ရန်ကုန် ဇန်နဝါရီ ၄
ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ကျင်းပလျက်ရှိသည့် ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် MSME စျေးရောင်းပွဲတော် စျေးဆိုင်ခန်းများတွင် နိုင်ငံအတွင်းရှိ ဒေသအသီးသီးမှ ထွက်ကုန်ပစ္စည်းများကို စျေးနှုန်းသက်သာစွာ ရောင်းချပေးလျက်ရှိရာ လာရောက်ဝယ်ယူအားပေးသူ ပြည်သူများဖြင့် အထူးစည်ကား လျက်ရှိသည်။
စျေးရောင်းပွဲတော်တွင် ဒေသအသီးသီးမှ ထွက်ကုန်ပစ္စည်းများကို စျေးနှုန်းသက်သာစွာ ရောင်းချနေမှု၊ ပြည်သူများ ဝယ်ယူအားပေးနေမှုကို ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းသည် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ကြည့်ရှု အားပေးပြီး ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကြသည်။
ဈေးရောင်းပွဲတော်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ၊ MSME လုပ်ငန်းရှင်များ၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့ ဆိုင်ခန်းများ၊ စာအုပ်အရောင်း ဆိုင်များနှင့် စားသောက်ဆိုင်ခန်းများ အပါအဝင် ဆိုင်ခန်းပေါင်း ၃၅၀ ကျော် ပါဝင်ပြသရောင်းချ ကြသည်။
ထို့ပြင် ဂီတဖျော်ဖြေရေးမဏ္ဍပ်၌လည်း တေးသံရှင်များ၊ DJ အနုပညာရှင်များ၊ တိုင်းရင်းသားရိုးရာ အကအဖွဲ့များနှင့် မျိုးဆက်သစ် တေးသံရှင်များစွာတို့က ပွဲတော်လာ ပရိသတ်အကြိုက် မြူးကြွစွာ သီဆိုဖျော်ဖြေပေးကြသည်။
ထို့အတူ ပြည်သူများပွဲတော်သို့ လာရောက်ရာတွင် အဆင်ပြေ ချောမွေ့စေရန်အတွက် မော်တော်ယာဉ်များ ပို့ဆောင်ပြေးဆွဲပေး လျက်ရှိသည်။
ယနေ့ညပိုင်းတွင် ပွဲတော်ကျင်းပရာ ပြည်သူ့ရင်ပြင်၌ ၂၀၂၆ ခုနှစ် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မီးရှူးမီးပန်းများလည်း ပစ်ဖောက်ခဲ့ကြောင်း သိရသည်။
ဇော်မင်းလတ်-MNA


