ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ တတိယအစည်းအဝေး ညီလာခံ တတိယနေ့ ကျင်းပ

နေပြည်တော်  ၁၃   ဇူလိုင်

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ တတိယအစည်းအဝေး တတိယနေ့ ကဏ္ဍအလိုက် အစည်းအဝေးများကို ယနေ့နံနက်ပိုင်းမှ စတင်၍  နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန- ၂ ရှိ သတ်မှတ် နေရာများ၌ ကျင်းပသည်။

နိုင်ငံရေးကဏ္ဍအစည်းအဝေးတွင် အကျိုးဆောင်များအဖြစ် ဦးအောင်သွင်ဦး၊ ဆိုင်းရမ်ကုလ်ကျုံးနှင့် ဒေါ်ချင်းချင်းတို့က ဆောင်ရွက်ကြပြီး ညီလာခံကိုယ်စားလှယ်များနှင့် လေ့လာသူအဖြစ် တက်ရောက်ကြသူများ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများနှင့် အကျိုးဆောင်များ၏ လုပ်ငန်းလမ်းညွှန် ဖတ်ကြားခြင်းတို့ကို ဆောင်ရွက်ကြသည်။

ထို့နောက် အစည်းအဝေး တက်ရောက်ကြသူများက နိုင်ငံရေး ကဏ္ဍမူဝါဒ အဆိုပြုလွှာနှင့် စပ်လျဉ်း၍ ဝိုင်းဝန်း ဆွေးနွေးခြင်းနှင့် ဆွေးနွေးချက်များ စုစည်းခြင်းတို့ကို ဆောင်ရွက်ကြသည်။

စီးပွားရေးကဏ္ဍအစည်းအဝေးတွင် အကျိုးဆောင်များအဖြစ် ဦးအောင်လှိုင်မိုး၊ ဦးကျော်လင်းဦး၊ စောဖရင့်ကလင်း၊ နန်းယိင်းဟန်ဖ၊ ဒေါ်သူဇာသန့်နှင့် စိုင်းဝန်းလတ်တို့က ဆောင်ရွက်ကြပြီး ညီလာခံ စည်းမျဉ်းစည်းကမ်း၊ လေ့လာသူများ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းနှင့် အကျိုးဆောင်၏ လုပ်ငန်းလမ်းညွှန်တို့ကို ဖတ်ကြားကြသည်။

 

ထို့နောက် စီးပွားရေးကဏ္ဍဆိုင်ရာ အခြေခံမူနှင့် စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ အစုအဖွဲ့အသီးသီးမှ သဘောထားများ စုစည်းခြင်း၊ ဆုံးဖြတ်ချက်နှင့် မှတ်တမ်းများ ချမှတ်အတည်ပြုခြင်းတို့ကို ဆောင်ရွက်ကြသည်။

လူမှုရေးကဏ္ဍအစည်းအဝေးတွင် အကျိုးဆောင်များအဖြစ် ဦးကျော်ကျော်ဦး၊ ဆလိုင်းအောင်မြင့်နှင့် ဒေါ်အေးစန္ဒာလွင်တို့က ဆောင်ရွက်ကြပြီး ကဏ္ဍအလိုက် ဆွေးနွေးပွဲပုံစံ ရှင်းလင်းတင်ပြခြင်း၊ အကျိုးဆောင်အဖွဲ့ လုပ်ငန်းလမ်းညွှန် ရှင်းလင်းတင်ပြခြင်း၊ လူမှုရေးကဏ္ဍ မူဝါဒများ ရှင်းလင်းတင်ပြခြင်းတို့ကို ဆောင်ရွက်ကြသည်။

 

ယင်းနောက် မူဝါဒ အဆိုပြုလွှာများနှင့် စပ်လျဉ်းသည့် ဆွေးနွေးမှု စုစည်းချက်များကို မှတ်တမ်းတင်ကြသည်။

အလားတူ လုံခြုံရေးကဏ္ဍအစည်းအဝေးတွင် အကျိုးဆောင်များအဖြစ် ဒုတိယ ဗိုလ်မှူးကြီး စောချိုအောင်၊ ဒေါ်ဇက်နန်ရော်၊ စိုင်းအွမ်(ခ) ဦးအောင်မျိုးထွေးနှင့် ဆလိုင်း ဇာကျဲအိုလျန်တို့က ဆောင်ရွက်ကြသည်။

 

ယင်းနောက် ကဏ္ဍအလိုက် ဆွေးနွေးပွဲအတွင်း ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခြင်း၊ အကျိုးဆောင်အဖွဲ့ လုပ်ငန်းလမ်းညွှန်ကို ဖတ်ကြားရှင်းလင်းခြင်း၊ လုံခြုံရေးကဏ္ဍ လုပ်ငန်းကော်မတီ အစည်းအဝေးနှင့် ပတ်သက်၍ မေးမြန်းဖြေကြားခြင်းတို့ကို ဆောင်ရွက်ကြသည်။

ထို့နောက် လာမည့် အလုပ်ရုံ ဆွေးနွေးပွဲအတွက် အကြံပြုချက်များ ရယူရာတွင် အစည်းအဝေး တက်ရောက်ကြသူများက နိုင်ငံတော်ကာကွယ်ရေးကိစ္စရပ်များ၊ လုံခြုံရေးနှင့် ပြန်လည်ပေါင်းစည်းခြင်းဆိုင်ရာ ခေါင်းစဉ်ခွဲများနှင့် ဝေါဟာရအဓိပ္ပါယ် ဖွင့်ဆို ခြင်းတို့ကို ဝိုင်းဝန်းအကြံပြုဆွေးနွေးကြသည်။

ထို့အတူ မြေယာနှင့်သဘာဝပတ်ဝန်းကျင်ကဏ္ဍ အစည်းအဝေးတွင် အကျိုးဆောင်များအဖြစ် ဦးအောင်ကျော်ဇံ၊ ဒေါက်တာလွင်လွင်ဝေ၊ ဆလိုင်းငွန်လျန်ဆန်း၊ ဦးလှိုင်ဘုန်းမြင့်နှင့် ခွန်ကျော်ဆွေတို့က ဆောင်ရွက်ကြပြီး ညီလာခံကိုယ်စားလှယ်များနှင့် လေ့လာသူများ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ဖတ်ကြားခြင်း၊ အကျိုးဆောင်များ၏ လုပ်ငန်းလမ်းညွှန် ဖတ်ကြားခြင်းတို့ကို ဆောင်ရွက်ကြသည်။

ထို့နောက် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီ အစုအဖွဲ့ကိုယ်စားလှယ်များက မူဝါဒအဆိုပြုလွှာများကို အချက် တစ်ချက်ချင်းအပေါ်  အလှည့်ကျ ဆွေးနွေးကြသည်။

ယင်းနောက် မူဝါဒ အဆိုပြုလွှာများနှင့် စပ်လျဉ်းသည့် ဆွေးနွေးမှု စုစည်းချက်များကို မှတ်တမ်းတင်ကြသည်။

ညနေပိုင်းတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အတွင်းရေးမှူးအဖွဲ့ဝင်များက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ တတိယ အစည်းအဝေး ညီလာခံ တတိယနေ့ ကဏ္ဍအလိုက် အစည်းအဝေးများ ကျင်းပခဲ့မှုနှင့် စပ်လျဉ်းသည့် သတင်းစာရှင်းလင်းပွဲကို ကျင်းပသည်။

(သတင်းစဉ်)