စိန်မောင်တင်

 

ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးသည် တိုင်းရင်းသားပေါင်းစုံ စုဝေးနေထိုင်ရာနိုင်ငံဖြစ်သည်။ ရှေးယခင်ကာလကပင် တစ်မြေတည်းနေ၊ တစ်ရေတည်းသောက်လာခဲ့ကြသော သွေးသားရင်းချာများ ဖြစ်ကြသည်။ ရှေးမြန်မာဘုရင်များ လက်ထက်ကတည်းက ကူးလူးဆက်ဆံမှုများရှိခဲ့သည်။ နယ်ချဲ့တို့လက်အောက်သို့ ကျရောက်ခဲ့ပြီးနောက် ရရာလက်နက်စွဲကိုင်၍ အတူတူတွန်းလှန် ခုခံခဲ့ကြသည်။

 

တိုင်းရင်းသားတို့စုဝေးရာ

 

မြန်မာနိုင်ငံတော်တွင် ၁၉၂၀ ပြည့်နှစ်မှစတင်၍ အဆင့်မြင့်ပညာ သင်ကြားပို့ချသော ရန်ကုန်တက္ကသိုလ်ကြီး စတင်ဖြစ်တည်လာခဲ့သည်။ ထိုကာလမှစတင်၍ မြန်မာနိုင်ငံတစ်ဝန်းလုံးမှ တိုင်းရင်းသားလူမျိုးပေါင်းစုံ (ဗမာလူမျိုးအပါအဝင်)တို့၏လူငယ်များသည် အဆင့်မြင့်ပညာရပ်များကို အဆိုပါတက္ကသိုလ်ကြီး၌ တက်ရောက်ဆည်းပူး လေ့လာခဲ့ကြပေသည်။ တစ်နည်းအားဖြင့် တိုင်းရင်းသား ပညာတတ် လူငယ်ကျောင်းသားများစုစည်းရာ နေရာဌာနကြီးလည်းဖြစ်သည်။ တိုင်းရင်းသား ကျောင်းသား ကျောင်းသူ လူငယ်များသည် အသိပညာရှင်၊ အတတ်ပညာရှင်များ ဖြစ်လာရန် အဆင့်မြင့်ပညာကို ဆည်းပူးလေ့လာရင်း တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးရေးအတွက်၊ တစ်ဦးအကြောင်းအား တစ်ဦးက သဘောပေါက်နားလည်ရန်အတွက် တစ်ဦး၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း အစဉ်အလာ၊ ဘာသာစကား၊ စာပေတို့ကို ကျန်တစ်ဦးက လေ့လာပြီး အပြန်အလှန် လေးစားမှုပြုခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ယုံကြည် မှုများ ရရှိလာကြမည်ဖြစ်သည်။

 

ထိုသို့ အပြန်အလှန်ယုံကြည်မှုမှတစ်ဆင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို တည်ဆောက်နိုင်ပေမည်။ ထို့ကြောင့် တိုင်းရင်းသား ကျောင်းသား ကျောင်းသူ လူငယ်များသည် ရန်ကုန် တက္ကသိုလ်၌ ပညာဆည်းပူးလေ့လာရင်းဖြင့် အချင်းချင်း တစ်ဦးအကြောင်းတစ်ဦး သိရှိ နားလည်ရေး၊ ချစ်ခင်ရင်းနှီးရေး၊ စည်းလုံး ညီညွတ်ရေးတို့သည် အလွန်လိုအပ်သော အချက်ဖြစ်သည်။ ။

 

တိုင်းရင်းသားအချင်းချင်း၊ စိတ်ဝမ်းကွဲပြား၍ ယုံကြည်မှု ပျက်ပြားခဲ့သည့်အတွက် သူတစ်ပါးကျွန် ဖြစ်ခဲ့ကြရသော်လည်း ၁၉၄၇ခုနှစ်က ပင်လုံတွင် တိုင်းရင်းသားအချင်းချင်း စုရုံးပေါင်းစည်း၍ ညီညွတ်မှုကို ပြသနိုင်သည့်အတွက် နိုင်ငံလွတ်လပ်ရေး ပြန်ရခဲ့ကြပေသည်။ ထို့နည်းတူ လွတ်လပ်ရေးကို ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရာ၌ လည်းကောင်း၊ တိုင်းရင်းသားအားလုံးတို့၏ အကျိုးစီးပွားများ စဉ်ဆက်မပြတ် ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်းကောင်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကိုပင် မဏ္ဍိုင်ပြုကာဆောင်ရွက်သွားကြရပေမည်။

 

စာပေနှင့် ယဉ်ကျေးမှုနည်းလမ်းဖြင့် စည်းလုံးခြင်း

 

ဤတိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ဆောင်ရွက်ရာ၌ နိုင်ငံရေးနည်းလမ်း၊ စီးပွားရေးနည်းလမ်း၊ အုပ်ချုပ်ရေးနည်းလမ်း၊ လူမှုရေးနည်းလမ်း ယဉ်ကျေးမှုနည်းလမ်း စသဖြင့် နည်းလမ်းအမျိုးမျိုးရှိသည်။ ထိုသို့ ရှိရာတွင် ရန်ကုန်မြို့ရှိ ရန်ကုန်တက္ကသိုလ်နှင့် အခြားတက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံအသီးသီး သို့ ရောက်ရှိနေကြသော တိုင်းရင်းသား ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများအဖို့ အဆိုပါတိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဦးတည်ချက်ကို စာပေနှင့် ယဉ်ကျေးမှုနည်းလမ်းဖြင့် လက်တွေ့အသုံးပြု ဆောင်ရွက်နေပေသည်။ ။

 

 

mdn

 

ရန်ကုန်မြို့ရှိ အထက်တန်းပညာဦးစီးဌာနက ဦးဆောင်၍ ၁၉၆၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်၌ “တိုင်းရင်းသားလူမျိုးများ စာပေနှင့် ယဉ်ကျေးမှုကော်မတီ (တက္ကသိုလ်များ-ရန်ကုန်)”ကို စတင်ဖွဲ့စည်းခဲ့သည်။ အဆိုပါ ကော်မတီ၌ သက်ဆိုင်ရာလူမျိုး အလိုက် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ပအိုဝ်း မွန်၊ရခိုင်၊ ရှမ်း တိုင်းရင်းသားများ စာပေနှင့် ယဉ်ကျေးမှုဆပ်ကော်မတီများ ပါဝင်လှုပ်ရှား ဆောင်ရွက်ခဲ့ကြသည်။ စတင်ဖွဲ့စည်းစဉ်ကကော်မတီ (၈) ခု ပါဝင်ခဲ့သော်လည်း ၁၉၇၀ ပြည့်နှစ်မှ စတင်၍ဗမာတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဆပ်ကော်မတီဟူ၍ တိုးချဲ့ဖွဲ့စည်းခဲ့သဖြင့် ဆပ်ကော်မတီ (၉) ခု ဖြစ်လာပါသည်။

 

အထက်ပါကဲ့သို့ ပြည်ထောင်စုတိုင်းရင်း သားများ၏ သွေးစည်း ညီညွတ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို တက္ကသိုလ်များရှိ တိုင်းရင်းသားလူမျိုးများအတွင်း၌ အခိုင်အမာချမှတ်ကျင့်သုံး အကောင်အထည်ဖော် နိုင်ရေးအတွက် တိုင်းရင်းသားလူမျိုးများ၏ စာပေနှင့် ယဉ်ကျေးမှုကော်မတီကို ဖွဲ့စည်း ခဲ့ပေသည်။

 

အထက်ဖော်ပြပါ ကော်မတီကြီးနှင့် တိုင်းရင်းသားလူမျိုးအလိုက် ဆပ်ကော်မတီ အသီးသီး၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

 

(က) တိုင်းရင်းသား လူမျိုးပေါင်းစုံတို့၏စာပေနှင့် ယဉ်ကျေးမှုများကို ဝိုင်းဝန်းဖော်ထုတ် ပြုစုပျိုးထောင်ရေး၊

 

( ခ ) တစ်ဦးနှင့် တစ်ဦး ရိုးရာဓလေ့ထုံးစံယဉ်ကျေးမှုများကို တန်ဖိုးထား၍ လေးစားသမှုပြုလာရေး၊

 

(ဂ) ကျဉ်းမြောင်းသော လူမျိုးရေးဝါဒအမြင်များ လျော့နည်းပပျောက်သွားရေး၊

 

(ဃ) နိုင်ငံတော်က ချမှတ်ကျင့်သုံးသော မူဝါဒများပေါ်တွင် တိုင်းရင်းသား လူမျိုးပေါင်းစုံ သွေးစည်းညီညွတ်ရေးတို့ ဖြစ်ပါသည်။ ။

 

အထက်ပါရည်ရွယ်ချက်လုပ်ငန်းစဉ်များ ဖြင့် အဆိုပါကော်မတီနှင့် တိုင်းရင်းသားလူမျိုး တို့၏ စာပေနှင့် ယဉ်ကျေးမှုဆပ်ကော်မတီများက အကောင်အထည်ဖော်နိုင်ရန် ဦးဆောင်လမ်းညွှန်မှုပြုခဲ့သူ ဆရာကြီး ဒေါက်တာညီညီသည် သက်ရှိထင်ရှားရှိနေပြီး အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၌ နေထိုင်လျက်ရှိပါသည်။ အသက် ၉၀ ကျော်ပြီ ဖြစ်ပါသည်။ ထိုစဉ်က အုပ်ချုပ်ရေးမှူး၊ အထက်တန်းပညာဦးစီးဌာန တာဝန်ယူနေစဉ် ဖြစ်ပါသည်။ နောင်တွင် ဒုတိယဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန၊ ဝန်ကြီး သတ္တုတွင်း ဝန်ကြီးဌာန သံအမတ်ကြီး၊ ဩစတြေးလျနှင့် နယူးဇီလန်နိုင်ငံ ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF)အဖွဲ့ချုပ်၏ လုပ်ငန်း အစီအစဉ် ညွှန်ကြားရေးမှူး တာဝန် ထမ်းဆောင်၍ အငြိမ်းစားယူခဲ့ပါသည်။

 

ဖော်ပြပါ တိုင်းရင်းသားလူမျိုးများ စာပေနှင့်ယဉ်ကျေးမှုကော်မတီ (တက္ကသိုလ်များ - ရန်ကုန်)၏ ပထမဦးဆုံးဥက္ကဋ္ဌသည် ဦးတင်ဧ (ရှမ်းပြည်) (ကွယ်လွန်)၊ စာတည်းမှူး (ဌာနမှူး)၊ တက္ကသိုလ်ဘာသာပြန်နှင့်  စာအုပ်ထုတ်ဝေရေးဌာန၊ (ပင်လုံစာချုပ်၌ ရှမ်းပြည် လူထုခေါင်းဆောင်အဖြစ် ပါဝင်၍ လက်မှတ် ရေးထိုးခဲ့သူ) (နောင်တွင် နိုင်ငံတော်ကောင်စီဝင်) ဖြစ်၍ ပထမဆုံးအတွင်းရေးမှူးသည် ဦးစိုးသိန်း(ကွယ်လွန်)၊ ဌာနမှူး၊ အထက်တန်းပညာဦးစီးဌာန၊ (နောင်တွင် ဌာနမှူး၊ (စီမံ)(အငြိမ်းစား) ကွန်ပျူတာ တက္ကသိုလ်)ဖြစ်သည်။ တွဲဖက်အတွင်းရေးမှူးများအဖြစ် ဦးသန့်ဇင် လက်ထောက်ကထိက၊ နိုင်ငံရေးသိပ္ပံဌာန၊ ပညာရေးတက္ကသိုလ်၊(ကွယ်လွန်)၊ ဦးအမ်ဇော်နန်း၊ နည်းပြ၊ ဘောဂ ဗေဒဌာန၊ စီးပွားရေးတက္ကသိုလ် (ကွယ်လွန်) တို့ ဖြစ်ပါသည်။

 

ထိုသို့ စတင်ဖွဲ့စည်းစဉ်က ဒုတိယဥက္ကဋ္ဌ များအဖြစ် ဦးစံသာအောင် (ကွယ်လွန်)၊ ပါမောက္ခ၊ ရူပဗေဒဌာန၊ ရန်ကုန်တက္ကသိုလ်၊ နောင်တွင်ညွှန်ကြားရေးမှူးချုပ်၊ အထက်တန်း ပညာဦးစီးဌာန၊ ဦးထွန်းအောင်ချိန်၊ ကထိက၊ သမိုင်းဌာန၊ ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်၊ နောင်တွင် ပါမောက္ခ၊ ဌာနမှူး (အငြိမ်းစား)၊ သမိုင်းဌာန၊ ရန်ကုန်တက္ကသိုလ်တို့ ပါဝင်ခဲ့ကြပါသည်။ ၁၉၆၇- ၁၉၇၀ ပညာသင်နှစ်တွင်မူ ဥက္ကဋ္ဌအဖြစ် ဦးတင်ဧ (ရှမ်းပြည်)၊ ဒုတိယ ဥက္ကဋ္ဌများအဖြစ် ဦးစံသာအောင်၊ ဦးစိုးသိန်း၊ ဦးထွန်းအောင်ချိန်၊ ငွေထိန်းအဖြစ်ဦးသန့်ဇင်၊ အတွင်းရေးမှူး ဦးအမ်ဇော်နန်း၊ တွဲဖက်အတွင်းရေးမှူး  ကိုခင်အောင်တို့က ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါကော်မတီ၌ သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးများစာပေ နှင့် ယဉ်ကျေးမှု ဆပ်ကော်မတီများမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများသည် အမှုဆောင်အဖြစ် ပါဝင်ကြပါသည်။

 

mdn

 

၁၉၆၇- ၁၉၇၀ ပညာသင်နှစ် ပထမ ဖွဲ့စည်းခဲ့သော တိုင်းရင်းသားလူမျိုးများ၏ ဆပ်ကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

 

(၁) ကချင်

ဥက္ကဋ္ဌ -  ဦးအမ်ဇော်နန်း (ကွယ်လွန်)

အတွင်းရေးမှူး - ဦးမြိတုန်တူး

 

(၂) ကယား

ဥက္ကဋ္ဌ -  ဦးခင်မောင်လတ်

အတွင်းရေးမှူး - ကိုကျော်ဝင်း

 

(၃) ကရင်

ဥက္ကဋ္ဌ - ဦးစောဝေါလေ့(စ်) ကံကြီး (ကွယ်လွန်)

အတွင်းရေးမှူး - စခင်မောင်သိန်း

 

(၄) ချင်း

ဥက္ကဋ္ဌ - ရှန်ဇာကမ်

အတွင်းရေးမှူး -  လျန်အုတ်

 

(၅) မွန်

ဥက္ကဋ္ဌ -  ဒေါက်တာမင်းတင်မွန်

အတွင်းရေးမှူး -  မင်းဆွေယဉ်

 

(၆) ရခိုင်

ဥက္ကဋ္ဌ -  ဦးအေးကျော် (ကွယ်လွန်)

အတွင်းရေးမှူး -  ဦးအောင်ထွန်းရှိန်

 

(၇) ပအိုဝ်း

ဥက္ကဋ္ဌ- ခွန်ထွန်းအောင်

အတွင်းရေးမှူး -  ခွန်လှသိန်း

 

(၈) ရှမ်း

ဥက္ကဋ္ဌ - စိုင်းကျော်အေး

အတွင်းရေးမှူး - စိုင်းခမ်းစင်

 

(၉) ဗမာ

ဥက္ကဋ္ဌ - ဦးစန်အုံး (ကွယ်လွန်)

အတွင်းရေးမှူး- ဦးဇော်မြင့် (ကွယ်လွန်)

မှတ်ချက် ။ ။ ဗမာ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုဆပ်ကော်မတီကို ၁၉၇၀ - ၁၉၇၂ + ပညာသင်နှစ်မှစတင် ဖွဲ့စည်းခဲ့ပါသည်။

 

တိုင်းရင်းသားစည်းလုံးရေး လှုပ်ရှားမှုများ

 

အထက်ပါကော်မတီကြီး၏ နာယကကြီးများအဖြစ် တာဝန်ယူခဲ့ကြသော အထက်တန်း ပညာဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးစံသာအောင် (ကွယ်လွန်)၊ ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်၊ ပါမောက္ခချုပ် ဒေါက်တာ မောင်မောင်ခ (ကွယ်လွန်) (အငြိမ်းစား)နှင့် နောင်တွင် ရန်ကုန်တက္ကသိုလ်၊ ပါမောက္ခချုပ် တာဝန်ထမ်းဆောင်ခဲ့ကြသည့် အဆက်ဆက်သော ဆရာကြီးများနှင့် ရန်ကုန်မြို့ရှိ အခြား တက္ကသိုလ် ကောလိပ်သိပ္ပံများမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများသည် တိုင်းရင်းသား လူမျိုးများ စည်းလုံးညီညွတ်ရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ခဲ့ကြသည်။ ဆရာကြီးဦးစံသာအောင်သည် တိုင်းရင်းသား လူမျိုးများ စာပေနှင့် ယဉ်ကျေးမှုကော်မတီနှင့် သက်ဆိုင်ရာ လူမျိုးအလိုက် ဆပ်ကော်မတီ အသီးသီးအား စဉ်ဆက်မပြတ် လမ်းညွှန်၍ လိုအပ်သလို ပံ့ပိုးကူညီပေးခဲ့သူ ဖြစ်ပါသည်။ ပြည်ထောင်စုနေ့ပဒေသာကပွဲများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုပြပွဲများ၊ ဟောပြောပွဲများ၊ သက်ဆိုင်ရာလူမျိုးအလိုက် ကျင်းပသော အမျိုးသားနေ့များ၊ ပြည်နယ်နေ့များ၊ ကောက်သစ်စားပွဲတော်များ၊ နှစ်သစ်ကူးပွဲများ၊ တိုင်းရင်းသားရိုးရာ အစားအစာရောင်းချပွဲများသို့ ဆရာကြီး ဦးစံသာအောင်သည် အခြားပါမောက္ခချုပ်ကြီးများနှင့် အတူတကွ တက်ရောက်အားပေး ချီးမြှင့်ခဲ့ပေသည်။

 

များသောအားဖြင့် အထက်ပါ အခမ်းအနား၊ ပွဲတော်များကို ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ်၊ ဝိဇ္ဇာခန်းမ၊ ဝိဇ္ဇာမြက်ခင်း၊ အပန်းဖြေ ရိပ်သာအပေါ်ထပ်၊ လိပ်ခုံးရှိ ဆေးတက္ကသိုလ် (၁) မြက်ခင်းပြင်၊ ပညာရေးတက္ကသိုလ်အတွင်းရှိ မြက်ခင်းပြင်တို့၌ ကျင်းပခဲ့ကြသည်။

 

mdn

 

ထိုစဉ်က ကျင်းပခဲ့သော ပြည်ထောင်စု အလံတော်သယ်ယူရေး အစီအစဉ်၌ ပါဝင်ဆောင်ရွက်ခဲ့ကြသည်။ ထို့အပြင် ပြည်ထောင်စုနေ့ ပြခန်းဖွင့်ပွဲ၊ ပြည်ထောင်စုနေ့ကိုယ်စားလှယ်တော်ကြီးများအား နှုတ်ခွန်းဆက်စကား ပြောကြားခြင်းတို့၌ သက်ဆိုင်ရာ တိုင်းရင်းသား ဘာသာစကားအသီးသီးဖြင့် ဆောင်ရွက်ပေးခဲ့ကြသည်။ ၁၉၆၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် (၂၁) ကြိမ်မြောက် ပြည်ထောင်စုနေ့အတွက် လက်ဆင့်ကမ်း သယ်ဆောင်လာသော နိုင်ငံတော် အလံတော်သည် ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် ဘွဲ့နှင်းသဘင် အဆောက်အဦရှေ့ အဓိပတိလမ်းမပေါ်၌ ညအိပ်ရပ်နားခဲ့သည်။ ယင်းနေ့တွင် ဘွဲ့နှင်းသဘင်ခန်းမ၌ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပစ္စည်းများနှင့် ကော်မတီမှ တိုင်းရင်းသားများ၏ ဆောင်ရွက်မှုမှတ်တမ်းဝင် ဓာတ်ပုံများကို ပြသခဲ့သည်။ ယင်းနေ့ည ဝိဇ္ဇာမြက်ခင်းပြင်၌ တိုင်းရင်းသား ပဒေသာကပွဲကို ခမ်းနားစွာ ကျင်းပခဲ့သည်။ ယင်းနှစ်မှာပင် တိုင်းရင်းသားလူမျိုးများ၏ ဝတ်စားဆင်ယင်မှုကို ဖော်ထုတ်သည့်အနေဖြင့် တက္ကသိုလ်ပြက္ခဒိန်တွင် အဆိုပါတိုင်းရင်းသားလူမျိုးများ၏ ဝတ်စားဆင်ယင်မှု ဓာတ်ပုံများဖြင့် ထုတ်ဝေခဲ့သည်။ နှစ်စဉ် ပြည်ထောင်စုနေ့တိုင်းလိုပင် တက္ကသိုလ် နယ်မြေ၌ တိုင်းရင်းသားပဒေသာကပွဲများကို ကျင်းပနိုင်ခဲ့သည်။

၁၉၇၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁ ရက်မှ ၅ ရက်အထိ ကျင်းပခဲ့သော ရန်ကုန်တက္ကသိုလ် ရွှေရတုသဘင် အခမ်းအနား ကျင်းပရာ၌ ပဒေသာကပွဲစင် သုံးစင်စလုံး၌ တိုင်းရင်းသား လူမျိုးစာပေနှင့် ယဉ်ကျေးမှု ဆပ်ကော်မတီ အသီးသီးမှ အကနှစ်မျိုးကျစီ ပါဝင်၍ မိုး၊ လေကြားမှပင် ကပြတင်ဆက်ခဲ့ကြသည်။ ဆပ်ကော်မတီတစ်ခုလျှင် တိုင်းရင်းသား ကျောင်းသား ကျောင်းသူပေါင်း ၄၀ ကျ ပါဝင်တင်ဆက် ကပြခဲ့ကြသည်။ ထို့ပြင် အဓိပတိလမ်းမကြီး တစ်လျှောက်တွင် ကျောင်းသားအသင်းအဖွဲ့ပေါင်းစုံမှ ဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချရာ၌ တိုင်းရင်းသားလူမျိုးများအလိုက် ဆိုင်ခန်းများ ဖွင့်လှစ်၍ ရိုးရာအစားအစာများ၊ ဒေသထွက် ဆေးများ၊ အသီးအနှံများ၊ ယဉ်ကျေးမှုပစ္စည်းများ၊ ရိုးရာအဝတ်အထည်များကို ရောင်းချခဲ့ကြသည်။

 

ထိုသို့ဖြင့် တိုင်းရင်းသားလူမျိုးများ စာပေနှင့် ယဉ်ကျေးမှုကော်မတီ (တက္ကသိုလ်များ-ရန်ကုန်) ၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးများအလိုက် စာပေနှင့် ယဉ်ကျေးမှုဆပ်ကော်မတီ အသီးသီးမှ ပူးပေါင်းပါဝင်လျက် ဂီတပဒေသာပွဲများကို ၁၉၇၀ ပြည့်နှစ်၊ ရန်ကုန်တက္ကသိုလ်ရွှေရတု သဘင်ပွဲတော်၌ တစ်ကြိမ်၊ ၁၉၇၁ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်တွင် တစ်ကြိမ်၊ ၁၉၇၂ ခုနှစ်၊ နိုဝင်ဘာလတွင် တစ်ကြိမ် ကျင်းပနိုင်ခဲ့သည်။ ၁၉၆၇ ခုနှစ်တွင် ပင်လုံညီလာခံ၌ ပါဝင်တက်ရောက်ခဲ့ကြသော ပုဂ္ဂိုလ်ကြီးများအား ဖိတ်ကြား၍ ဟောပြောပွဲများ ကျင်းပခဲ့သည်။ ၁၉၇၀ ပြည့်နှစ်တွင် ဦးတင်ဧ(ရှမ်းပြည်) နှင့် ပါမောက္ခ ဒေါက်တာခင်မောင်ဝင်း (ဒဿနဗေဒ) တို့က “တိုင်းရင်းသားစည်းလုံးညီညွတ်ရေး” ခေါင်းစဉ်ဖြင့်ဟောပြောခဲ့ကြသည်။

 

ထိုနောက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးအသီးသီး၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဂီတနှင့် အကများအတွက် အသုံးပြုသော တူရိယာပစ္စည်းများအကြောင်း၊ အကနှင့်သီချင်းများ၊ ရိုးရာသားချော့တေးများ၊ ဝတ်စားဆင်ယင်မှုများ စသည်တို့ကို နှစ်စဉ် ဟောပြောခဲ့ကြသည်။

 

သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးအလိုက် စာပေနှင့် ယဉ်ကျေးမှုဆပ်ကော်မတီ အသီးသီးသည် မိမိတို့နေထိုင်ရာ ဒေသပြည်နယ်များသို့ ကျောင်းပိတ်ရက်ပြန်သည့်အခါ အခါအားလျော်စွာ စာပေဘာသာစကား၊ ယဉ်ကျေးမှု၊ အဆို၊ အကများကို သင်ယူလေ့လာခြင်း၊ ဆွေးနွေးပို့ချခြင်းတို့ ပြုလုပ် ကြသည်။ ကျောင်းဖွင့်ချိန်၌ ရန်ကုန်တက္ကသိုလ်နယ်မြေအတွင်းရှိ စာသင်ခန်းများ၌ ဘာသာစာပေသင်တန်းများ၊ စကားပြောသင်တန်းများ၊ အကသင်တန်း၊ အဆိုသင်တန်းများ ဖွင့်လှစ် သင်ကြားခဲ့ရာ စိတ်ပါဝင်စားသော ကျောင်းသားကျောင်းသူများ တက်ရောက်သင်ယူ လေ့လာကြသည်။ ကော်မတီအသီးသီးမှအခါအားလျော်စွာ မဂ္ဂဇင်းများ ထုတ်ကြသည်။ မဂ္ဂဇင်းများတွင် သက်ဆိုင်ရာ လူမျိုးအသီးသီး၏ ဘာသာစကားနှင့် မြန်မာဘာသာစကားတို့ဖြင့် တွဲလျက်ထုတ်ဝေကြပါသည်။ အချို့ မဂ္ဂဇင်းများသည် သက်ဆိုင်ရာဘာသာစကားသီးသန့်ဖြင့် ထုတ်ဝေကြသည်။ အချို့သော သက်ဆိုင် ရာလူမျိုးများအလိုက် ပြက္ခဒိန်များလည်း ထုတ်ဝေခဲ့ကြသည်။ ။

 

သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးအလိုက် စာပေနှင့် ယဉ်ကျေးမှုဆပ်ကော်မတီ အသီးသီးသည် အမျိုးသားနေ့များ၊ ပြည်နယ် နေ့များ၊ ပွဲတော်နေ့များ (ကချင်-ကောက်သစ် စားပွဲ၊ ချင်း- ခွာဒိုပွဲ စသည့်ပွဲများ) တို့ကိုရန်ကုန်တက္ကသိုလ်နယ်မြေ၌ ကျင်းပကြရာတွင် များသောအားဖြင့် ပြည်နယ်မှလည်းကောင်း၊ ရန်ကုန်မြို့တွင်းမှ လည်းကောင်း၊ သက်ဆိုင်ရာ လူကြီးများ၊ မိသားစုများဖြင့် ပူးပေါင်းကျင်းပကြသည်။ အစည်ကားဆုံးနှင့် အပျော်ရွှင်ဆုံးသောပွဲမှာ ရန်ကုန်တက္ကသိုလ် အပန်းဖြေ ရိပ်သာအပေါ်ထပ်၌ နှစ်စဉ်ကျင်းပသည့် တိုင်းရင်းသားရိုးရာ အစားအစာရောင်းချပွဲပင်ဖြစ်သည်။ ရန်ကုန်မြို့ရှိ တက္ကသိုလ်၊ ကောလိပ်ပေါင်းစုံမှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများသည် ပျော်ရွှင် ကြည်နူးစွာ တက်ရောက်အားပေးပါဝင် ဆင်နွှဲကြသည်။ တစ်ဦးနှင့်တစ်ဦးလေးစားစွာ ပြောဆိုဆက်ဆံ၍ ရင်းနှီးချစ်ကြည်လျက် ဝယ်ယူသုံးဆောင်ကြသည်မှာ ပျော်စရာ့၊ပျော်စရာကြီးပင် ဖြစ်လေသည်။

 

ဆက်လက်ဖော်ပြပါမည်။

 

mdn

စာရေးသူ၏ ကိုယ်ရေးအကျဉ်း

  • အမည်ရင်း ဦးခင်မောင်ချို ဖြစ်သည်။
  • အဘ ဦးအောင်ကြီး၊ အမိဒေါ်ခင်ကြည်တို့မှ ၁၉၄၉ ခုနှစ်တွင် ဧရာဝတီ တိုင်းဒေသကြီးမော်လမြိုင်ကျွန်းမြို့တွင် မွေးဖွားခဲ့ပါသည်။ ။ ၁၉၆၅ ခုနှစ်တွင် ရန်ကုန်မြို့ မြို့မ အမျိုးသား အထက်တန်းကျောင်း (ယောက်ျား ကလေးကျောင်း)မှ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်ခဲ့ပါသည်။ ။
  • ၁၉၆၉ ခုနှစ်တွင် ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ (ဒဿနိကဗေဒ)၊ ၁၉၈၁ ခုနှစ် ရန်ကုန်တက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့ (ဒဿနိကဗေဒ)တို့ကို ရရှိခဲ့ သည်။
  • ၁၉၇၁ ခုနှစ် မတ်လ ၁၂ ရက်တွင် ကချင်ပြည်နယ် မြစ်ကြီးနားကောလိပ် ဒဿနိကဗေဒဌာန၌ နည်းပြရာထူးဖြင့် အစိုးရဝန်ထမ်းအဖြစ် စတင်အမှုထမ်းခဲ့သည်။ ထိုမှတစ်ဆင့် ရာထူးအဆင့်ဆင့် တိုးတက်၍ အောက်ပါတက္ကသိုလ်၊ ကောလိပ်များ၌ သင်ကြားရေး တာဝန်ထမ်းဆောင်ခဲ့သည်။ ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်၊ ကရင်ပြည်နယ်ဒေသ ကောလိပ်၊ လုပ်သားများကောလိပ် - ရန်ကုန်၊ မော်လမြိုင်တက္ကသိုလ်၊ ဒဂုံ တက္ကသိုလ်၊ မန္တလေးအဝေးသင် တက္ကသိုလ်၊ ၁၉၉၉ ခုနှစ် မတ်လ ၃ရက်တွင် စီမံခန့်ခွဲရေးတာဝန်ဖြင့် ကယားပြည်နယ် လွိုင်ကော်ကောလိပ်၌ ဒုတိယကျောင်းအုပ်ကြီး တာဝန် စတင်ထမ်းဆောင်သည်။ ထိုမှတစ်ဆင့် မြိတ်ကောလိပ်၊ မြိတ်ဒီဂရီကောလိပ်၊ မြိတ်တက္ကသိုလ်၊ ဟင်္သာတတက္ကသိုလ်တို့၌ စီမံခန့်ခွဲရေး တာဝန်ထမ်းဆောင်ပြီး ၂၀၀၇ ခုနှစ် ဇွန်လတွင် တာဝန်ခံ ပါမောက္ခချုပ်တာဝန်မှ လုပ်သက် ပြည့်ပင်စင်ဖြင့် အငြိမ်းစားယူခဲ့သည်။ ။
  • စာပေရေးသားရာတွင် စိန်မောင်တင် အမည်ဖြင့် ရေးသားပါသည်။ ကလောင်ခွဲများမှာ မောင်ချိုမွန် (မြို့မ)၊ ခင်မောင်ချို (ဒဿနိက)တို့ဖြစ်ပါသည်။ ။
  • ယခုအခါ နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ် - ရန်ကုန်၊ ဗုဒ္ဓဒေသနာ ပြန့်ပွားရေးပညာဌာနတွင် ပြင်ပပညာရှင်အဖြစ်၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်)၊ ဇာတ်သဘင် ပညာဌာနတွင် ဧည့်ပါမောက္ခ အဖြစ်၊ ရန်ကုန်တက္ကသိုလ် ပြတိုက်ဖြစ်မြောက်ရေး ကော်မတီ တွင် အလုပ်အမှုဆောင်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။