ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ တတိယအစည်းအဝေး ညီလာခံ ပထမနေ့ အစည်းအဝေးကျင်းပ

နေပြည်တော် ၁၁ ဇူလိုင်

 

 

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - (၂၁) ရာစုပင်လုံ တတိယအစည်းအဝေး ညီလာခံ ပထမနေ့ အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) ၌ ကျင်းပသည်။

 

 

အစည်းအဝေးတွင် ဦးဆောင်သဘာပတိအဖြစ် ဒေါက်တာတင်မျိုးဝင်းက ဆောင်ရွက်ပြီး သဘာပတိ အဖွဲ့ဝင်များအဖြစ် ဦးအောင်ကြည်ညွှန့်၊ ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ နိုင်ဟံသာနှင့် ဦးခွန်မောင်သောင်းတို့က ဆောင်ရွက်ကြသည်။

 

 

အစည်းအဝေးတွင် ဦးဆောင်သဘာပတိ ဒေါက်တာတင်မျိုးဝင်းက မိမိတို့၏ ငြိမ်းချမ်းရေး ညီလာခံကြီးသည် အစည်းအဝေး တစ်ခုပြီးတစ်ခု ဖြည်းဖြည်းမှန်မှန်နှင့် နောက်ကြောင်းပြန် မလှည့်ဘဲ ရှေ့ကိုတိုးပြီး လျှောက်လှမ်းလာခဲ့သည်မှာ ယနေ့တွင် တတိယအစည်းအဝေးအထိ ရောက်ရှိလာခဲ့ပါကြောင်း၊ ယခုကဲ့သို့ ညီလာခံအစည်းအဝေးကို  ရောက်ရှိနိုင်ရန်အတွက် အမျိုးသားအဆင့် နိ်ုင်ငံရေးဆွေးနွေးပွဲများ၊ အစုအဖွဲ့နှင့် တစ်ဖွဲ့ချင်းစီက ဆွေးနွေးပြုစုတင်ပြလာသည့် မူဝါဒအဆိုပြုစာတမ်းများကို အချိန်ယူပြီး ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်ရာတွင် မိမိတို့နိုင်ငံ၌ အရေးတကြီးလိုအပ်နေသည့် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးပန်းတိုင်ဖြစ်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး  ဖြစ်ထွန်းပေါ်ပေါက်လာရေးအတွက်  နိုင်ငံရေးစိတ်ရင်းစေတနာ အပြည့်အဝနှင့် ကြိုးပမ်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပါကြောင်း။

 

 

မတူကွဲပြားမှုများအကြားတွင် တူညီသော ဘုံသဘောထားများကို စုစည်းရယူနိုင်မည် ဆိုပါက မိမိတို့၏ မတူညီကွဲပြားမှုများသည် ပြည်ထောင်စု၏ အင်အားအဖြစ် သမိုင်းဝင် ဖြစ်ထွန်းပေါ်ပေါက်လာမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အရ ဖြစ်ပေါ်လာသည့် နိ်ုင်ငံရေးဆွေးနွေးပွဲများ၏  အဆင့်အမြင့်ဆုံး စားပွဲဝိုင်းသည် မိမိတို့၏ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ အစည်းအဝေးပင်ဖြစ်ပါကြောင်း၊ သမိုင်းကြောင်းတစ်လျှောက် မရှိခဲ့ဘူးသည့် နိ်ုင်ငံရေးဆွေးနွေးမှုဆိုင်ရာ ညီလာခံကြီးဖြစ်ပေါ် လာချိန်တွင် မိမိတို့အားလုံး အလေးအနက်တန်ဖိုးထားကြရန် အထူးပင်အရေးကြီးပါကြောင်း၊ သမိုင်းကအပ်နှင်းလာသည့် အခွင့်အရေးပင်ဖြစ်ပါကြောင်း၊ သမိုင်းတစ်လျှောက်မကြုံစဖူး ထူးထူးကဲကဲ ရရှိလာသည့် ယခုအခွင့်အလမ်းကို အမိအရဆုပ်ကိုင်ပြီး  ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု၏ အခြေခံအုတ်မြစ်များ စိုက်ထူနိ်ုင်အောင် ညီလာခံကိုယ်စားလှယ်ကြီးများက ကြိုးပမ်းဆောင်ရွက်ပေးကြရန် အလေးအနက် မေတ္တာရပ်ခံ တိုက်တွန်းလိုပါကြောင်း။

 

 

NCA အရ ဖြတ်သန်းလာခဲ့သည့် ခရီးလမ်းတစ်လျှောက် ပြန်ပြောင်းကြည့်မည်ဆိုပါက ပစ်ခတ်တိုက်ခိုက်မှုရပ်စဲခြင်း၏ အသီးအပွင့်အဖြစ် တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးလာမှုနှင့်အတူ စိုးရိမ်ကြောင့်ကြမှုများကို ဖယ်ရှာပေးနိုင်ခဲ့သည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း၊ အပစ်ရပ် လုပ်ငန်းစဉ်များတွင် အရပ်သားစောင့်ကြည့်ရေးများ ပါဝင်လာမှုသည်လည်း မိမိတို့၏  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ယုံကြည်မှုများ ပိုမိုပြီး တိုးတတ်လာစေမည်ဟု ခံယူထားပါကြောင်း၊ တစ်ချိန်တည်းမှာပင် မိမိတို့၏ နိုင်ငံရေးဆွေးနွေးမှုများမှ ရလဒ်ကောင်းများ၊ အရေးကြီးသည့် သဘောတူညီချက်များ ရှေ့ကိုတိုးပြီး ရရှိလာအောင် ကြိုးပမ်းကြရာတွင် ခေတ်အဆက်ဆက် သဘောထားကွဲလွဲမှုများကို အပြန်အလှန်နားလည်မှု၊ အပြန်အလှန် အရေးထားမှုနှင့် ပဋိပက္ခများနေရာတွင် ပေါင်းစည်းမှုများကို အစားထိုး တည်ဆောက်နိ်ုင်အောင် ကြိုးပမ်းအားထုတ်နေကြခြင်းဖြစ်ပါကြောင်း။

 

 

မိမိတို့၏ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေး၌ သဘောတူညီချက်များ ရရှိပြီးမှ ချန်ထားခဲ့ရသည့် ပြည်ထောင်စုက ခွဲထွက်မသွားရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခြေခံမူများကိုလည်း လေးနက်သိမ်မွေ့ခြင်းကို အားလုံးလက်ခံထားသည့်အလျှောက် ယခု တတိယအစည်းအဝေးပြီးပါက သဘောတူညီချက်ရရှိအောင် မိမိတို့က မဖြစ်မနေ ကြိုးပမ်းကြရဦးမည်ဖြစ်ပါကြောင်း၊ မိမိတို့ ညီလာခံကိုယ်စားလှယ်တော်ကြီးများ ဆက်လက်ဆောင်ရွက်ရမည့် အလုပ်အကြွေး၊ အလုပ်အကျန်တစ်ခုဟု ပြောနိုင်ပါကြောင်း။ 

 

 

ယနေ့ နံနက်ပိုင်း ညီလာခံအဖွင့် အခမ်းအနားတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်းသကဲ့သို့ ၂၀၁၉ ခုနှစ်အထိ ၂၁ ရာစုပင်လုံ ညီလာခံအစည်းအဝေး (၃) ကြိမ်ကျင်းပနိုင်ရန်၊ ညီလာခံ အစည်းအဝေး (၃) ကြိမ်အပြီးတွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်ဆိုင်ရာ အခြေခံမူအုတ်မြစ်များ အပြီးအပြတ် ချမှတ်နိုင်အောင် ကြိုးပမ်းပေးကြရန် ညီလာခံကိုယ်စားလှယ်တော်ကြီးများကို  ထပ်လောင်းပြီး   တိုက်တွန်းလိုပါကြောင်း၊ ၎င်းမှာ မဖြစ်နိုင်သည့် ရည်မှန်းချက် မဟုတ်သကဲ့သို့ UPDJC အထိ သဘောတူညီချက် ရရှိပြီးသည့် အခြေခံမူများလည်းဖြစ်ပါကြောင်း၊ စေ့စပ်ညှိနှိုင်းကြရာတွင် အစုအဖွဲ့အားလုံးမှ လိုချင်သည်များကိုရာခိုင်နှုန်းပြည့် ရရှိနိ်ုင်မည်မဟုတ်ပါကြောင်း။ 

 

 

အရေးအကြီးဆုံးမှာ မိမိတစ်စုတစ်ဖွဲ့ အကျိုးစီးပွားထက်၊ မိမိတို့အစုအဖွဲ့ အကျိုးစီးပွားထက် ပြည်ထောင်စုကြီးတစ်ရပ်လုံး၏ အကျိုးစီးပွားကို မျက်မှောက်ပြုရန် ငြိမ်းချမ်းရေးကို မျှော်လင့်တောင်းတနေသည့်  တိုင်းရင်းသားပြည်သူများ၊ နောင်လာမည့် မျိုးဆက်သစ်များ၏ မျက်နှာကို ထောက်ရှုရန် အထူးမီးမောင်းထိုး တိုက်တွန်းပြောကြားလိုပါကြောင်း၊ ငြိမ်းချမ်းရေးသည် ပြည်သူအားလုံးကပိုင်ပါကြောင်း၊ မိမိတို့အထဲက မည်သည့်အစုအဖွဲ့၊ မည်သည့် အဖွဲ့အစည်းတစ်ခုတည်းကမှ ပိုင်ဆိုင်ခြင်းမဟုတ်ပါကြောင်း၊ ယင်းအချက်ကို အထူးသတိချပ်နှလုံးသွင်းကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း။

 

 

ယနေ့ မိမိတို့ ညီလာခံကြီးက ရရှိလာသည့် အခြေခံမူများကို အကောင် အထည်ဖော်သည့်အခါ အကျိုးကျေးဇူး ခံစားရမည်မှာ ယနေ့ ဆွေးနွေးနေကြသည့် မိမိတို့ မဟုတ်ပါကြောင်း၊ ယနေ့အချိန်တွင် အရွယ်မရောက်ကြသေးသည့် မိမိတို့၏ တိုင်းရင်းသား ပြည်သူ ကလေးငယ်များအတွက် ဖြစ်ပါကြောင်း၊  ၎င်းတို့ခေတ်များအတွက်  မိမိတို့ ယနေ့ ဆွေးနွေးနေကြခြင်း ဖြစ်ပါကြောင်း၊ ယင်းကို နှလုံးသွင်း ဆင်ခြင်ပြီး  ကြိုးပမ်းဆောင်ရွက်ပေးကြရန်  တိုက်တွန်းလိုပါကြောင်း။

 

 

နိဂုံးချုပ်အနေဖြင့် ညီလာခံကိုယ်စားလှယ်တော်ကြီးများအနေဖြင့် အနာဂတ်တွင် ဖြစ်ထွန်းပေါ်ပေါက်လာမည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးအတွက် အခြေခံမူများကို ဆွေးနွေးကြရာတွင် လှေနံဓါးထစ် ဆုပ်ကိုင်ရပ်တည်ခြင်းမျိုး မဟုတ်ဘဲ အပေးအယူ၊ အလျော့အတင်း ရှိပေးကြရန်၊ ညီလာခံတက်ရောက်စဉ် ကာလအတွင်း ကျန်းမာချမ်းသာစွာဖြင့် အေးအေးချမ်းချမ်း ရှိကြပါစေကြောင်း ပြောကြားသည်။

 

 

ယင်းနောက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ၏ လုပ်ငန်းအစီရင်ခံစာကို အတွင်းရေးမှူးအဖွဲ့ဝင် စိုင်းကျော်ညွှန့်က လည်းကောင်း၊ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ၏ လုပ်ငန်းအစီရင်ခံစာကို JMC ဒုတိယဥက္ကဋ္ဌ (၁) စောအိုင်းဇက်ဖိုးက လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

 

 

ထို့နောက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ဝင်  ပဒိုစောတာဒိုမှူးက နိုင်ငံရေးကဏ္ဍဆိုင်ရာ မူဝါဒများကိုလည်းကောင်း၊ UPDJC အတွင်းရေးမှူးအဖွဲ့ဝင် မင်းကျော်ဇေယျာဦးက စီးပွားရေးကဏ္ဍဆိုင်ရာ မူဝါဒများကို လည်းကောင်း၊ UPDJC အတွင်းရေးမှူးအဖွဲ့ဝင် စိုင်းငင်းက လူမှုရေးကဏ္ဍဆိုင်ရာ မူဝါဒများကို လည်းကောင်း၊ UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဦးအောင်စိုးက မြေယာနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍဆိုင်ရာ မူဝါဒများကိုလည်းကောင်း တင်သွင်းကြပြီး UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ရဲဘော်မျိုးဝင်းက လုံခြုံရေးကဏ္ဍဆိုင်ရာ လုပ်ငန်းအစီရင်ခံစာကို ရှင်းလင်းတင်ပြသည်။

 

 

ဆက်လက်၍ UPDJC အတွင်းရေးမှူးအဖွဲ့ဝင် စောမြရာဇာလင်းက ညီလာခံကျင်းပမည့် ပုံစံနှင့် UPDJC အတွင်းရေးမှူးအဖွဲ့ဝင် တာလှဖေက ညီလာခံကိုယ်စားလှယ်များ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ဖတ်ကြားရှင်းလင်းကြသည်။ 

 

 

ယင်းနောက်သဘာပတိအဖွဲ့ဝင် ဦးအောင်ကြည်ညွှန့်က နိဂုံးချုပ်အမှာစကား ပြောကြားသည်။

 

 

ယနေ့ညီလာခံအစည်းအဝေးတွင် နိုင်ငံရေးကဏ္ဍဆိုင်ရာ မူဝါဒအဆိုပြုလွှာအဖြစ် ကျား/မ ဆိုင်ရာ တန်းတူညီမျှမှုတွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စု၏ မည်သည့်နိုင်ငံသားကိုမျှ ကျား/မဆိုင်ရာ လိင်ကွဲပြားမှုကို အခြေခံသော ခွဲခြားဆက်ဆံခြင်း မရှိစေရေးနှင့် တန်းတူညီမျှမှု ရှိစေရေးအတွက် မူဝါဒချမှတ်ရန်၊ ကဏ္ဍအသီးသီးတွင် အမျိုးသမီးများ အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်ရေးကို အားပေးရန်၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုတွင် ကျား/မ ရေးရာ အခြေပြု အကြမ်းဖက်မှုများအား ကာကွယ်နိုင်သည့် မူဝါဒများကို ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်ရန်နှင့် ကျား/မဆိုင်ရာ တန်းတူညီမျှမှုကို အထောက်အကူပြုစေရန် အမျိုးသမီးများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရန် ဟူသည့် အဆိုပြုချက်များကို တင်သွင်းသည်။ 

 

 

စီးပွားရေးကဏ္ဍဆိုင်ရာ မူဝါဒအဆိုပြုလွှာအဖြစ် တိုင်းဒေသကြီး/ပြည်နယ် အစိုးရများသည် မိမိတို့ တိုင်းဒေသကြီး/ပြည်နယ်များအတွင်းရှိ အများပြည်သူ အကျိုးစီးပွားများအတွက် ဦးစားပေး အကောင်အထည်ဖော် လုပ်ဆောင်နိုင်ရန် စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးရေးစီမံကိန်းနှင့် မူဝါဒများကို ရေးဆွဲချမှတ်ဖော်ဆောင်ခွင့် ရှိရမည်ဖြစ်ပြီး ထိုသို့ ရေးဆွဲရာတွင် ပြည်ထောင်စု စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးရေးစီမံကိန်းနှင့် မူဝါဒများကို သဟဇာတဖြစ်စေရေးနှင့် ဆက်စပ်သော အခြား တိုင်းဒေသကြီး/ပြည်နယ်များ၏ အကျိုးစီးပွားကို ထိခိုက်မှုမရှိစေရေး ထည့်သွင်းစဉ်းစားရန် ဟူသည့် အဆိုပြုချက်ကို တင်သွင်းသည်။

 

 

လူမှုရေးဆိုင်ရာ မူဝါဒအဆိုပြုလွှာအဖြစ် ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေး၊ လူမှုဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များအား  ဆောင်ရွက်ရာတွင် ဆုံးဖြတ်ချက်ချသည့် အဆင့်တိုင်းနှင့် အကောင်အထည်ဖော်မှုအဆင့်တိုင်းတွင် အမျိုးသမီးများ ၃၀ ရာခိုင်နှုန်း ပါဝင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ လူတိုင်းအတွက် အကျုံးဝင်သည့် ပညာရေးစနစ် ဖော်ဆောင်ရန်၊ လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့်ရှောက်မှု စနစ်တစ်ရပ်ကို ဖော်ဆောင်ရန်၊ မသန်စွမ်းသူများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်များအပါအဝင် အမျိုးသမီးများဆိုင်ရာ အခွင့်အရေးများအတွက် ဥပဒေများ ပြဋ္ဌာန်းပေးရန်၊ လူမှုဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရာတွင် လူမှုသဟဇာတ သဘောတရားများကို ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းစဉ်းစားဆောင်ရွက်ရန်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများ အလွဲသုံးမှုဆိုင်ရာ အန္တရာယ်လျော့ချရေး၊ ကုသရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ထိရောက်စွာ စီမံဆောင်ရွက်ရန်၊ ကလေးသူငယ် အခွင့်အရေးရရှိရန်နှင့် ကလေးသူငယ် ဘက်စုံဖွံ့ဖြိုးရေးအတွက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းကို လေးစားလိုက်နာရေးနှင့် ကလေးသူငယ်များအတွက် ကြီးလေးသော ချိုးဖောက်မှု ၆ ချက်ပပျောက်ရေးကို ဦးတည်၍ စီမံချက်ချမှတ်ဆောင်ရွက်ရန် ဟူသည့် အဆိုပြုချက်များကို တင်သွင်းသည်။ 

 

 

မြေယာနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍဆိုင်ရာ မူဝါဒအဆိုပြုလွှာအဖြစ် နိုင်ငံတွင်းရှိ မြေယာများအား နိုင်ငံသားများသာ ပိုင်ဆိုင်ခွင့်ရှိပြီး နိုင်ငံခြားသားများနှင့် တရားမဝင်နေထိုင်သူများအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပိုင်ဆိုင်ခွင့်မရှိစေရ၊ မြေယာကို အသုံးပြု၍ စီမံကိန်းလုပ်ငန်းအမျိုးမျိုး ဖော်ဆောင်ရာတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှု ဆန်းစစ်ခြင်း၊ လူမှုရေးဆိုင်ရာ ထိခိုက်မှုဆန်းစစ်ခြင်း၊ ကျန်းမာရေးဆိုင်ရာထိခိုက်မှု ဆန်းစစ်ခြင်းနှင့် ဒေသခံပြည်သူလူထုနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း စသည့် လုပ်ငန်းများကို ကြိုတင်ပြုလုပ်ရမည် ဟူသည့် အဆိုပြုချက်များကို တင်သွင်းသည်။  

 

 

(သတင်းစဉ်)