ပြည်ထောင်စုအမွေကို စောင့်ထိန်းဖို့ရာ တို့ဝန်တာ

ရွှေတိုင်လွင်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် ရှေးရှေးသော အတီတေကာလများမှာကတည်းက နိုးကြားတက်ကြွ ရှင်သန်ထက်မြက်သော အမျိုးသားသူရဲကောင်းများ ပေါ်ထွန်းခဲ့ကြသည်ကို သမိုင်းက ဖော်ညွှန်းပြသထားပါပေသည်။

အစဉ်မမေ့သင့်
သို့ပါသောကြောင့် မိသားစုတစ်စုအတွင်း စည်းလုံးမှုမရှိလျှင် မအေးချမ်းနိုင်သကဲ့သို့၊ တိုင်းပြည် တစ်ပြည်၌ အမျိုးသားရေး ကွဲလွဲမှုများရှိနေခြင်းသည် စည်းလုံးညီညွတ်မှုကို ပျက်ပြယ်စေသည်ဖြစ်ပေရာ မိသားစုစိတ်ဓာတ်ဖြင့် စုစုစည်းစည်း သိုက်သိုက် ဝန်းဝန်း ညီညီညွတ်ညွတ် ရိုင်းပင်းဆောင်ရွက်မှသာလျှင် ပြည်ထောင်စုအမွေကို စောင့်ထိန်းရာရောက်ပေမည်ဟု ယုံကြည် မိပါသည်။

မြန်မာနိုင်ငံတွင် တစ်ချိန်က ကိုယ့်အရှင် ကိုယ့်သခင်ဖြင့် ကိုယ့်ထီးကိုယ်နန်း နေထိုင်လာခဲ့ရာမှ ပထမကျူးကျော်စစ်၊ ဒုတိယ ကျူးကျော်စစ်၊ တတိယ ကျူးကျော်စစ်ပွဲကို ဗြိတိသျှကိုလိုနီတို့ လုပ်ကြံဖန်တီးခဲ့၍ အမျိုးသားစည်းလုံးမှု ပျက်ပြယ်ကာ ၁၈၈၅ ခုနှစ်တွင် မြန်မာနိုင်ငံ တစ်နိုင်ငံလုံး သူ့ကျွန်ဘဝ ကျရောက်ခဲ့ရသည်ကို အစဉ်မမေ့သင့်သောကြောင့် ပြည်ထောင်စုဖွား တိုင်းရင်းသားများ စည်းလုံးညီညွတ်မှုကို အစဉ်စောင့်ထိန်းသွားကြဖို့ရာ မြန်မာတစ်မျိုးသားလုံး၏ တာဝန်ပင်ဖြစ်ပါပေသည်။

မြန်မာ့လွတ်လပ်ရေးဆုံးရှုံးရခြင်းမှာ အဘက်ဘက်မှ အားနည်းချို့ယွင်းမှုတို့ကြောင့်ပင် ဖြစ်ပေရာ လွတ်လပ်ရေးရယူဖို့အတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့် မျိုးချစ်သခင်များအဖွဲ့သည် နည်းဗျူဟာ နိုင်ငံရေးလမ်းကြောင်းကို စည်းရုံးသိမ်းသွင်းအဖြေရှာ ဆောင်ရွက် ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော အဖွဲ့သည် လန်ဒန်တွင် လွတ်လပ်ရေးကိစ္စ ဆွေးနွေးနေကြ သောအခါ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို သွေဖည်သော ရှမ်းစော်ဘွားအချို့၏ ဟန့်တားမှု၊ ကြေးနန်းစာ လန်ဒန်သို့ပေးပို့မှုကို လွတ်လပ်ရေး ကြိုးပမ်းဆောင်ရွက်နေသော ဗိုလ်ချုပ်တို့အဖွဲ့ သိရှိကြရလေသည်။

တစ်ခဲနက်ကြိုးပမ်း
တိုင်းပြည်၏ အဓိကလိုအပ်ချက်မှာလည်း လွတ်လပ်ရေးရရန်သာ အဓိကဖြစ်ပေရာ တစ်မျိုးသားလုံး သူ့ကျွန်ဘဝမှ လွတ်မြောက် ရေးအတွက် မျိုးချစ်ခေါင်းဆောင်ကြီးတို့သည် မဖြစ်ဖြစ်သောနည်းဖြင့် လွတ်လပ်ရေးကို ရအောင်ဆောင်ရွက်သွားမည်ဟု သန္နိဋ္ဌာန်ချကာ တစ်ခဲနက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပေသည်။

သို့ဖြစ်ရာ ဗိုလ်ချုပ်က ရန်ကုန်ရှိ ဖဆပလဌာန ချုပ်သို့ ရှမ်းစော်ဘွားနှစ်ဦး၏ ကြေးနန်းစာအကြောင်း ပြန်လည်သတင်းပေးပို့ကာ ချက်ချင်းပင် ရန်ကုန်ရ ဖဆပလအဖွဲ့ကြီး၏ တန်ပြန်လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ခဲ့ရလေသည်။ ဤသည်မှာ ပင်လုံရှေ့ပြေး၊ ပြည်ထောင်စု စည်းလုံးမှုတစ်ခုကို တောင်ကြီးမြို့၌ ချက်ချင်းပြုလုပ်ခဲ့ လေ၏။ ရှမ်းပြည်နယ်လွတ်လပ်ရေးအဖွဲ့ချုပ်မှ ဦးတင်အေး (နောက်ပိုင်း နိုင်ငံတော်ကောင်စီဝင်)၊ ဦးထွန်းမြင့် (တောင်ကြီး)တို့နှင့် တိုင်ပင်ဆွေးနွေးကာ လန်ဒန်ရောက် ဗိုလ်ချုပ်အောင်ဆန်း နှင့်အဖွဲ့၏ လုပ်ဆောင်မှုအား အလေးအနက်ထောက်ခံကြောင်း လူထုအစည်းအဝေးပွဲကြီးကို ဗိုလ်မှူးအောင် (ရဲဘော်သုံးကျိပ်)၊ ဗိုလ်ထွန်းလင်း (ပြည်သူ့ရဲဘော်)နှင့် ဦးဖေခင် (သံအမတ်ကြီး- အငြိမ်းစား) တို့အား တောင်ကြီးသို့ သွားရောက်၍ ရှမ်းပြည်နယ် လွတ်လပ်ရေးအဖွဲ့ချုပ်တို့နှင့် ပေါင်းစည်းကာ ဗိုလ်ချုပ်အောင်ဆန်းနှင့်အဖွဲ့အား ထောက်ခံကြောင်း၊ စော်ဘွား နှစ်ဦး ဘိလပ်သို့ ကြေးနန်းရိုက်ခြင်းအား ကန့်ကွက်ရှုတ်ချ ပါကြောင်း၊ ဦးတင်အေးနှင့် ဦးဖေခင်တို့အဖွဲ့က ရန်ကုန် ဖဆပလဌာနချုပ်မှ လန်ဒန်မြို့ ရောက် ဗိုလ်ချုပ်အောင်ဆန်းထံ လူထုအစည်းအဝေးပွဲကြီး၏ ဆုံးဖြတ်ချက်အား လန်ဒန်သို့ ကြေးနန်းပြန်ပို့ခဲ့လေသည်။

ပင်လုံစိတ်ဓာတ်
အင်္ဂလန်မှ အက်တလီက တောင်တန်းဒေသပြည်နယ် များသည် သက်ဆိုင်ရာလူမျိုးစုခေါင်းဆောင်များ ကိုယ်တိုင် လက်မှတ် ရေးထိုး ဖော်ပြရမည်၊ ပြည်မနှင့်အတူ လွတ်လပ်ရေးကို ရယူကာ ပြည်ထောင်စုပုံစံဖြင့် နေလိုကြောင်းကို အခိုင်အမာစာချုပ် တစ်ခုကို လက်မှတ်ရေးထိုးပေးရမည်ဟု ထည့်သွင်းထားခြင်း ဖြစ်ပေသည်။ စော်ဘွားနှစ်ဦး၏ ကြေးနန်းစာကို အရာမသွင်း သော်လည်း တောင်တန်းမြေပြန့်ကို အတားအဆီးတစ်ခုပြုခဲ့ခြင်းသည် ပင်လုံစိတ်ဓာတ်ကို သန္ဓေတည်ကာ နှိုးဆွပေး လိုက်ခြင်းပင် ဖြစ်ပေကြောင်း လေ့လာရှုမြင်ကြရပေမည်။

တမ်းတမ်းတတ ပြန်လည်သတိရ
ပင်လုံညီလာခံကျင်းပမည့် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို ပြန်ပြောင်းခံစားကြည့်မည် ဆိုပါလျှင် ဆောင်းအကုန် နွေအကူးပေမယ့် မောတို့ဌာနေ ရှမ်းမြေဖြစ်သည့် ကမ္ဘောဇတိုင်း လဲချားမြို့နယ် ပင်လုံမြို့ ကလေး၏ နံနက်ခင်းသည် ချယ်ရီပန်းနှင့် တောင်ဇလပ်ပန်းတို့ဝေလျက် ရှမ်းတောင်တန်း၏ အလှပုံရိပ်တို့ကား တိုင်းရင်းသားလူမျိုးစုများ၏ စည်းလုံးမှုကို တမ်းတမ်းတတ ပြန်လည်သတိရစရာ သမိုင်းမော်ကွန်းထိုးခဲ့သည့် ကာလပါလားဟု တစိမ့်စိမ့်ထင်ဟပ်နေမည်မှာ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ နှလုံးထဲ စွဲမြဲနေပေမည်ဟု ယုံကြည်မိပါသည်။

ဆရာတက္ကသိုလ်နေဝင်းက ဆိုထားပါသည်။ ဖေဖော်ဝါရီလ ၁၃ ရက်နေ့သည် ဗိုလ်ချုပ်၏အသက် ၃၂ နှစ် တင်းတင်း ပြည့်မွေးနေ့ဖြစ်သလို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့သည်လည်း သူ့အတွက် အရေးတကြီးနေ့ တစ်နေ့ဖြစ်ပေကြောင်း ဖော်ညွှန်းထား သည်ကို လေ့လာတွေ့ရှိရပေသည်။ မှန်ပါ၏။ ထိုနေ့သည် ့ညငသည ခေါ် ပြည်ထောင်စုပုံစံဖြင့် လွတ်လပ်သော မြန်မာနိုင်ငံတော်ဖြစ်စေသည့် မြန်မာ့သမိုင်းဝင် ပင်လုံညီညွတ်ရေးစာချုပ်ကြီးအား လက်မှတ်ရေးထိုးနိုင်ခဲ့ကြ သောနေ့ပင် ဖြစ်သောကြောင့် ပေတည်း။

အောင်မြင်ရေးလမ်းစ
မန်မာ့လွတ်လပ်ရေး ရလုရခင် အင်္ဂလန်၌ ဗိုလ်ချုပ်နှင့် အက်တလီတို့ အချေအတင်ပြောနေခိုက် တောင်တန်းနှင့် မြေပြန့်ကို သီးခြားဖြစ်အောင် ဖန်တီးသည့် ကြိုးတစ်ချောင်းကို အက်တလီက ချည်လိုက်ခြင်းအပေါ် ဗိုလ်ချုပ်က ထိုကြိုးအား တောင်တန်းနှင့် မြေပြန့်စည်းလုံးကြောင်း ပင်လုံညီလာခံဖြင့် ပြန်လည်ဖြေချနိုင်ခဲ့ခြင်းပင်ဖြစ်ပါ၏။ ဤသို့ဖြင့် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့၌ ပင်လုံမြို့တွင် ကချင်ကိုယ်စားလှယ်များနှင့် ရှမ်းကိုယ်စား လှယ်များပူးပေါင်းကာ အစည်းအဝေး ပြုလုပ်ခဲ့ရာ လူထု ၂၀ဝဝ ကျော် တက်ရောက်ခဲ့ကြလေသည်။ ဖေဖော်ဝါရီလ ၇ ရက် ည ၉ နာရီခွဲတွင် ပင်လုံလူထုအစည်း အဝေးပွဲကြီးအား ဆက်လက်ကျင်းပရာ တောင်ပေါ်သားများ ညီညွတ်ရေးဦးစီးအဖွဲ့ (ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက် ဦးဆောင်သည့် ၁၈ ဦး အဖွဲ့)ကိုလည်း ဖွဲ့စည်းဆောင်ရွက်နိုင်ခဲ့သည်။ ဤသည်မှာ ပင်လုံစာချုပ် လက်မှတ်ရေးထိုးပွဲ၏ အောင်မြင်ရေးလမ်းစများပင် ဖြစ်ပါပေသည်။

ဤသို့ဖြင့် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒိုမီနီယံအတွင်းဝန်ကလေး မစ္စတာဘေ့တွန်မဲလေ တို့ပါဝင်သော ခေါင်းဆောင်များသည် တောင်တန်းဒေသဆိုင်ရာ ပင်လုံညီလာခံ တက်ရောက်ရန်အတွက် ပင်လုံမြို့သို့ ရောက်ရှိလာပြီး နံနက် ၁၁ နာရီခွဲ တွင် ရှမ်းပြည်၏ သမိုင်းတစ်လျှောက် ထူးခြားလေးနက်ပြီး တိုင်းရင်းသားစည်းလုံးညီညွတ်မှု (ရှမ်းပြည်သမိုင်း၌ တစ်ခါမျှမကြုံဖူးသော) ကချင်၊ ချင်း၊ ဗမာ၊ ရှမ်း ခေါင်းဆောင်များ၊ ဗြိတိသျှအရာရှိများနှင့် ရှမ်းပြည်သူလူထုများ တက်ရောက်လာကြသည်မှာ မြန်မာပြည်လွတ်လပ်ရေးအတွက် အားတက်စရာနေ့ ပင်ဖြစ်သည်ဟု ဆိုရပါပေမည်။ ထိုနေ့၌ လူထု စည်းဝေးပွဲကြီးကျင်းပ ရာ သဘာပတိအဖြစ် တောင်ပိုင်း စော်ဘွားကြီး စဝ်ခွန်ပန်းစိန်က ဆောင်ရွက်ပြီး ဗိုလ်ချုပ်အောင်ဆန်းက “မြန်မာများက စိုးမိုးလို၍ မဟုတ်” ခေါင်းစီးဖြင့် မိန့်ခွန်းပြောကြားခဲ့လေသည်။

တညီတညွတ်တည်းဆုံးဖြတ်
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ပိုင်းတွင် လဲချားမြို့နယ် ပင်လုံမြို့ကလေးသည် သာယာအေးမြသော အသွင်ကိုဆောင်ကာ မောတို့တိုင်း၏ ကမ္ဘောဇဌာနေကို အမှတ်ရစေသော သမိုင်းဝင်နေ့ ကလေး၏ နံနက်ခင်းပင် ဖြစ်ပါပေသည်။

ယင်းနေ့ (ဖေဖော်ဝါရီလ ၁၂ ရက်နေ့) နံနက် ၁၀ နာရီတွင် သမိုင်းဝင်ပင်လုံစာချုပ်ကို ဗိုလ်ချုပ် အောင်ဆန်း အပါအဝင် တိုင်းရင်းသားကိုယ်စားလှယ်တော်ကြီး ၂၃ ဦးတို့က တညီတညွတ်တည်း ဆုံးဖြတ်ပြီး လက်မှတ်ရေးထိုး ခဲ့ကြပါလေတော့သည်။

လမ်းညွှန်ပြသမျိုးစေ့ချ
တိုင်းရင်းသား ခေါင်းဆောင်ကြီးများ၏ ပေါင်းစည်းညီညွတ်မှုကို ထိုပင်လုံတိုင်းရင်းသားညီလာခံကြီးမှ လမ်းညွှန်ပြသ မျိုးစေ့ချ ပေးလိုက်ခြင်းကြောင့် မြန်မာ့သမိုင်းတွင် အစဉ်တွင်ရစ်နေသော ပြည်ထောင်စုနေ့ကြီးအား တိုင်းရင်းသားအားလုံး မြန်မာတစ်မျိုးသားလုံးက မျိုးချစ်တိုင်းရင်းသား ခေါင်းဆောင်ကြီးများ ပေးခဲ့သော ပြည်ထောင်စုအမွေကို ဦးလည်မသုန် စောင့်ရှောက်ထိန်းသိမ်းကြကာ နိုးကြားသည့် အမျိုးသားရေးစိတ်ဓာတ်ဖြင့် ပြည်ထောင်စုစိတ်ထား အစဉ်ပွားများလျက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တစ်ခုလုံး တန်းတူညီမျှ အေးအတူ ပူအမျှ၊ ဥမကွဲသိုက်မပျက် အဖျက်ရန် ဘယ်လိုပင်ရှိရှိ သွေးစည်းညီညွတ်ခြင်း ရလဒ်ကြောင့် မြန်မာ့လွတ်လပ်ရေးကြီး ရရှိခဲ့သည်ကို အစဉ်အမှတ်ရကာ ပြည်ထောင်စုအမွေအား စောင့်ထိန်းသွားကြဖို့ရာ မြန်မာတစ်မျိုးသားလုံး၏ တာဝန်ဖြစ်ပေသည်ဟု ရေးသားတင်ပြလိုက်ရပါပေသည်။    ။