသည်ကို တွေ့ရပေသည်။

 

ရပ်ရေး၊ ရွာရေးနှင့် အများအကျိုးအတွက် ပါဝင်ဆောင်ရွက်ကြသည့် အလေ့အထနှင့်စိတ်ဓာတ်တို့ကို မြို့ပြများထက် ကျေးလက်ဒေသများတွင်အတွေ့များသည်။ မြို့ပြနေပြည်သူအများစုမှာ ပတ်ဝန်းကျင်နှင့်ပူးပေါင်း ဆောင်ရွက်ရေး၌ အလေ့အထနည်းပါးပြီး မိမိအလုပ်မိမိလုပ်၍ ဘာသိဘာသာ နေထိုင်တတ်ကြသည်။ ကျေးလက်နေပြည်သူအများစုမှာ ဆော်ဩသည်ဖြစ်စေ၊ မဆော်ဩသည်ဖြစ်စေ မိမိတို့ရပ်ရေးရွာရေးအကျိုးအတွက် တက်တက်ကြွကြွ ဆောင်ရွက်တတ်ကြသည်။

 

သာဓကအားဖြင့် မကြာသေးမီရက်ပိုင်းက မုံရွာမြို့နယ် အနောက်ပျံကျ ကျေးရွာသားများ ၎င်းတို့ကျေးရွာအတွင်းရှိ အမှိုက်သရိုက်များကို ကောက်ယူပြီး သတ်မှတ်ထားသည့်နေရာတွင် စနစ်တကျ စွန့်ပစ်ခဲ့ကြသည်ကို တွေ့ရသည်။ အမှိုက်ကောက်သည်မှာ မဆန်းလှသော်လည်း ဤကဲ့သို့ ရွာလုံးကျွတ် အသိစိတ်ဓာတ်ဖြင့်ဆောင်ရွက်ခဲ့မှုကို အသိအမှတ် ပြုရမည်ဖြစ်သည်။

 

ထိုအစီအစဉ်ကို ယင်းဒေသများရှိ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဦးဆောင်သည်ဆိုသော်လည်း စီမံကိန်းဝင်ကျေးရွာ ၂၂ ရွာအနေဖြင့် စုပေါင်းအမိုက်ကောက်လိုကြောင်း အဆိုပြုသောကြောင့် စီစဉ်ဆောင်ရွက် ပေးခြင်းဖြစ်ပြီး သတ်မှတ်ထားသည့် စွန့်ပစ်နေရာတွင် စနစ်တကျ စွန့်ပစ်နိုင်ရန် စီစဉ်ပေးခြင်းသာဖြစ်သည်။ ယခုအခါ ကျေးရွာများကိုယ်တိုင် လိုလိုလားလား ဆန္ဒပြုလာသောကြောင့် ယခုကဲ့သို့ ပထမဆုံးအကြိမ် စတင်ဆောင်ရွက်ခြင်း ဖြစ်သည်။

 

အမှိုက်ကောက်သည်မှာ ထူးထူးခြားခြားအလုပ်ဟု မဆိုသာသော်လည်း ရွာသူရွာသားများအနေဖြင့် မိမိရပ်ရွာ သန့်ရှင်းသာယာလှပရေးကို အခြေခံသည့် စုပေါင်းဆောင်ရွက်ခြင်းမှသည် မိမိရပ်ရွာဖွံ့ဖြိုးရေးကို ပါဝင်ဆောင်ရွက်လိုသည့် စိတ်ဓာတ်များပြန့်ပွားရေးကို ဦးတည်ပေသည်။ ယခုကဲ့သို့ ကျေးလက်ပြည်သူများက မိမိတို့ရပ်ရွာအရေးကို နိုးနိုးကြားကြား ဆောင်ရွက်ကြသည့် အလေ့အထများမှတစ်ဆင့် နိုင်ငံအတွင်းရှိ အခြား ကျေးရွာများလည်း စံနမူနာပြအနေဖြင့် လုပ်ဆောင်လာကြကာ တစ်နိုင်ငံလုံး သန့်ရှင်းသာယာလှပရေးကို ရှေးရှုသည်ဖြစ်၍ စုစည်းညီညာဓလေ့ကို ကြိုဆိုလိုက်ပါသည်။ ။

 

ကြေးမုံ (အယ်ဒီတာ့အာဘော်)