ထားဝယ် စက်တင်ဘာ ၂၃

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်းသည် ယမန်နေ့က တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တွေ့ဆုံ၍ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပရေးအတွက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့သည်။

ယင်းနောက် ကော်မရှင်အဖွဲ့ဝင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဧည့်ရိပ်သာခန်းမ၌ တိုင်းဒေသကြီးနှင့် ခရိုင်အတွင်းရှိ မြို့နယ်များမှ ရွေးကောက်ပွဲ ကော်မရှင်ရုံး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ရွေးကောက်ပွဲ လုပ်ငန်းများနှင့် စပ်လျဉ်းပြီး တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း မှာကြားသည်။

ယနေ့နံနက်ပိုင်းတွင် ကော်မရှင် အဖွဲ့ဝင်နှင့် တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတို့၏ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ထားဝယ်မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဧည့်ရိပ်သာခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ကော်မရှင်အဖွဲ့ဝင် ဦးသန်းထွတ်သိန်းက ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်နေသည့် ဌာနဆိုင်ရာများ အနေဖြင့် နယ်မြေဒေသ အခြေအနေအပေါ် မူတည်၍ လုပ်ကိုင်ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးသည် သက်ဆိုင်ရာအစိုးရအဖွဲ့၊ ဝန်ကြီးဌာနများက ပူးပေါင်း ဆောင်ရွက်မှသာ အောင်မြင်မည် ဖြစ်ကြောင်း၊ တက်ရောက်လာသူများအနေဖြင့် လုပ်ကိုင်ဆောင်ရွက်သည့်အခါတွင် အားသာချက်၊ အားနည်းချက်အပေါ် မူတည်၍ ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး မြန်မာအီလက်ထရောနစ် မဲပေးစက်များ ကြီးကြပ်ထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်လှိုင်က တိုင်းဒေသကြီးအတွင်း ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်း ဆွေးနွေးပြောကြားပြီး တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထိန်လင်းဦး က ဆောင်ရွက်လျက်ရှိသည့် ရွေးကောက်ပွဲ လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တက်ရောက်လာသော တိုင်းဒေသကြီး ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက ဖြည့်စွက်ဆွေးနွေး ပြောကြားကာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်က လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)