ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး၏ (၁၄) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ

နေပြည်တော် မတ် ၁၀
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး၏ (၁၄) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ (ငြိမ်း) ဦးတင်အေး နှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက (၁၄) နှစ်တာကာလအတွင်း တာဝန်ထမ်းဆောင်ခဲ့ကြသည့် ကော်မရှင်အသီးသီး၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ယခုလက်ရှိ ရွေးကောက်ပွဲကော်မရှင်၏ လာမည့်ရွေးကောက်ပွဲကို  လွတ်လပ်၍ တရားမျှတပြီး မဲဆန္ဒရှင် ပြည်သူများနှင့် နိုင်ငံတကာက လက်ခံယုံကြည်သော ရွေးကောက်ပွဲအဖြစ် ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်နေမှုများနှင့် ဝန်ထမ်းများကို လိုအပ်သော ထောက်ပံ့မှုများနှင့် ထိုက်သင့်သော ဂုဏ်ပြုချီးမြှင့်ခြင်းတို့နှင့်စပ်လျဉ်းပြီး ဆောင်ရွက်ပေးခဲ့သည့် အခြေအနေများကို ပြောကြားသည်။

 

mdn


ယင်းနောက် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များတွင် စံပြထူးချွန်ဆု၊ ဒုတိယဆု၊ ဘာသာရပ်အလိုက် ထူးချွန်ဆုရရှိသော ဝန်ထမ်း ၁၂ ဦး နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဖွင့်လှစ်သည့် သင်တန်းတွင် ပထမဆုရရှိသော ဝန်ထမ်း ၁ ဦး၊ စုစုပေါင်း ဝန်ထမ်း ၁၃ ဦးတို့ကို ဂုဏ်ပြုဆု ချီးမြှင့်ခြင်း၊ ငွေကျပ်သိန်း ၆၀ ခန့် တန်ဖိုးရှိ ဆုမဲများ ကံစမ်းမဲဖောက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး အခမ်းအနားတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ တေးသီချင်းများ ဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။
သတင်းစဉ်