ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Jaroslav Dolecek အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Jaroslav Dolecek အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ဆုံရာ ကော်မရှင်အဖွဲ့ဝင်များ ဖြစ်ကြသော ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်၊ ဦးမြင့်နိုင်၊ ဦးသန်းဌေးနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

တွေ့ဆုံစဉ်  ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ကော်မရှင်ဖွဲ့စည်းမှု၊ ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပပေးနိုင်ခဲ့မှု၊ ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲများ ကျင်းပရာတွင် လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများယုံကြည်လက်ခံမှု၊ ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်းဖြစ်စေရေး စံ(၅)ချက်ဖြင့် ဦးတည်ဆောင်ရွက်လျက်ရှိပြီး ရွေးကောက်ပွဲများ တစ်ကြိမ်ထက်တစ်ကြိမ် ပိုမိုတိုးတက် ကောင်းမွန်လာစေရန် ဆောင်ရွက်လျက်ရှိမှု အခြေအနေတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် သံအမတ်ကြီးက ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲနှင့် ၂၀၁၇ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတို့တွင် ကြုံတွေ့ခဲ့ရသည့် စိန်ခေါ်မှုများ၊ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိသည့် အခြေအနေတို့နှင့် စပ်လျဉ်း၍ သိရှိလိုသည်များ မေးမြန်းမှုအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်းခဲ့ပြီး နှစ်နိုင်ငံ ရွေးကောက်ပွဲများ ကျင်းပရာတွင် ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

( သတင်းစဉ် )