ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ တတိယအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် ၁၁ ဇူလိုင်

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - (၂၁) ရာစုပင်လုံ တတိယအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) (MICC – 2) ၌ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးမျိုးညွန့်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့် တပ်မတော်အရာရှိကြီးများ၊ လွှတ်တော်ရေးရာ ကော်မတီ ဥက္ကဋ္ဌများ၊ ဒုတိယဝန်ကြီးများ၊ အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်သား အစုအဖွဲ့မှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ ပါဝင်သင့်ပါဝင်ထိုက်သူ အစုအဖွဲ့မှ ကိုယ်စားလှယ်များ၊ NCA လက်မှတ်ရေး ထိုးထားသည့် ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသား အစည်းအရုံး၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ) (KNU/KNLA)(PC)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ မွန်ပြည်သစ်ပါတီ (NMSP)နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)တို့မှ ကိုယ်စားလှယ်များ၊ မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဖြစ်ကြသည့် 'ဝ' ပြည်သွေး စည်းညီညွတ်ရေးပါတီ၊ 'ဝ' ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSP/UWSA)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် - မိုင်းလားတပ်ဖွဲ့ (NDAA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော်-ကိုးကန့်တပ်ဖွဲ့(MNDAA)၊ ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/ SSA)၊ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရက္ခိုင့်တပ်မတော်(AA)တို့မှ ကိုယ်စားလှယ်များ၊ ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့သော ခေါင်းဆောင်များ၏ မိသားစုဝင်များ၊ Union Peace-making Work Committee (UPWC) မှ လူဟောင်းများနှင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်ရေးကော်မတီဝင်များ၊ နိုင်ငံခြားသံရုံးများမှ သံတမန်များ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပြည်တွင်း၊ ပြည်ပမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ပင်လုံသစ္စာ တေးသရုပ်ဖော် တိုင်းရင်းသားအကဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

 

ထို့နောက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာစကား ပြောကြားသည်။

(နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အဖွင့်အမှာစကားကို http://myanmardigital.news/mm/content/24022 တွင် ဖော်ပြထားပါသည်။)

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားသည်။

(တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အမှာစကားကို http://myanmardigital.news/mm/content/24027  တွင် ဖော်ပြထားပါသည်။)

ဆက်လက်၍ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသာလက်နက်ကိုင် အဖွဲ့အစည်းများကိုယ်စား ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံးဥက္ကဋ္ဌ စောမူတူးစေးဖိုးက အမှာစကားပြောကြားသည်။

(ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံးဥက္ကဋ္ဌ စောမူတူးစေးဖိုး၏ အမှာစကားကို မိန့်ခွန်းများကဏ္ဍတွင် ဖော်ပြထားပါသည်။)

ထို့နောက် ရခိုင်အမျိုးသားပါတီ ဒုတိယဥက္ကဋ္ဌ ဒေါ်အေးနုစိန်က အမှာစကားပြောကြားသည်။

(ရခိုင်အမျိုးသားပါတီ ဒုတိယဥက္ကဋ္ဌ ဒေါ်အေးနုစိန်၏ အမှာစကားကို မိန့်ခွန်းများကဏ္ဍတွင် ဖော်ပြထားပါသည်။)

ယင်းနောက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဆောင်ရွက်မှုဆိုင်ရာ မှတ်တမ်းဗီဒီယိုကို ပြသသည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒုတိယ သမ္မတများ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တာဝန်ရှိသူများသည် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံတမန်များ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် လည်းကောင်း၊ ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့သော ခေါင်းဆောင်များ၏ မိသားစုဝင်များ၊ Union Peace-making Work Committee (UPWC) မှ လူဟောင်းများနှင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကြီးကြပ်ရေး ကော်မတီဝင်များနှင့်လည်းကောင်း၊ NCA လက်မှတ်ရေးထိုးပြီးဖြစ်သော EAOs အစုအဖွဲ့မှ ကိုယ်စားလှယ်များနှင့်လည်းကောင်း၊ ဖိတ်ကြားထားသော EAOs အစုအဖွဲ့မှ ကိုယ်စားလှယ်များနှင့်လည်းကောင်း၊ နိုင်ငံရေးပါတီ အစုအဖွဲ့တွင် ပါဝင်သော ကိုယ်စားလှယ်များနှင့်လည်းကောင်း၊ အစိုးရအစုအဖွဲ့တွင် ပါဝင်သော ပြည်ထောင်စုဝန်ကြီးများနှင့် ဗဟိုရုံးဥက္ကဋ္ဌများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌများနှင့်လည်းကောင်း၊ လွှတ်တော်အစုအဖွဲ့တွင် ပါဝင်သော UPDJC အဖွဲ့ဝင်များ၊ လွှတ်တော်ကော်မတီဥက္ကဋ္ဌများ၊ ညီလာခံ ကိုယ်စားလှယ်များနှင့်လည်းကောင်း၊ တပ်မတော်အစုအဖွဲ့တွင် ပါဝင်သော တပ်မတော် အဆင့်မြင့်အရာရှိကြီးများ၊ ညီလာခံကိုယ်စားလှယ်များ၊ JMC-U အဖွဲ့ဝင်များနှင့်လည်းကောင်း၊ ပါဝင်သင့် ပါဝင်ထိုက်သူများ အစုအဖွဲ့ဝင်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များ အစုအဖွဲ့ဝင်များနှင့်လည်းကောင်း၊ အစိုးရမဟုတ်သော ပြည်တွင်းအဖွဲ့အစည်း(NGOs) များနှင့်လည်းကောင်း စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

(သတင်းစဉ်)