နေပြည်တော် ၁၈ ဧပြီ
ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီသည် လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော တံတားကြီးများဥပဒေကြမ်း၊ နိုင်ငံတော်သမ္မတက သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသော လောင်းကစားဥပဒေကြမ်းနှင့် စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေကြမ်းတို့နှင့် စပ်လျဉ်းသည့် အစည်းအဝေးကို ယနေ့တွင် ပြည်ထောင်စုလွှတ်တော် D ဆောင်၊ ဒုတိယထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ဥပဒေကြမ်း ပူးပေါင်းကော်မတီနှင့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်၊ ဥပဒေကြမ်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ပြည်သူ့လွှတ်တော် ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ကော်မတီဝင်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံဂီတအစည်းအရုံး၊ မြန်မာနိုင်ငံ တေးသီချင်းမူပိုင်ရှင်များအသင်းနှင့် ပြည်ထောင်စုလွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
(သတင်းစဉ်)


