၄  ဇန်နဝါရီ

၂၀၂၀ ပြည့်နှစ်ကုန်၍  ၂၀၂၁   ခုနှစ်သို့    ကူးပြောင်းခဲ့ပြီ ဖြစ်သည်။ နှစ်သစ်ကူးကာလအတွင်း ကမ္ဘာအရပ်ရပ်တွင် အမျိုးမျိုးအဖုံဖုံသော ပျော်ရွှင်ဖွယ်ရာများဖြင့် နှစ်သစ်ကူးခဲ့ကြသည်။ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ် တို့တွင်လည်း ပြည်ထောင်စုဖွား တိုင်းရင်းသား တိုင်းရင်းသူ အားလုံးတို့သည် ပျော်ရွှင်ချမ်းမြေ့စွာဖြင့် နှစ်ဟောင်းကိုနှုတ်ဆက်၍ နှစ်သစ်ကို ကြိုဆိုခဲ့ကြသည်။ ဤသို့ လွတ်လပ်ခြင်း၊ ပျော်ရွှင်ခြင်း၊ ကြည်နူးခြင်း၊  လန်းဆန်းခြင်း၊ တက်ကြွခြင်းတို့ဖြင့်  နှစ်သစ်ကို   ကြိုဆိုနိုင်ခြင်း၏ အကြောင်းရင်းမှာ  လွတ်လပ်ခြင်းကြောင့်ပင် ဖြစ်သည်။ တစ်နည်းဆိုလျှင် အချုပ်အခြာအာဏာပိုင်စိုးသော နိုင်ငံတစ်နိုင်ငံ၏ သရုပ်သကန်ကို ဖော်ကျူးနေခြင်းလည်း ဖြစ်ပေသည်။

ပြည်ထောင်စုကြီးအတွင်း မှီတင်းနေထိုင်ကြကုန်သော ပြည်ထောင်စုဖွားတိုင်းရင်းသားအားလုံးတို့သည် ဤကဲ့သို့ လွတ်လပ်ခြင်း၏ အရသာကိုခံစားရရှိလာခဲ့သည် မှာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၄ ရက်(ယနေ့)တွင် (၇၃) နှစ် မြောက်ပြီဖြစ်သည်။ လွန်ခဲ့သော(၇၃)နှစ်က အတိတ်ခရီးကို ငဲ့စောင်းကြည့်ပါက ကိုယ့်ထီးကိုယ့်နန်းနှင့် တင့်တယ်သော မြန်မာနိုင်ငံအား နယ်ချဲ့ဗြိတိသျှတို့က သုံးကြိမ်တိုင် ကျူးကျော်စစ်ဆင်နွှဲခဲ့ကြသည်။ အချုပ်အားဖြင့်ဆိုရသော် နယ်ချဲ့ဗြိတိသျှတို့က မြန်မာနိုင်ငံအောက်ပိုင်း ရခိုင်နှင့်တနင်္သာရီကို သိမ်းပိုက်ခဲ့သည့် ၁၈၂၄ ခုနှစ်မှ စ၍ မြန်မာပြည်တစ်ပြည်လုံးကို သိမ်းယူသည့် ၁၈၈၅ ခုနှစ်အလယ် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရချိန် အဆုံး နှစ်ပေါင်း ၁၂၄ နှစ် ရှည်ကြာခဲ့သည်။

ဤကဲ့သို့ လွတ်လပ်ရေးဆုံးရှုံးရချိန်၌ ဆီးဘန်းနီ ဆရာတော်က-

“ထီးသုဉ်း နန်းသုဉ်း မြို့သုဉ်းသုည၊ သုဉ်း သုံးဝဖြင့် သုဉ်းရပြန်လှစ်၊ သုညခေတ်ဝယ်၊ လူဖြစ်ရလေ၊ တို့တစ် တွေသည်၊ သေသော်မှတည့် ဪကောင်း၏”- ရေးသားခဲ့သည်။  

မြန်မာနိုင်ငံ  လွတ်လပ်ရေးဆုံးရှုံးခဲ့ပြီး နယ်ချဲ့တို့၏ အုပ်ချုပ်ခံဘဝသို့ ရောက်ရှိသွားခဲ့သော်လည်း          မျိုးချစ်စိတ်ပြင်းထန်သော  ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးတို့သည် အမိမြန်မာပြည် လွတ်လပ်ရေးရရှိရန်  ရရာလက်နက်စွဲကိုင်လျက် တိုက်ခိုက်ခဲ့ကြသည်။ မြန်မာ့မျိုးချစ်ခေါင်းဆောင်ကြီးများ ဖြစ်ကြသော ဆမားဒူးဝါး၊ ဖုန်ကန်ဒူးဝါး၊ စောမဟာ၊ စောလဖော်၊  ရွှေဂျိုးဖြူ  မင်းသား၊  ဝန်းသိုစော်ဘွား ဦးအောင်မြတ်၊ လင်းပင်မင်းသား၊  ပုဂံဗိုလ်ချို၊ ဗိုလ်ရာညွန့်၊ ဗိုလ်နက်ကျော်၊ ဗိုလ်မြတ်ထွန်း စသည်တို့က    သူ့ကျွန်မခံလိုသော စိတ်ဓာတ်၊   အမျိုးကိုချစ်သော အားမာန်၊  ခိုင်မြဲသော ဇွဲသတ္တိတို့ဖြင့် နယ်ချဲ့ဗြိတိသျှကို တွန်းလှန်ခဲ့ကြသည်။

မျိုးချစ်အမျိုးသမီး သူရဲကောင်းများ

နယ်ချဲ့ဗြိတိသျှကိုလိုနီအစိုးရတပ်များကို အမျိုးသားများနှင့်အတူ ရင်ပေါင်တန်း၍ တိုက်ပွဲဝင်ခဲ့ကြသော မျိုးချစ်အမျိုးသမီး သူရဲကောင်းများကလည်း ပါဝင်ခဲ့ကြသည်။ ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲကာလ ၁၈၂၅ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်၌ အထက်မြန်မာပြည်သို့ ထိုးဖောက်ရန် ချီတက်လာခဲ့ကြသော  ကာနယ်မက်ဒူးဝေါလ် (Col.Mc.Dowall) ဦးဆောင်သည့် နယ်ချဲ့ဗြိတိသျှ တပ်မဟာနှစ်ခုကို ပဲခူးတိုင်းဒေသကြီး ပြည်မြို့၏ အရှေ့ဘက် ၁၆ မိုင်အကွာရှိ ဝက်ထီးကန်အရပ်၌ မြန်မာမျိုးချစ်သူရဲကောင်း ဗိုလ်ချုပ်မဟာနေမျိုးဦးဆောင်သော    မြန်မာတပ်များနှင့် မောက်မယ်စော်ဘွားကြီး ဦးဆောင်သည့် ရှမ်းမျိုးချစ် တပ်ဖွဲ့များက ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်ခဲ့ကြသည်။ ယင်းတိုက်ပွဲတွင် ရှမ်းအမျိုးသမီးသုံးဦးသည် စစ်ဝတ်တန်ဆာများကို ဝတ်ဆင်ကာ  မြင်းများကို ရဲရဲဝံ့ဝံ့စီး၍ တိုက်ခိုက်ခဲ့ကြသည်။ ထိုဝက်ထီးကန်တိုက်ပွဲတွင် စစ်ကြောင်းမှူး ကာနယ်မက်ဒူးဝေါလ် အပါအဝင် နယ်ချဲ့ဗြိတိသျှအရာရှိ ငါးဦးနှင့် တပ်သားအများအပြား ကျဆုံးခဲ့သည်။    သမိုင်းဝင် ဝက်ထီးကန် တိုက်ပွဲဝင်     ရှမ်းအမျိုးသမီးသုံးဦးနှင့်   ပတ်သက်၍ “Narrative  of  the  Burmese   Wars”  စာအုပ်တွင်   နယ်ချဲ့ဗြိတိသျှ ကိုလိုနီအစိုးရ၏ တပ်မှူးဗိုလ်မှူး စနော့ဒ်ဂရတ်စ်(Major Snodgrass) က “ရှမ်းစစ်သည်တို့သည် လမ်းမလျှောက်နိုင်၍ ထမ်းစင်ဖြင့်သွားလာရသော စော်ဘွားကြီးနှင့် သတ္တိပြောင်မြောက်စွာ ကွပ်ကဲလျက်ရှိသော အမျိုးသမီးဗိုလ်မှူး သုံးယောက်တို့ကြောင့် အားတက်ကာ မိမိတပ်များအား သဲသဲမဲမဲခုခံတိုက်ခိုက်ကြသည်။    ရှမ်းအမျိုးသမီးဗိုလ်မှူး တစ်ဦးမှာ ရင်ညွန့်တွင် သေနတ်ကျည်ထိမှန်ပြီး   ကျဆုံးသွားသည်။  အခြား ရှမ်းအမျိုးသမီး  ဗိုလ်မှူးတစ်ဦးမှာလည်း   ဗုံးတစ်လုံး ခေါင်းပေါ်ကျပြီး    ရေထဲလွင့်စဉ်ကျသွားသည်”     ဟူ၍ မှတ်တမ်းတင်ရေးသားခဲ့သည်။ 

ထို့အတူ ချင်းတောင်တန်းများ နယ်ချဲ့ဗြိတိသျှ လက်အောက်မကျရောက်စေရန် ချင်းပြည်နယ်မှ ချင်းတိုင်းရင်းသူ မျိုးချစ်တော်လှန်ရေးသမားများကလည်း ၁၈၈၉ ခုနှစ် မေလ ၄ ရက်တွင်   “ရှားလ်လုမ်းခံတပ်” တိုက်ပွဲ၌ ချင်းတိုင်းရင်းသား မျိုးချစ်တော်လှန်ရေးသမားများနှင့်အတူ နယ်ချဲ့အင်္ဂလိပ်တပ်များကို အသက်အသေခံ တိုက်ပွဲဝင်ခဲ့ကြသည်။ ထိုတိုက်ပွဲတွင် ရှားလ်လုမ်းခံတပ်ကို နယ်ချဲ့အင်္ဂလိပ်တပ်များ မသိမ်းပိုက်နိုင်ကြဘဲ ဒုတိယ ဗိုလ်မီချဲလ်(Li.Michel)နှင့် ဗိုလ်ကြီးမိုင်း(Capt.Myne)အပါအဝင် အင်္ဂလိပ်စစ်သား အကြပ်တပ်သားသုံးဦး၊ ဂေါ်ရခါးတပ်သား ၃၂ ဦး စုစုပေါင်း ၃၆ ဦးကျဆုံးခဲ့ပြီး ဆရာဝန် လီခွင်အပါအဝင် အကြပ်တပ်သား ၃၈ ဦးတို့မှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။ ချင်းမျိုးချစ်သူရဲကောင်းများဘက်မှ ခေါင်းဆောင်ဖြစ်သူ တိုက်သူကြီး ဦးလျင့်ကမ်း၊ ဒုတိယခေါင်းဆောင် ဦးဝမ်းမန်အပါအဝင် ချင်းမျိုးချစ် တိုင်းရင်းသား တိုင်းရင်းသူ စုစုပေါင်း ၂၈ ဦးတို့မှာ အသက်ပေး၍ ချင်းတောင်တန်းကြီးကို ကာကွယ်ခဲ့ကြသည်။ ထိုအသက်ပေးသွားကြသည့် မျိုးချစ် ချင်းတော်လှန်ရေးသမားများတွင် ချင်းတိုင်းရင်းသူများဖြစ်ကြသော ဒေါ်လျင့်ဝုန်၊ ဒေါ်ကွေ့ဝုန်၊ ဒေါ်ဝုန်နှဲမ်း၊ ဒေါ်အောက်ဟွဲ၊ ဒေါ်လမ်းကြောင်၊ ဒေါ်အွပ်ညောင်း၊ ဒေါ်ညောင်းကြောင်၊ ဒေါ်ဒိမ့်ငြ၊ ဒေါ်အွပ်ဟွပ်တွဲ၊ ဒေါ်ဟွဲနွမ်းတို့သည် အသက်အသေခံပြီး ချင်းတောင်တန်းကြီးနှင့် အမိမြန်မာပြည် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်သွားခဲ့ကြသည်။

မြန်မာအမျိုးသမီးတစ်ဦးဖြစ်သော   မင်းအတွင်းဝန် ဦးစံငြိမ်း၏သမီး ပင်းခင်ခင်ကလည်း ဦးလေးဖြစ်သူ နယ်ချဲ့ တော်လှန်ရေးခေါင်းဆောင် ရွှေဓားဗိုလ်ဦးမင်းဖိုနှင့်အတူ နယ်ချဲ့တပ်များကို ပြင်းပြင်းထန်ထန်ခုခံတိုက်ပွဲ ဝင်ခဲ့သည်။ ထို့အတူ မျိုးချစ်တော်လှန်ရေးခေါင်းဆောင် ပုဂံဗိုလ်ချို၏ ဇနီးဖြစ်သူကလည်း အမျိုးသမီးများ ပါဝင်သော တော်လှန်ရေးတပ်ဖွဲ့ကို   ဦးဆောင်၍  နယ်ချဲ့ တပ်များကို  မန္တလေး၊  မိတ္ထီလာ၊  တောင်တွင်းကြီးနှင့် နတ်မောက်နယ်တစ်ဝိုက်၌ တော်လှန်တိုက်ခိုက်ခဲ့သည်။ မုံရွာမှ ခင်လေးကြီးဆိုသူ မြန်မာ့မျိုးချစ်တော်လှန်ရေး အမျိုးသမီးသည်လည်း  လွတ်လပ်ရေးတိုက်ပွဲဝင် မြန်မာ့တော်လှန်ရေးတပ်ဖွဲ့များအတွက် ရိက္ခာ၊ လက်နက် သယ်ယူပို့ဆောင်ပေးခြင်း၊  ရန်သူနယ်ချဲ့တို့  ထိန်းချုပ် စိုးမိုးထားသည့်    နယ်မြေများသို့    စွန့်စားဝင်ရောက်ပြီး  ရန်သူ့သတင်း ထောက်လှမ်းပေးခြင်း၊ စာပေးစာယူ ဆက်သားလုပ်ပေးခြင်း စသည်တို့ကို မိမိအသက်ကိုပင်  ပဓာနမထားဘဲ  မြန်မာနိုင်ငံ  လွတ်လပ်ရေးရရှိရေးအတွက် ဆောင်ရွက်ပေးခဲ့သည်။ မျိုးချစ်အမျိုးသမီး သူရဲကောင်း ခင်လေးကြီး၏ ရဲဝံ့စွန့်စားဆောင်ရွက် ချက်များကို  မြန်မာပြည် ဝန်ရှင်တော်မင်းကြီးအဖြစ် ၁၈၈၇   ခုနှစ်မှ ၁၈၉၀  ပြည့်နှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူ “ဆာချားလ်ကရော့စ်ဝိတ်”  (Sir Charles Crosthwaite) ကိုယ်တိုင် ၎င်း၏ မြန်မာပြည် မှတ်တမ်း၌ လေးစားဂုဏ်ယူစွာဖြင့် မှတ်တမ်းတင်ခဲ့သည်။

တပ်မတော် ဖွဲ့စည်းခဲ့ခြင်း

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိရန်အတွက် မြန်မာအမျိုးသမီးများက အသက်စွန့်တာဝန်ထမ်းဆောင်ခဲ့ကြသည်မှာ   ဂုဏ်ယူဖွယ်ရာဖြစ်သည်။ တစ်ဖက်မှလည်း အမျိုးသားရေးလှုပ်ရှားမှုအသွင်ဖြင့် ဝိုင်အမ်ဘီအေအသင်း၊ ဂျီစီဘီအေအသင်းများ၏ လှုပ်ရှားမှုမှသည် ၁၉၂၀ ပြည့်နှစ်  ပထမ တက္ကသိုလ်ကျောင်းသားသပိတ် လှုပ်ရှားမှုများ၊ တို့ဗမာအစည်းအရုံး၊ တောင်သူလယ် သမားအရေးတော်ပုံ၊ ၁၃၀၀ ပြည့်နှစ် အရေးတော်ပုံများအထိ တစ်မျိုးသားလုံးအသွင်ဖြင့် နယ်ချဲ့ဗြိတိသျှ ကိုလိုနီအစိုးရအား ဆန့်ကျင်တော်လှန်ခဲ့ကြသည်။ ယင်းတော်လှန်မှုများမှ စုစည်းညီညွတ်သော တပ်မတော် တစ်ရပ်ထူထောင်ရန်   သခင်အောင်ဆန်း  (ဗိုလ်ချုပ် အောင်ဆန်း)သည် နယ်ချဲ့တို့၏ဖမ်းဆီးမှုမှ လွတ်မြောက် အောင် လိမ္မာပါးနပ်စွာရှောင်ရှားပြီး ရဲဘော်သုံးကျိပ် နှင့်အတူ ဟိုင်နန်ကျွန်းတွင် စစ်ပညာကို ဆင်းရဲပင်ပန်းကြမ်းတမ်းစွာ သင်ယူခဲ့ပြီးနောက် ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇  ရက်တွင် ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ)(Burma Independent Army-BIA)ကို  စတင်ဖွဲ့စည်းခဲ့သည်။  ဗမာ့လွတ်လပ်ရေး တပ်မတော်သည် ထိုင်းနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့   ဝင်ရောက်လာချိန်တွင်  အင်အား ၃၀၀၀ ကျော်သာရှိရာမှ ဂျပန်တပ်မတော်နှင့်  မြန်မာနိုင်ငံတစ်နိုင်ငံလုံးကို သိမ်းပိုက်ပြီးချိန်တွင် အင်အား ၅၀၀၀၀  ခန့်အထိ တိုးပွားလာခဲ့သည်။ ထို့နောက် ၁၉၄၂ ခုနှစ် ဇူလိုင်လ  ၂၇  ရက်တွင် ဗမာ့ကာကွယ်ရေးတပ်မတော် (BDA)၊ ၁၉၄၃ ခုနှစ် စက်တင်ဘာလ ၁၅ ရက်တွင် ဗမာ့အမျိုးသား တပ်မတော် (BNA)စသည်ဖြင့် အမည်ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။

ထို့နောက် ဗမာ့တပ်မတော်သည် ၁၉၄၅ ခုနှစ် မတ်လ ၂၇  ရက်မှစ၍ ပြည်သူတို့နှင့် လက်တွဲကာ ဖက်ဆစ်တော်လှန်ရေးကို ဆင်နွှဲခဲ့သည်။ ဖက်ဆစ်များ မြန်မာနိုင်ငံမှဆုတ်ခွာသွားပြီးမြန်မာနိုင်ငံသို့   နောက် တစ်ကြိမ် ပြန်ရောက်လာသော ဗြိတိသျှဘုရင်ခံ ဆာဒေါ်မန်စမစ်၏   အကြံပြုချက်အရ ဗမာ့တပ်မတော်ကို မျိုးချစ်ဗမာ့တပ်မတော်  (PBF) ဟု အမည်ပြောင်းလဲ ခဲ့ရသည်။   မြန်မာတို့၏   စစ်အင်အားကို   စိုးရိမ်နေသော ဗြိတိသျှတို့သည်  ၁၉၄၅  ခုနှစ်  စက်တင်ဘာလတွင် သီဟိုဠ်ကျွန်း  (ယခုသီရိလင်္ကာနိုင်ငံ)  ကန္နီမြို့၌  ချုပ်ဆို သောစာချုပ်အရ  တပ်မတော်အင်အားကို ကန့်သတ်လိုက်ကြရာ(Burma Army) သို့ မျိုးချစ်ဗမာ့ တပ်မတော် (PBF) မှ   အရာရှိ   ၂၀၀ နှင့် တပ်သား ၅၂၀၀ ကိုသာ  ထည့်သွင်းဖွဲ့စည်းခွင့်ပြုခဲ့သည်။ တပ်ပိုင်းဆိုင်ရာ စီမံခန့်ခွဲမှုကို ဗြိတိသျှအရာရှိများကသာ အစွမ်းကုန် ခြယ်လှယ်ခဲ့ကြပြီး တိုင်းရင်းသားတပ်ရင်းများအား   လက်နက်တပ်ဆင်ပေးကာ သွေးထိုးပေးခဲ့ကြသည်။

၂၀ ရာစုပင်လုံညီလာခံဖြင့် လွတ်လပ်ရေးအရယူခဲ့

ထို့ကြောင့် နယ်ချဲ့တို့၏ အခြေအနေကို သုံးသပ်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်ကြီးများသည် မြန်မာနိုင်ငံလွတ်လပ်ရေးကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြသည်။ ဗိုလ်ချုပ် အောင်ဆန်းသည် မျိုးချစ်နိုင်ငံရေးသမားများနှင့် တပ်မတော်ခေါင်းဆောင်များနှင့်အတူမြန်မာ့နိုင်ငံရေး အင်အားစုများအတွင်း နိုင်ငံရေးအရ စုစည်းညီညွတ်မှု ရရှိစေရေးအတွက် ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့ လွတ်လပ်ရေးအဖွဲ့ချုပ်(ဖဆပလ)ကို တည်ထောင်ခဲ့သည်။   ထိုစဉ်က ဖဆပလအဖွဲ့ချုပ် ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ် အောင်ဆန်းသည် မြန်မာနိုင်ငံတစ်ဝန်းလုံးသို့ လှည့်လည်သွားရောက်၍ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စွာဖြင့်     လွတ်လပ်ရေးကိုရယူရန် ဆွေးနွေးညှိနှိုင်းခဲ့သည်။ ထို့နောက် ဗိုလ်ချုပ်အောင်ဆန်း သည် ၁၉၄၆ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်တွင်  ကျင်းပသော ဖဆပလပြည်လုံးကျွတ် ညီလာခံသဘင်ကြီး၌ “ညီညွတ်ရေးဆိုတာ  တူညီသောအကျိုး၊ တူညီသောအလုပ်၊ တူညီသောရည်ရွယ်ချက်ရှိရမယ်။ တစ်တိုင်းပြည်လုံး၊ လူတစ်မျိုးလုံးရဲ့လွတ်လပ်ရေး၊ လူတစ်မျိုးလုံးရဲ့အကျိုး၊ အဲဒီလိုတူညီတဲ့ရည်ရွယ်ချက်၊ တူညီတဲ့အကျိုး၊ တူညီတဲ့ အလုပ်၊ တိုင်းသူပြည်သားတွေရအောင် တူညီတဲ့အလုပ်လုပ်တဲ့ ညီညွတ်ရေးမျိုးဖြစ်ရမယ်။ ပါးစပ်က ညီညွတ်ချင် ပါတယ်ပြောလို့ မဖြစ်ဘူး၊ အလုပ်မှာလည်း တူရမယ်။ အကျိုးမှာလည်း တူရမယ်။ ရည်ရွယ်ချက်မှာလည်း တူရမယ်။ အဲဒါမျိုးကိုမှ ညီညွတ်ရေးလို့ ခေါ်ထိုက်တယ်”...ဟူ၍   မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့သည်။  ထိုမိန့်ခွန်းပါ ဗိုလ်ချုပ်အောင်ဆန်း၏ လမ်းညွှန်ချက်များသည် ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးအတွက် ခွန်အားသစ်များ ဖြစ်စေသည်။

နယ်ချဲ့ဗြိတိသျှအစိုးရသည် လွတ်လပ်ရေးအတွက် ဆွေးနွေးရန် အင်္ဂလန်နိုင်ငံသို့ လာရောက်ပါရန် ဖိတ်ကြား ခဲ့၍ ၁၉၄၇  ခုနှစ်   ဇန်နဝါရီလ   ၂   ရက်တွင်  ဗိုလ်ချုပ် အောင်ဆန်းနှင့်အဖွဲ့သည် အင်္ဂလန်နိုင်ငံသို့ သွားရောက် ကာ  လွတ်လပ်ရေးအတွက်  အောင်ဆန်း-အက်တလီစာချုပ် ချုပ်ဆိုရန် ဆောင်ရွက်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အဖွဲ့သည် အင်္ဂလန်နိုင်ငံနန်းရင်းဝန်အက်တလီနှင့် တွေ့ဆုံကာ  လွတ်လပ်ရေးအတွက် စာချုပ်ချုပ်ဆိုရန်   ပြင်ဆင်နေစဉ်မှာပင် ရှမ်းပြည်နယ်မှ  စော်ဘွားအချို့က  ဗိုလ်ချုပ်အောင်ဆန်းသည် ရှမ်းပြည်နယ်သူ ပြည်နယ် သားများ၏ ကိုယ်စားလှယ်မဟုတ်ကြောင်း ဗြိတိသျှအစိုးရထံ ကြေးနန်းရိုက်အကြောင်းကြားခဲ့သည်။ ထိုကိစ္စကို ကြားသိလိုက်ရသော ရှမ်းပြည်နယ်မှ  လူငယ်ခေါင်းဆောင်များဖြစ်ကြသည့် ဦးတင်အေး၊  ဦးဖေခင်၊ ဦးထွန်းမြင့်  စသည်တို့က ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံ ရှမ်းပြည်နယ် ပြည်သူလူထု၏ စစ်မှန်သော   ကိုယ်စားလှယ်ဖြစ်ကြောင်း ထောက်ခံသည့် ကြေးနန်းတစ်စောင်ကို ချက်ချင်း အင်္ဂလန်နိုင်ငံသို့   အကြောင်းကြားလိုက်သည်။ ထိုကဲ့သို့ အချိန်မီ ကြေးနန်းရိုက်အကြောင်း ကြားထောက်ခံမှုကြောင့်       အောင်ဆန်း-အက်တလီ စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည်။

ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းသည် အင်္ဂလန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်ရောက်သည်နှင့်တစ်ပြိုင်နက် ရှမ်း၊ ချင်း၊ ကချင် တောင်တန်းများသို့ သွားရောက်ကာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ဆောင်ရွက်ခဲ့သည်။ ထိုစဉ်မှာပင် ၂၀ ရာစုပင်လုံညီလာခံဟု ခေါ်တွင်ရမည့် ပင်လုံညီလာခံသည် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်၌ စတင်ကျင်းပခဲ့ပြီး  တိုင်းရင်းသားကိုယ်စားလှယ်များက လက်မှတ်ရေးထိုးခဲ့သော ဆုံးဖြတ်ချက်များကို ပင်လုံညီလာခံ အစည်းအဝေးဥက္ကဋ္ဌအဖြစ် တာဝန်ယူသည့် တောင်ပိုင်းစော်ဘွားကြီး စပ်ခွန်ပန်းစိန်က အသံလွှင့်ရုံသို့ သံကြိုးရိုက်၍ ကြေညာစေခဲ့သည်။  ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်  ညပိုင်း၌   ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော   အဖွဲ့များသည်လည်းကောင်း၊  ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ  ၉ ရက်   နံနက်ပိုင်းတွင် ကိုလိုနီ ဒိုမီနီယံဝန်ကြီး မစ္စတာဘော်တွန်လေ၊ ဦးတင်ထွဋ်၊ ဘားနက်လတ်ဒဝစ်နှင့်  ညွှန်ကြားရေးဝန် ဂျွန်စလေဒင်တို့သည်လည်းကောင်း ပင်လုံမြို့သို့ ရောက်ရှိလာကြသည်။ ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသော ခေါင်းဆောင်များနှင့် တောင်တန်းဒေသမှ ခေါင်းဆောင်များသည် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက် နေ့လယ်အထိ ဆွေးနွေးတိုင်ပင်ကြပြီး လွတ်လပ်ရေးကို အတူတကွရယူကြရန် ဆုံးဖြတ်ကြသည်။   ထိုညတွင်    မြန်မာပြည်နှင့် တောင်တန်းဒေသများ ပူးပေါင်းရေးအခြေခံသဘောတူညီမှုအတွက် အထိမ်းအမှတ်  ပင်လုံညစာစားပွဲ ကျင်းပခဲ့သည်။ ယင်းည စာစားပွဲ၌- ဗိုလ်ချုပ်အောင်ဆန်းက “တစ်တိုင်းပြည်လုံး ကြီးပွားစေချင်ရင် လူအား၊ ငွေအား၊ ပစ္စည်းအားနဲ့ စုပေါင်းပြီး အင်တိုက်အားတိုက်လုပ်နိုင်မှ အကျိုးခံစား ခွင့်ရှိကြမှာပဲ။ ဗမာက တစ်မျိုး၊ ကရင်က တစ်ဖုံ၊ ရှမ်း၊ ကချင်၊  ချင်းတို့က တခြား၊ အကွဲကွဲအပြားပြားလုပ်နေကြ ရင် အကျိုးရှိမှာမဟုတ်ဘူး။ စုပေါင်းလုပ်ကြမှသာ အကျိုး ရှိနိုင်မယ်။ လုပ်ကြည့်မှလည်း အကျိုးရှိကြောင်း သိနိုင် တယ်”- ဟူ၍  တိုင်းပြည်ရှေ့ရေးအတွက် အလေးအနက် ထား မိန့်ကြားခဲ့သည်။

နောက်တစ်နေ့ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် နံနက်  ၁၀  နာရီတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ တိုင်းရင်းသားကိုယ်စားလှယ် ၂၃ ဦးတို့သည် ခွင့်တူညီမျှ တစည်းတလုံးတည်း နေထိုင်ကြတော့မည်ဟူသော သန္နိဋ္ဌာန်ဖြင့် ၂၀ ရာစုပင်လုံစာချုပ်ကြီးကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် လွတ်လပ်ရေးအတွက် မနားမနေကြိုးပမ်းနေစဉ် ၁၉၄၇ ခုနှစ် ဇူလိုင်လ  ၁၉ ရက်၌   နယ်ချဲ့လက်ပါးစေတို့၏ လက်ချက်ကြောင့် ကျဆုံးခဲ့ရသည်။  သို့သော် ဗိုလ်ချုပ်အောင်ဆန်း၏ မူဝါဒအတိုင်း ဆက်လက်အကောင်အထည် ဖော်ခဲ့ရာ ၁၉၄၇ ခုနှစ် အောက်တိုဘာလ ၁၇ ရက်တွင် အင်္ဂလန်နိုင်ငံ၌  လက်မှတ်ရေးထိုးသော နု-အက်တလီ စာချုပ်ချုပ်ဆိုကာ  မြန်မာနိုင်ငံ   လွတ်လပ်ရေးဥပဒေကြမ်းကို     ဗြိတိသျှပါလီမန်သို့ တင်သွင်းပြီးသကာလ မြန်မာသက္ကရာဇ် ၁၃၀၉ ခုနှစ် ပြာသိုလပြည့်ကျော် ၉ ရက်၊ ခရစ်သက္ကရာဇ် ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက် တနင်္ဂနွေနေ့တွင် မြန်မာ့လွတ်လပ်ရေးကြီးကို ရရှိခဲ့သည်။ တစ်နည်းဆိုရသော် (၂၀)ရာစုပင်လုံညီလာခံဖြင့် လွတ်လပ်ရေးအရယူနိုင်ခဲ့ခြင်းပင်ဖြစ်သည်။

ပြည်ထောင်စုအိပ်မက်ကို လက်တွေ့ကျကျ အတူတကွပုံဖော်ကြစို့

(၂၀)ရာစုပင်လုံညီလာခံဖြင့် လွတ်လပ်ရေးရရှိခဲ့သော်လည်း လွတ်လပ်ရေးရရှိပြီးစကာလမှာပင် လက်နက်ကိုင် ပဋိပက္ခများ ပေါ်ပေါက်ခဲ့ရသည်။ လက်နက်ကိုင်ပဋိပက္ခများအား ငြိမ်းချမ်းစွာဆွေးနွေးညှိနှိုင်းဖြေရှင်း နိုင်ခဲ့ခြင်းမရှိသည့်အတွက်   ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများသည်  နှစ်ပေါင်း  ၇၀ ကျော် ယနေ့ထိတိုင် ဖြစ်ပွားလျက်ရှိသည်။ အထူးသဖြင့် (၂၁)ရာစုပင်လုံညီလာခံသည် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးသည့် နောက်ပိုင်း သမိုင်းလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် အချိန်ကိုက် ပေါ်ပေါက်လာခဲ့သော  ပထမဦးဆုံးနိုင်ငံရေး ဆွေးနွေးပွဲစားပွဲဝိုင်းဖြစ်ခဲ့သည်။ ထိုနိုင်ငံရေးဆွေးနွေးပွဲ စားပွဲဝိုင်းမှတစ်ဆင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဟူသော   ပြည်ထောင်စုအိပ်မက်အဖြစ်   ဘုံမျှော်မှန်းချက် အဖြစ် တညီတညွတ်တည်း  ချမှတ်ခဲ့သည်။ ယင်းဘုံတူ ညီသော မျှော်မှန်းချက်သည် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံစတုတ္ထအစည်းအဝေးတွင် ချုပ်ဆိုခဲ့သော ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)ပင်ဖြစ်သည်။ ယင်းပြည်ထောင်စုအိပ်မက်ကို လက်တွေ့ကျကျ အတူတကွပုံဖော်ကြရာ၌ စုပေါင်းအင်အားဖြင့် ဆောင်ရွက်ရင်း လွတ်လပ်ရေး အဓွန့်ရှည်တည်တံ့ရန် ထိန်းသိမ်းသွားရမည်ဖြစ်ပါကြောင်း (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုရေးသားလိုက်ရပါသည်။        ။

တက္ကသိုလ်ပွင့်သူအောင်