ပြည်ထောင်စုအဆင့် ကရင်ရိုးရာကောက်သစ်စားပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

အိမ်မဲ ၁၁ နိုဝင်ဘာ 

 

အိမ်မဲမြို့နယ် ကရင်အမျိုးသားစာပေနှင့် ယဉ်ကျေးမှုဦးစီးကော်မတီ၏ ဦးဆောင်မှုဖြင့် ကျေးရွာအုပ်စု ၅၇ အုပ်စု စုပေါင်းကျင်းပမည့် (၄၈)ကြိမ်မြောက် စုပေါင်းကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကို အခြေခံ၍ ဧရာဝတီတိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူ ဦးစီးဆောင်ရွက်မည့် ပြည်ထောင်စုအဆင့် ကရင်ရိုးရာကောက်သစ်စားပွဲတော်နှင့် ဧရာဝတီတိုင်းဒေသကြီး ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာ ၁၀ ရက် နံနက် ၁၁ နာရီက အိမ်မြို့နယ် ရွာသစ်ကျေးရွာအုပ်စု တောင်စုကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

 

ရှေးဦးစွာ နိုင်ငံတော်အလံနှင့် ကရင်အမျိုးသားအလံအား ဦးညွှတ်အလေးပြုခဲ့ပြီး သဘာပတိ ဧရာဝတီတိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းကော်မတီများအား ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး အိမ်မဲမြို့နယ် တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထွန်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမင်းသူတို့က အားပေးစကားများ အသီးသီးပြောကြားကာ အစည်းအဝေးကို ကရင်အမျိုးသားသီချင်း သီဆို၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

 

ပြည်ထောင်စုအဆင့် ကရင်ရိုးရာ ကောက်သစ်စားပွဲတော်ကို ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပသွားမည်ဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီး ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကို နိုဝင်ဘာ ၂၀ ရက်မှစ၍ အားကစားပွဲများ စတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး နှစ်သစ်ကူးပွဲတော်ရက်များတွင် သက်ကြီးပူဇော်ပွဲများ၊ လက်ဝှေ့ပွဲများ၊ ခေတ်အဆက်ဆက် ကရင်အမျိုးသား ဝတ်စုံပြခန်းများ၊ ကရင်တိုင်းရင်းသား အသုံးအဆောင်ပြခန်းများ၊ ထူးချွန်ထင်ရှား ဧရာဝတီတိုင်းသားများပြခန်း၊ ထူးချွန်ကျောင်းသား ကျောင်းသူများ ဆုချီးမြှင့်ပွဲများ၊ ဒုံးယိမ်းအကပြိုင်ပွဲများ၊ ဖျော်ဖြေရေးပွဲများ၊ ကရင်ဇာတ်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)