ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပညာဘွဲ့လွန်ဒီပလိုမာနှင့် စာရင်းအင်းပညာ ဘွဲ့လွန်ဒီပလိုမာသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အုပ်ချုပ်မှုနှင့် ဖွံ့ဖြိုးမှုပညာ ဘွဲ့လွန်သင်တန်းဌာန (GSAD) နှင့် မိတ္ထီလာ စီးပွားရေးတက္ကသိုလ်တို့ ပူးပေါင်းဖွင့်လှစ်သော ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပညာ ဘွဲ့လွန် ဒီပလိုမာနှင့် စာရင်းအင်းပညာ ဘွဲ့လွန်ဒီပလိုမာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြင့်မားရန်နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ရည်ရွယ်၍ ပြည်သူ့ရေးရာ မူဝါဒနှင့် အုပ်ချုပ်မှုပညာဘွဲ့လွန်ဒီပလိုမာနှင့် စာရင်းအင်းပညာ ဘွဲ့လွန်ဒီပလိုမာသင်တန်းများ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းများကို ပညာရေးဝန်ကြီးဌာန မိတ္ထီလာစီးပွားရေးတက္ကသိုလ် နှင့် ပူးပေါင်းပြီး ပညာရေးဝန်ကြီးဌာနမှ အသိအမှတ်ပြုသည့် ဘွဲ့လွန်ဒီပလိုမာ လက်မှတ်များ ပေးအပ်သည့် Accreditation ရရှိအောင် ဆောင်ရွက်ထားပါကြောင်း၊ ထို့ပြင် သင်ကြားသည့် Course/ Syllabus များကိုလည်း စနစ်တကျ ရေးဆွဲပြဌာန်းထားပြီးလည်း ဖြစ်ကြောင်း၊ ဆက်လက်ပြီး ဘွဲ့လွန်ဒီပလိုမာ အောင်မြင်ထားသူများကို  မာစတာဒီဂရီ အဆင့်အထိ တက်ရောက်ခွင့် ရရန်လည်း ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။

ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာ ဘွဲ့လွန်ဒီပလိုမာသို့ သင်တန်းသား/သူ(၆၇)ဦးနှင့် စာရင်းအင်းပညာ ဘွဲ့လွန်ဒီပလိုမာသင်တန်းသို့ သင်တန်းသား/သူ (၆၄)ဦး စုစုပေါင်း(၁၃၁)ဦး က တစ်နှစ်ကြာ တက်ရောက်သင်ကြားကြမည်ဖြစ်သည်။

သင်တန်းများတွင် နိုင်ငံ့ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ပေးရန်၊ ပြည်သူ့ရေးရာ မူဝါဒများ ချမှတ်နိုင်ရေးအတွက် သဘောတရားများကို သင်ကြားပေးရန်နှင့် လေ့ကျင့်ပေးရန်၊ စာရင်းဇယား အချက်အလက်များ တိကျမှန်ကန်စွာ ရရှိနိုင်ရန်၊ နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရား ကောင်းမွန်ရန်အတွက် တာဝန်ယူဆောင်ရွက်မည့် အရည်အသွေး ပြည့်ဝသော စွမ်းဆောင်ရည် ပြည့်ဝသည့် နိုင်ငံ့ဝန်ထမ်း ခေါင်းဆောင်ကောင်းများ မွေးထုတ်ပေးရန်နှင့် လေ့ကျင့်ပျိုးထောင် ပေးရန်အတွက် စာတွေ့လက်တွေ့ ကွင်းဆင်းလေ့လာခြင်း၊ စာတမ်းများ တင်သွင်းခြင်းများဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)