ပြည်သူယုံကြည်အားကိုး တရားဥပဒေစိုးမိုး

၁၄  ဒီဇင်ဘာ

မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင်သည့်လွတ်လပ်သော နိုင်ငံဖြစ်သည်။ နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဟူသည့် အချုပ်အခြာအာဏာ ခက်မသုံးဖြာတို့ တည့်မတ်မှန်ကန်ခိုင်မာစွာဖြင့် အပြန်အလှန် ထိန်းကျောင်းမှုအောက်တွင် ပြည်သူများ လုံခြုံစိတ်ချပြီး အေးချမ်းစွာနေထိုင်နိုင်ရေး ဆောင်ရွက်ပေးနေသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့်ညီမျှခြင်းတည်းဟူသော လောကပါလ အခြေခံတရားများကို အခြေခံကာ တည်ဆောက်ထားသည့် နိုင်ငံဖြစ်သည်။ ထိုအခြေခံတရား အခွင့်အရေးများကို ပြည်သူများ အညီအမျှရရှိ ခံစားကြရမည်ဖြစ်သည်။ အခြေခံအခွင့်အရေးများကို တိုင်းရင်းသားပြည်သူအားလုံး အညီအမျှတန်းတူ ရရှိမှသာ အေးချမ်းသာယာဝပြောသော ပြည်ထောင်စု နိုင်ငံအဖြစ် ရေရှည်ရပ်တည်နိုင်မည်ဖြစ်သည်။

နိုင်ငံတော်တွင် တရားဥပဒေစိုးမိုးရေးသည် မရှိမဖြစ်လိုအပ်သည်။ တရားဥပဒေစိုးမိုးရေးအတွက် အဓိကအချက်သည် တရားစီရင်ရေးအာဏာ ဖြစ်သည်။ နိုင်ငံတော်တွင် တရားစီရင်ရေးအာဏာကို အပ်နှင်းခြင်း ခံထားရသည့် တရားရုံးများ၊ တရားသူကြီးများအနေဖြင့် ပြည်သူများအကြား ကြုံတွေ့နေရသည့် မှုခင်းများကို တရားစီရင်ရေးလမ်းကြောင်းပေါ်မှ ဥပဒေ နှင့်အညီ မှန်မှန်ကန်ကန်နှင့် အဂတိတရားများ မလိုက်စားဘဲ ဖြေရှင်းပေးနိုင် မှသာလျှင် ပြည်သူများ၏ ယုံကြည်ကိုးစားမှုကို အပြည့်အဝရရှိမည်ဟု ၂၀၂၀ ပြည့်နှစ် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့တွင် ပြည်ထောင်စုတရားသူကြီးချုပ်က ပြောကြားခဲ့သည်။

ပြည်သူများ လုံခြုံစိတ်ချစွာ နေထိုင်လုပ်ကိုင်ရပ်တည်နိုင်ရန်အတွက် အဓိကကျသည့်တရားစီရင်ရေးစနစ်အပေါ် ယုံကြည်ကိုးစားမှုတိုးတက်လာရန် တရားရုံးများ၏ ဂုဏ်သိက္ခာသည် အရေးကြီးသည်။ ဂုဏ်သိက္ခာကို ထိန်းသိမ်းနိုင်ရန်အတွက် လွတ်လပ်မှု၊ သာတူညီမျှမှု၊ စွမ်းဆောင်ရည်နှင့် လုံ့လဝီရိယရှိမှု၊ သမာသမတ်ကျမှု၊ ဖြောင့်မတ်တည်ကြည်မှု၊ ဂုဏ်သိက္ခာရှိမှု စသည့်တရားစီရင်ရေးကျင့်ဝတ်များကို လေးစားလိုက်နာရမည်ဖြစ်သလို တရားစီရင်ရေးနှင့်ဆက်စပ်လျက်ရှိသည့် တရားစွဲအဖွဲ့အစည်းများ၊ ဥပဒေအရာရှိများ၊ ရှေ့နေရှေ့ရပ်များမှာ အရေးကြီးပြီး ကျင့်ဝတ်များနှင့်အညီ စောင့်ထိန်းလိုက်နာကြရသည်။

နိုင်ငံတော်တွင် တရားဥပဒေစိုးမိုးရေးသည် အရေးကြီးသဖြင့် တရားရေးကဏ္ဍနှင့်အတူ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ကဏ္ဍများကလည်း ဟန်ချက်ညီ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့လိုအပ်သည်။ သို့မှသာ တရားဥပဒေ စိုးမိုးမှုကို အပြည့်အဝရရှိမည်ဖြစ်ပြီး တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းဟူသော လောကပါလတရားများ ထွန်းကားလာမည်ဖြစ်သည်။ ဒီမိုကရေစီ လူ့ဘောင်အဖွဲ့အစည်းတစ်ရပ်ကို တည်ဆောက်နေသော အခါတွင် တရားဥပဒေစိုးမိုးရေးကို ဖော်ဆောင်ရန်နှင့် နိုင်ငံသားများ၏ မူလအခွင့်အရေးများ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများအတွက်သာမက ချိုးဖောက်ခံရဖွယ်ရှိသည့် ကိစ္စများအတွက် ထိရောက်သည့် သက်သာခွင့်နှင့် အကာအကွယ်များ ပေးနိုင်ရေးသည် လွန်စွာအရေးကြီးပါသည်။ ထို့ကြောင့် လွတ်လပ်ပြီး၊ သမာသမတ်ကျပြီး တာဝန်ခံမှုရှိသည့် တရားစီရင်ရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်နေသည်။

တရားရေးဆိုင်ရာ ကျင့်ဝတ်များကို လေးစားလိုက်နာစောင့်ထိန်းခြင်းဖြင့် တရားစီရင်ရေးကဏ္ဍနှင့် ဆက်စပ်ပါဝင်သူအားလုံးအနေဖြင့် တရားစီရင်ရေးအပေါ် ပိုမိုနားလည်လာပြီး လိုအပ်သော ပါဝင်ပံ့ပိုးမှုများ ပြုခြင်းဖြင့် တရားစီရင်ရေးအပေါ် ပြည်သူလူထု၏ ယုံကြည်ကိုးစားမှု၊ နိုင်ငံအတွင်း တရားဥပဒေစိုးမိုးမှု၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုတို့ကို တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီ အထောက်အကူပြုမှုတို့ကို ရရှိမည်ဖြစ်သည်။ တရားဥပဒေစိုးမိုးမှု အပြည့်အဝရရှိသောအခါ နိုင်ငံအတွင်း အေးချမ်းသာယာဝပြောပြီး ပြည်သူများ စိတ်နှလုံးအေးချမ်းမှုကို ရမည်ဖြစ်သည်။

သို့ဖြစ်ရာ ပြည်သူလူထု လုံခြုံစိတ်ချမှုရှိရေး၊ ပြည်သူလူထု စိတ်အေးချမ်းသာမှုရှိရေး၊ ပြည်သူလူထု နိုင်ငံတော်ကို ယုံကြည်ကိုးစား အားထားနိုင်ရေးအတွက် နိုင်ငံအတွင်း အလေးထားဆောင်ရွက်ရမည့် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများတွင် တရားရေးကဏ္ဍနှင့်အတူ သက်ဆိုင်ရာ အဖွဲ့အစည်းများ လက်တွဲပူးပေါင်း ဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း။

ကြေးမုံ